ဆန္ဒ

လူတိုင်းလူတိုင်းရဲ့ရင်ထဲမှာ

သိတတ်စအရွယ်ကတည်းက

တစ်နေ့နေ့ငါအရွယ်ရောက်လာရင်ဆိုတဲ့

ဆန္ဒလေးတွေ ရှိနေတတ်ကြပါတယ်။

သူမမှာလည်း ရှိခဲ့တာပေါ့။

အခုထိလည်းဆက်လက်ပြီးရှိနေဆဲပါပဲ။

အဲ့ဒီဆန္ဒလေးတွေကဘာလည်းဆိုတော့....

Monday, May 25, 2009

လွမ်းသုရင် ဟုလည်းခေါ်ပါသည်

လွမ်းသုရင်... လွမ်းနေတတ်သူ တစ်ယောက်ရဲ့ ရင်ထဲက ခံစားချက်တွေကို သိစေချင်တဲ့ ဆန္ဒတစ်ခုတည်းနဲ့ အသုံးပြုဖြစ်ခဲ့တဲ့ ကလောင်နာမည်လေး...

ငယ်ငယ်တုန်းကတော့ အတန်းထဲမှာ စာစီစာကုံး အရေးကောင်းတယ်လို့ ဆရာ၊ဆရာမတွေက ပြောကြတယ်။ ကျွန်မက စကားပြောတဲ့နေရာမှာတော့ မကျွမ်းကျင်ခဲ့ဘူး။ ဒါပေမယ့် ဘာအကြောင်းအရာကိုမဆို စာပိုဒ်တစ်ခုအနေနဲ့ ရေးခိုင်းရင်တော့ စိတ်တိုင်းကျ စီကာပတ်ကုံး ရေးလေ့ရှိတယ်။ တဖြည်းဖြည်းနဲ့ အထက်တန်းကျောင်းသူဘ၀ကို ရောက်လာတော့ ကျွန်မရဲ့ အားသာချက်တစ်ခုက ကျက်စာထက် ကိုယ်တိုင်စာစီပြီးရေးလို့ရတဲ့ ဘာသာရပ်မျိုးမှာ ပိုပြီး စိတ်ဝင်စားခဲ့တယ်။ ဘောဂဗေဒလို ၏သည်မလွဲ ကျက်ရတဲ့ ဘာသာရပ်ထက် နားလည်အောင်ဖတ်ပြီး ကိုယ့်စာကြောင်းနဲ့ကိုယ် ပြန်ပြီးတင်ပြရေးသားလို့ရတဲ့ မြန်မာစာ စကားပြေ၊ ကဗျာ၊ ဘာသာရပ်တွေမှာ ပိုပြီး အာရုံစူးစိုက်မှု ပြင်းထန်ခဲ့တယ်။ စာစီစာကုံး ရေးအားလည်း ကောင်းခဲ့တယ်။

ကျွန်မရဲ့ စရိုက်ကိုက ဘောပင်တစ်ချောင်း၊ စာတစ်အုပ်နဲ့ အလုပ်လုပ်နေတာကိုပဲ နှစ်သက်တယ်ထင်ပါရဲ့။ မြန်မာစာမှာ စာစီစာကုံး ရေးနေရတာကို နှစ်သက်သလို အမြဲတွက်နေရတဲ့
သင်္ချာဘာသာကိုလည်း မွေ့လျော်ပြန်တယ်။ ပုံလေးတွေ ဆွဲနေရတဲ့ ဇီဝဗေဒဘာသာရပ်မျိုးကို စိတ်ဝင်စားနေတတ်တယ်။ ဒါကြောင့်ပဲလားတော့ မပြောတတ်ပါဘူး။ တက္ကသိုလ်ဝင်တန်း အောင်တော့ မြန်မာစာနဲ့ သိပ္ပံဘာသာရပ် ဂုဏ်ထူးနဲ့ အောင်ခဲ့တယ်။ အားအခဲထားခဲ့ဆုံး သင်္ချာဘာသာကတော့ ဂုဏ်ထူးမပါခဲ့ဘူး။

ဒီလိုနဲ့ တဇွတ်ထိုးသမား ကျွန်မရွေးချယ်ခဲ့တဲ့ လမ်းက အစိုးရနည်းပညာကောလိပ်၊ မြို့ပြအင်ဂျင်နီယာ ဘာသာရပ်...။ T-Square တစ်ခု၊ ခဲတံတစ်ချောင်း၊ စာရွက်တစ်ရွက်နဲ့ အိမ်ပုံစံလေးတွေကို စိတ်ဝင်တစ်စား ရေးဆွဲခဲ့တယ်။ ဂဏာန်းပေါင်းစက်တစ်ခု၊ အိမ်ပုံစံတစ်ခုနဲ့ အိမ်တစ်လုံးရဲ့ ခန့ှ်မှန်းချေ ကုန်ကျစရိတ်တွေကို တိတိကျကျ တွက်ချက်ခဲ့တယ်။ သစ်တွေ၊ သံမဏိတွေရဲ့ သဘာဝတွေ၊ သတ္တိတွေ၊ ခံနိုင်အားတွေကို တွက်ချက်ခဲ့တယ်။ ဘာပဲဖြစ်ဖြစ် အင်ဂျင်နီယာတစ်ယောက်ဆိုတဲ့ ဘ၀ကို မြတ်မြတ်နိုးနိုး ခံယူချင်ခဲ့တယ်။ အုတ်တွေ၊ သဲတွေနဲ့ လက်တွေ့လုပ်ရခြင်းကို ပျော်ပိုက်ခဲ့တယ်။ နေပူမိုးရွာမရှောင် ကျောင်းဝင်းထဲမှာ မြေတိုင်းဆင်းရတဲ့ အချိန်တွေကို ဂုဏ်ယူခဲ့တယ်။

အဲ့ဒီအချိန်မှာ ကျွန်မရဲ့ အပြင်းထန်ဆုံး ဆန္ဒက နည်းပညာဘွဲ့ကိုရယူဖို့။ မြို့ပြဘာသာရပ်ကို ရေဆုံး မြေဆုံးလေ့လာဖို့။ တစ်နေ့မှာ နည်းပညာတက္ကသိုလ်က မွေးထုတ်လိုက်တဲ့ အင်ဂျင်နီယာကျောင်းသားတွေကို ဘွဲ့အပ်နှင်းရတဲ့ ပါမောက္ခချုပ်...။

ဂျီတီအိုင် ကျောင်းသူဘ၀မှာ ကျွန်မရဲ့ စိတ်ကူးတွေ၊ ရင်ခုန်သံတွေ ကနေဖြစ်တည်လာတာက ကဗျာလေးတွေ။ စိတ်ကူးပေါက်ရာလေးတွေကို ဘောပင်လေးနဲ့ ချရေးလိုက်တော့ ကာရံလေးတွေ စီစီရီရီကျလို့ ကဗျာလေးတွေ စာရွက်ပေါ်မှာ ဖြစ်လာခဲ့တယ်။ ကျွန်မ အဲ့ဒီလို လျှောက်ရေးတတ်တာကို သိတဲ့ ၀ါသနာတူ သူငယ်ချင်းသက်ပိုင်သူ၊ မြရေလျဉ်တို့ စုပြီး ကဗျာစာအုပ်လေးလုပ်ကြတဲ့အခါ အတင်းခေါ်ပြီး ကဗျာရေးခိုင်းတာနဲ့ ကလောင်နံမယ်လေးတစ်ခု ရွေးဖြစ်ခဲ့တယ်။ ကျွန်မရဲ့ ကဗျာလေးတွေက အလွမ်းကဗျာလေးတွေ များခဲ့တော့ လွမ်းနေတတ်သူ တစ်ယောက်ရဲ့ ရင်ထဲက ခံစားချက်တွေကို သိစေချင်တဲ့ ဆန္ဒတစ်ခုတည်းနဲ့ 'လွမ်းသုရင်' ရယ်လို့ဖြစ်လာခဲ့တယ်။

ကံကြမ္မာက အကြောင်းမပါလေတော့ အခုအချိန်မှာ ကျွန်မတစ်ယောက် ပါမောက္ခချုပ် ဖြစ်ခွင့်မရတော့ဘဲ စင်ကာပူဆိုတဲ့ နေရာကိုရောက်ခဲ့တယ်။ ကျွန်မမြတ်နိုးတဲ့ မြို့ပြအင်ဂျင်နီယာတစ်ယောက်အဖြစ် ရပ်တည်ခဲ့တယ်။ ပညာလောဘကြီးရာကနေ၊ အခြေအနေအရ စီးပွားရေး သောင်းကျန်းရတော့တယ်။ အင်တာနက်တွေ လိုသလိုအသုံးပြုလို့ ရနေလေတော့ ဘလော့ခ်တွေ ခေတ်စားလာတဲ့အခါ ကျွန်မအကြောင်းကိုသိတဲ့ သူငယ်ချင်းတွေက စာရေးဖို့ တိုက်တွန်းခဲ့တယ်။

ဘလော့ခ်ရေးဖို့ စဉ်းစားတုန်းကတော့ "လွမ်းသုရင်" လို့ပေးမလို့ပါ။ ဒါပေမယ့် အဲ့ဒီအချိန်မှာ အစ်ကို စိုးမိုးက "အစိမ်းရောင် မိန်းကလေး" ကိုဖန်ဆင်းပေးခဲ့ပြီးပြီ ဖြစ်နေတော့ ရစ်တွယ်မိသော မောင်နှမသံယောဇဉ်ကြောင့် အစိမ်းရောင် မိန်းကလေးဖြစ်လာအောင် ကြိုးစားခဲ့မိပါတယ်။ အစိမ်းရောင် မိန်းကလေးအဖြစ် သိလာခဲ့ပြီးမှ တစ်ချိန်က ထားခဲ့ဖူးတဲ့ ဆန္ဒလေးတစ်ခုကို အကောင်အထည်ဖော်ဖို့ လွမ်းသုရင်ကိုပြန်လည် အသက်သွင်းခဲ့ပါတယ်။ အဲ့ဒီဆန္ဒလေးက ဘာလဲဆိုတော့ တစ်နေ့နေ့မှာ စာပေလောကနဲ့များ ဆက်စပ်မိခဲ့ရင် ဒီနာမည်လေးပဲ ဆက်ယူသွားဖို့ပါပဲ။ တကယ်တော့ "အစိမ်းရောင်မိန်းကလေး"ဆိုတာ ဘလော့ခ်စာမျက်နှာပေါ်ကို အရင်ရောက်ခဲ့ပေမယ့် ကျွန်မရဲ့ကလောင်ဦးဟာ "လွမ်းသုရင်" ပါ။

အစိမ်းရောင်မိန်းကလေး အဖြစ် ရင်းနှီးတဲ့သူတွေကတော့ "စိမ်း" ဆိုတဲ့စာလုံးပါတဲ့ နာမည်အမျိုးမျိုးကို ခေါ်တတ်ကြပါတယ်။

မောင်လေး၊ ညီမလေးတွေကတော့ မမစိမ်း လို့ခေါ်တာများတယ်။ီကတော့ မမဂွင်းဂဲလ် တဲ့။ တီချယ်ကတော့ စိမ်း လို့ခေါ်တယ်။ ကိုရင်နော်နဲ့ မမခင်လေးကခေါ်တော့ စိမ်းစိမ်းကိုမိုးမောင်ကတော့ မစိမ်းမေ ဆိုပဲ။ သက်ပိုင်သူက စိမ်းတိမ်းတိမ်းလို့ ခေါ်ပြန်တယ်။ ကိုနေလင်းကတော့ မဂရင်း တဲ့။ မြရေလျဉ်တို့၊ ဖိုးသင်္ကြန်တို့ကတော့ ခေါ်နေကြအတိုင်း မလဲ့ ပေါ့လေ။ အစ်ကို ကိုမိုးမြင့်တိမ်ကတော့ လွန်ခဲ့တဲ့ ခြောက်နှစ်ကတည်းကအတိုင်း ညီမလေး လို့ပဲခေါ်တယ်။ ကိုရှင်ရဲထွတ် နဲ့ ကိုရင်နော်က တစ်ခါတစ်ခါ သုသု လို့ခေါ်ပါတယ်ရှင်။

ဘယ်လိုပဲခေါ်ခေါ်ပါ။ နာမည်နှစ်ခုလုံးဟာ ကျွန်မနှစ်သက်မြတ်နိုးတာပဲမို့လို့ ကျေနပ်ပါတယ်။ ဒီပို့စ်လေးအတွက် မမ မနော်ဟရီကိုလည်း ကျေးဇူးပါနော်။

စာကြွင်း။ ။ ဘလော့ခ်စလုပ်ကာစက အစိမ်းရောင်မိန်းကလေး ဆိုတာကို မေးတဲ့သူတွေ ရှိတာကြောင့် အဲ့ဒီနာမည်အတွက် ပို့စ်တစ်ခု ရေးခဲ့ဖူးပါတယ်။ ဒါကြောင့်လည်း ဒီတက်ဂ်ဂိမ်း ဖြစ်လာတဲ့အခါ ကျွန်မကိုများ တက်ဂ်ခဲ့ရင် အသစ်ရေးစရာမလိုတော့ဘူးလို့ ထင်ထားခဲ့တာ။ ဒါပေမယ့် မမ မနော်ဟရီက လွမ်းသုရင် ဆိုတဲ့နာမည်နဲ့ သတိတရ တက်ဂ်လာတဲ့အတွက် လွမ်းသုရင်ဘလော့ခ်အစမှာ ရေးထားဖူးတာကို အနည်းငယ်ပြုပြင်ဖြည့်စွက်ပြီး ပြန်ရေးလိုက်တာပါ။

5 comments:

MANORHARY said...

လွမ်းသုရင် ဆိုတဲ့နာမည်လေးက လှပေမယ့်
ခေါ်လို့ကောင်းဘူး အလွမ်းငွေ့တွေသန်းနေလို့
စိမ်း ဆိုတာကတော့ အမငယ်ငယ်တည်းက
သဘောကျခဲ့တဲ့စကားလုံးပဲ
ကဲ
ဘယ်လိုခေါ်ရမလဲ စိမ်းရေ..း)

Moe Myint Tane said...

လွမ်းသုရင်နဲ့ လွမ်းသူ့ရင် ဘယ်သူအရင်လဲကွ။ ဟဲ ဟဲ။
စတာပါညီမလေးရေ။ လွမ်းသုရင်ဖြစ်လာပုံလေးကို ဖတ်သွားပါတယ်။ လွတ်ငြိမ်းခွင့် ပေးလိုက်တဲ့အတွက်လည်း ကျေးဇူးကမ္ဘာပါ ညီမလေးရေ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

antminnyo said...

civil နဲ့ပြီးတာလား...။ ကျွန်တော်လည်း GTC စလျောက်တော့ choice အကုန်လုံးမြို့ပြအင်ဂျင်နီယာ
လို့ ရေးခဲ့ဖူးတယ်ဗျ..။ မရခဲ့ပါဘူး..။ ဒါပေမယ့် drawing စသင်တဲ့အချိန်မှာ civil မရတာကံကောင်းတယ်လို့သိလိုက်ရတယ်။ ဘာလို့လဲဆိုတော့ hidden line တွေကိုကျွန်တော် ဘယ်လိုမှ မခန့်မှန်းတတ်ဘူးဗျ။ :-D

သက်ပိုင်သူ said...

ဟားဟား....
အခုမှ လောက်တက်ရင်သမိုင်း ဖတ်ရတော့တယ်။

by the way... antminnyo ရေ..
မိန်းမဆိုတာ Hidden Line နဲ့ တူတယ်ဗျ... မခန့်မှန်းတတ်ရင် မိန်းမ ယူဖို့ မစဉ်းစားနဲ့
ငှဲ... ငှဲ

khaingzm said...

ဟီးဟီး..သက်ပိုင်သူက နံမည်ပေးတော်တယ်..