ဆန္ဒ

လူတိုင်းလူတိုင်းရဲ့ရင်ထဲမှာ

သိတတ်စအရွယ်ကတည်းက

တစ်နေ့နေ့ငါအရွယ်ရောက်လာရင်ဆိုတဲ့

ဆန္ဒလေးတွေ ရှိနေတတ်ကြပါတယ်။

သူမမှာလည်း ရှိခဲ့တာပေါ့။

အခုထိလည်းဆက်လက်ပြီးရှိနေဆဲပါပဲ။

အဲ့ဒီဆန္ဒလေးတွေကဘာလည်းဆိုတော့....

Sunday, February 15, 2009

ပန်းသီးပေါ် နားတဲ့လိပ်ပြာ

အခန်း ( ၁ )

ဘယ်တော့မှ မနက်စောစော အိပ်ရာကမနိုးတတ်တဲ့သူမ... ဒီနေ့တော့ စောစောစီးစီး မျက်လုံးတစ်စုံက ပြန်မှိတ်လို့မရအောင်ကို လန်းဆန်းနေသည်။ တွေ့ရခဲ့သော နံနက်ခင်း၏ အလှကို မြင်လိုစိတ်နဲ့ အိပ်ရာမှာထဲမှာ ကြိုးစားပြီး အိပ်မနေတော့ဘဲ မျက်နှာထသစ်ပြီး အိမ်ရှေ့ဝရန်တာသို့ ထွက်ကြည့်မိ၏။

သစ်လွင်နေသော နံနက်ခင်းလေပြေက သူမမျက်နှာနုနုလေးကို ကျီစယ်သွားသည်။ ပိတ်ရက်မို့ထင်သည်။ လမ်းသွားလမ်းလာက အနည်းငယ်ရှင်းလင်းနေ၏။ ဒီလိုနံနက်ခင်းမျိုး သူမ မရခဲ့တာ ကြာလှပြီပေါ့။ တော်တော်ကို ကြာခဲ့ပါပြီ။ သူမ ဘ၀ထဲမှာ လိပ်ပြာလေးတစ်ကောင် မရှိတော့ကတည်းကလို့ပဲ ဆိုပါတော့လေ...။

........................

အခန်း ( ၂ )

"ဟိတ်... အိပ်ရာက မနိုးသေးဘူးလား။ ထတော့နော်"

စောစောစီးစီး ထမြည်တတ်တဲ့ ဖုန်းမက်ဆေ့ခ်ျသံကြောင့် အခန်းဖော်ကို အားနာမိပေမယ့် ဒီအသံမှ မကြားရရင် သူမ အိပ်ရာကနိုးမည်မထင်။ ကြာလာတော့လည်း အခန်းဖော်က အသားကျလို့ နေပြီထင်သည်။

"အင်း...နိုးပြီနော်။ အခုလာခဲ့မယ်"

အိပ်ချင်မူးတူးနဲ့ မက်ဆေ့ခ်ျလေးတစ်စောင် ပြန်ပို့ပြီး မပွင့်တစ်ပွင့် မျက်လုံးတစ်စုံကို လက်ဖမိုးဖြင့် ပွတ်လိုက်ကာ အိပ်ရာမှ ထထိုင်လိုက်၏။ မျက်လုံးမပွင့်သော်လည်း အကျင့်ရနေသော လက်ချောင်းတို့က ကွန်ပျူတာ ပါဝါခလုတ်ကို နေရာအတိအကျ မှတ်မိနေကြပြီ။ သူမအတွက် အခန်းမီးအလင်းရောင်လည်း မလိုအပ်။ နေရောင်ခြည်လည်း မလိုအပ်။ လက်ချောင်းများက ပါဝါနေရာကို မှတ်မိနေရန်သာ လိုအပ်သည်။ ခဏကြာတော့ ၀င်းဒိုးတက်လာပြီး Screen တစ်ခုလုံး သဲသဲကွဲကွဲ မြင်လာရသည်။

" ဘာလုပ်နေတာလဲကွာ။ ကြာတယ်"

နောက်ထပ် ဖုန်းမက်ဆေ့ခ်ျလေးတစ်ခု ရောက်လို့လာပြန်ပြီ။ သူမ မျက်လုံးလေးတွေ ပြုံးရောင်သန်းသွား၏။

"ကွန်ပျူတာ ဖွင့်နေတယ်လေ။ ခဏလေးနော်။"

မက်ဆေ့ခ်ျပို့အပြီးမှာပဲ သူမရဲ့ လက်ချောင်းလေးတွေက ပွိုင့်တာကို ဂျီတော့ အိုင်ကွန်လေးပေါ်သို့ ရွေ့လျားသွားပြီး နှစ်ချက်ဆက်တိုင် ကလစ်လုပ်လိုက်သည်။ ဒီလိုမနက်စောစောအချိန်တွေမှာ ဘယ်သူကများ သူမကို စကားပြောဖို့ ရှိနေမှာတဲ့လဲ။ ထိပ်ဆုံးက မီးစိမ်းလေးကို ပွိုင့်တာထောက်လိုက်တော့ ပန်းသီးပေါ်မှာ လိပ်ပြာလေးတစ်ကောင်... သူမ နှုတ်ခမ်းပါးလေးတွေက ကွေးညွှတ်လို့...။

Butterflyး ဟိုင်း... ဂွတ်မောနင်းပါ ချစ်သူ

ချက်ဘောက်စ်လေးကနေ စာတန်းလေးတစ်ကြောင်း တက်လာသည်။

Appleး ဂွတ်နိုက်ပါ... မောင်

ကမ္ဘာတစ်ခြမ်းစီမှာ ရှိနေပေမယ့် ရင်ခုန်သံခြင်းထပ်တူကျနေတာကို ဘယ်သူကလာပြီး တားမြစ်လို့ ရနိုင်မှာတဲ့လဲ။ ကမ္ဘာဦးကတည်းက အချစ်မှာ မျက်စိမရှိခဲ့ဖူးလေ။

Butterflyး ပျော်ရွှင်ဖွယ်ရာ နေ့လေးတစ်နေ့ ဖြစ်ပါစေနော်။ ရူးအောင် ချစ်တယ်...

နောက်ထပ် စာကြောင်းလေးတစ်ခု ထပ်ရောက်လာပြန်ပြီ။ အသက်မရှိပေမယ့် အသက်ရှိနေတဲ့ သူတစ်ယောက် ရိုက်လိုက်တဲ့ ဒီစာလုံးလေးတွေကို သူမစွဲလန်းမိသည်။ ပိတ်ရက်တွေမှာ တစ်ယောက်တစ်လှည့် အိပ်ပျက်ခံလို့ ပြောဖြစ်ခဲ့ကြတဲ့ စကားသံလေးတွေကို သူမမြတ်နိုးသည်။ Webcam ထဲမှ လှုပ်ရှားပြုမူပုံတွေကို သူမ ရိုးမသွားအောင် ချစ်သည်။ မနက်ခင်းတိုင်း မှန်မှန်နှိုးတတ်တဲ့ မက်ဆေ့ခ်ျလေးတွေကို သူမမက်မောမိနေသည်။ ကမ္ဘာတစ်ခြမ်းမှာနေ့ ကမ္ဘာတစ်ခြမ်းမှာည...ဒါပေမယ့် သူမအတွက်တော့ သူကနေ့ဆိုလျှင်နေ့၊ သူကညဆိုလျှင်လည်း ညပဲပေါ့။

Appleး ကောင်းကောင်းအိပ်ပျော်ပါစေ။ ကျောင်းချိန်မတိုင်ခင် နာရီဝက်နေရင် နှိုးလိုက်မယ်နော်

မနက်တိုင်း အချိန်မှန်မှန် နှိုးတတ်တဲ့ သူမရဲ့ နှိုးစက်အတွက် နေ့လည် ဆယ့်နှစ်နာရီခွဲတိုင်း သူမကိုယ်တိုင် နှိုးစက်ပြန်ဖြစ်ရသည်။ သို့သော်လည်း နှိုးစက်တာဝန်အတွက် သူမပျော်ပါသည်။ သူလည်း ပျော်နေလိမ့်မည် ထင်သည်။

Butterflyး ကေကေ... ဒါဆိုအိပ်ပြီနော်။ ပြီးရင် မျက်နှာသစ်။ မနက်စာစား။ ရုံးသွားရင် မက်ဆေ့ခ်ျပို့ခဲ့ဦး

အနားမှာ မရှိပေမယ့် အနားမှာရှိသလို ထောင့်စေ့အောင် ဂရုစိုက်တတ်တဲ့ သူ...။ စာလုံးတိုင်းမှာသာ အချစ်တွေပါရင် သူမရဲ့ တစ်ကိုယ်လုံး သူ့ကိုချစ်တဲ့အချစ်တွေချည်းပဲပေါ့...။

Appleး ဟုတ်... ဒါဆို အိပ်တော့နော်။ အောက်တော့။

Butterflyး အိုကေ

အော့်ဖ်လိုင်း ဖြစ်သွားတဲ့ ပန်းသီးပေါ်က လိပ်ပြာလေးကို ကြည့်ရင်း သူမတစ်ယောက် လှပသော နေ့ရက်တစ်ခုအတွက် အားယူလိုက်သည်။ သူမအနားမှာ ပန်းသီးပေါ်က လိပ်ပြာလေး ရှိနေမှဖြစ်မည်။ သည်လိပ်ပြာလေးက သူမအတွက် ပြည့်စုံခြင်းတွေကို ဆောင်ကျဉ်းခဲ့ပြီလေ။

"လိပ်ပြာလေးရယ်... မင်းပျံသန်းသွားမယ့်နေ့ကို ကိုယ်ရင်မဆိုင်ရဲပါဘူး..."

လိပ်ပြာဆိုတာ ပန်းပွင့်လေးတွေပေါ်မှာပဲ နားတတ်တာ သဘာဝလေ။ ဒါပေမယ့် သူမရဲ့ လိပ်ပြာလေးကတော့ ပန်းသီးလေးပေါ်မှာ နားတယ်တဲ့။ ဘာလို့လဲဆိုတော့ ပန်းသီးနီနီ ဆိုတဲ့ ဂျီတော့ပိုင်ရှင် ကောင်မလေးကို ချစ်ခဲ့မိလို့တဲ့လေ။ သူ့ရဲ့ စိတ်ကူးယဉ်လိုလို ကဗျာဆန်ဆန် အတွေးတွေထဲမှ သူမကတော့ မျက်လုံးလေး အ၀ိုင်းသားနဲ့ နားထောင်ခဲ့ရသည်။ သူမကရော... ပန်းသီးပေါ်မှာ နားတဲ့ လိပ်ပြာလေးတစ်ကောင်ကို နှစ်သက်မြတ်နိုးခဲ့သည်ပဲ မဟုတ်လား။ တစ်နေ့တစ်နေ့ ဂျီတော့ဖွင်တဲ့အချိန်မှာ သူမအမြင်ချင်ဆုံးအရာဟာ ပန်းသီးပေါ်က လိပ်ပြာလေး တစ်ကောင်ဟု ပြောရင် သူမငြင်းမိမည် မထင်ပါ။

.....................

အခန်း ( ၃ )

ငှက်တို့ရဲ့သဘောက အတောင်စုံရင် ပျံတယ်တဲ့။ ဒါဆိုရင် လိပ်ပြာလေးတွေကရော... ၀တ်မှုံဝရင် ပျံကြမှာပေါ့။ ၀တ်မှုံလေးတွေကြိုက်တဲ့ လိပ်ပြာလေးတွေက ပန်းသီးတစ်လုံးပေါ်မှာ ဘယ်လောက်ကြာကြာ နားနေနှိုင်မှာတဲ့လဲ။ ပန်းပွင့်လှလှလေးတွေ တွေ့တဲ့အခါ ကူးကာသန်းကာ ၀ဲပျံသွားကြတယ်ဆိုတာ လိပ်ပြာလေးတွေရဲ့ အမှားတော့လည်း မဟုတ်ပါဘူးနော်။

ရောင်စုံပန်းလှလှလေးတွေ ကြားထဲမှာ ပျော်ရွင်နေပါစေလို့ ဆုတောင်းပေးနေပါတယ် လိပ်ပြာလေးရယ်...

သူမရဲ့ နံနက်စောစော နှိုးစက်ကလေး ရပ်ဆိုင်းသွားခဲ့တာ တစ်နှစ်နီးပါးကြာခဲ့ပြီ။ သူမလည်း မေးလ်အသုံးပြုဖို့ကလွဲရင် ဂျီတော့ဆိုတာကို အထိအတွေ့မရှိတော့တာ ကြာခဲ့ပြီပေါ့။ မသိစိတ်ရဲ့ လှုံ့ဆော်မှုတစ်ခုက လက်ချောင်းလေးတွေကို ပါဝါခလုတ်ဆီကို တွန်းပို့သွားပြန်ပြီလေ။ အခုမှ မနက် ၁၀း၀၀။ ဒီအချိန် ဘယ်သူတွေ ဂျီတော့မှာ ရှိနိုင်မှာ မိုလို့လဲ။ သူမမသိခဲ့တာ တကယ်ကို ကြာခဲ့ပါပြီလေ။

အလေ့အကျင့်မရှိတော့သော လက်ချောင်းတို့က အယောင်ယောင်အမှားမှားဖြင့် ဘယ်အရာကိုဖွင့်လို့ ဖွင့်ရမှန်းမသိတော့အောင် သူစိမ်းဆန်နေကြသည်။ Desktop ပေါ်က ဂျီတော့ဆိုသည့် အိုင်ကွန်လေးကို မရဲတရဲဖွင့်ကာ Scroll Bar လေးကို ပေါ်အောက်အသာလိမ့်ကြည့်မိ၏။

ပန်းသီးပေါ်ကနေ အဝေးကိုပျံသန်းခဲ့တဲ့ လိပ်ပြာလေးတစ်ကောင်... သူမ ဆွံ့အစွာ ငေးငိုင်နေမိသည်။ တမ်းတစိတ်ဖြင့် မျှော်လင့်မိသော်လည်း ပြန်လည်တွေ့ရလိမ့်မည်ဟုတော့ ဘယ်တုန်းကမှ သူမ မထင်မှတ်ခဲ့။

Butterflyး ဟိုင်း.... နေကောင်းလား။ မတွေ့တာတောင် ကြာပြီနော်

တုန် တုန် ဆိုတဲ့ အသံကလေးနဲ့ သူမမျက်စိရှေ့ကို တက်လာကြတဲ့ စာလုံးလေးတွေက ဟိုးအရင်ကလို နွေးထွေးမှုတွေမရှိတော့။ သူမ ဘာပြန်ပြောရမည်လဲဟု တွေဝေနေမိသည်။ ပြန်နှုတ်ဆက်ရမည်လား။ မသိသလိုနေသည်က ကောင်းမည်လား။ ချီတုံချတုံဖြင့်... နောက်ဆုံးတော့လည်း သံယောဇဉ်က သူမ၏စိတ်ကို အနိုင်ယူသွားကြသည်။

Appleး ဟုတ်ကဲ့ နေကောင်းပါတယ်။

စာရိုက်သံလေးတွေ တင်္ဒဂ တိတ်ဆိတ်လို့သွားရပြန်သည်။

Butterflyး အလုပ်များနေတာလား

Appleး မဟုတ်ပါဘူး... နင်ရော အခုဘာမှာလဲ။

သိချင်လွန်းသည် မဟုတ်သော်လည်း စကားရှာကာ မေးမိသည်။

Butterflyး ဟား ဟား... ငါက မြန်မာပြည်ပြန်ရောက်နေပြီလေ။ တစ်ခါတစ်ခါတော့လည်း အရင်တုန်းက နေရာလေးတွေကို လွမ်းမိသား။ နင်ရော ပြန်မလာတော့ဘူးလား။ ဘယ်တော့ ပြန်လာမှာလဲ။

Appleး သြော်... မပြောတတ်သေးပါဘူး...

အရင်တုန်းက နေရာလေးကို လွမ်းသတဲ့လား။ လွမ်းဖော်ရတဲ့အတွက် ကျေးဇူးတင်ရပါတယ် လိပ်ပြာလေးရယ်။ ငိုချင်သလိုလို၊ ပျော်သလိုလို သူမရဲ့စိတ်တို့က မငြိမ်သက်။ သူမဘာလို့ ဒီနေ့မှ ဂျီတော့ဆိုတဲ့ အရာကို သတိရမိပါသလဲ။ အိပ်ပျော်နေသော နှလုံးသားတစ်ခုကို ဘာကြောင့် ပုတ်ခတ်လှုပ်နှိုးမိပါသလဲ။ သူမ မခံစားချင်တော့။ တစ်ခါတစ်လေမှာ ဘာမှမသိတာက သိတာထက် ပိုကောင်းသည်တဲ့။ ရာနှုန်းပြည့် မှန်ကန်ကြောင်း သူမနားလည်လိုက်သည်။

Appleး အောက်တော့မယ်နော်။ နောက်ကြုံရင်တော့ တွေ့မှာပေါ့။ တာ့တာ

Butterflyး အောက်တော့မလို့လား။ ကေကေ..ဘိုင်...

ပန်းသီးပေါ်က လိပ်ပြာလေးတစ်ကောင်ကို သေသေချာချာ ကြည့်လိုက်ပြီး Right Click ထောက်ကာ Save as my picture ဆိုသော စာတန်းလေးကို ရွေးလိုက်မိသည်။ စိတ်တိုင်းကျ ပြုမူပြီးသည်နှင့် ဂျီတော့ကို တစ်ခါတည်း အောက်လိုက်မိသလို ကွန်ပျူတာကိုပါ ပိတ်လိုက်မိသည်။ ရင်ဘတ်ထဲမှာတော့ ဟင်းလင်းပြင်တစ်ခုသာ ကျန်ရစ်ခဲ့သည်။

သူမ၏အသိမှာတော့ လိပ်ပြာလေးတစ်ကောင် ပန်းသီးပေါ်တွင် ထာဝရနားနေတော့မည်လေ။


.....................................

လွမ်းသုရင်
၁၅ ဖေဖော်ဝါရီ ၂၀၀၉

ပုံကို Forward Mail မှရယူပါသည်။

17 comments:

Anonymous said...

မလွမ်းသုရင်ရဲ့ ဝတ္ထု ထဲက ဇာတ်ဆောင်တွေနဲ့ခိုင်းနှိုင်းရရင် ကျွန်တော်က နားခိုစရာ ပန်းသီးလေးမရှိတော့တဲ့လိပ်ပြာတစ်ကောင်ပေါ့...။ ကျေးဇူးအများကြီးတင်ပါတယ်...။ ကျွန်တော့ ခံစားချက်တွေနဲ့အရမ်းတိုက်ဆိုင်နေတဲ့အတွက်...။

လင်းဦး(စိတ်ပညာ) said...

တော်တော်ဆိုးတဲ့ လိပ်ပြာ.... ဒီအဖြစ်ပျက်တွေကတော့ အွန်လိုင်းမှာ ဖြစ်နေကျ ဖြစ်နေပြီ.. ဆိုးပါ့

Unknown said...

စိမ်းစိမ်းဆီကနေ တဆင့်ရောက်ပါတယ်ခင်ဗျာ...။ အရေးအသား အရမ်းကောင်းပါတယ်...။ ကိုယ်တွေ့လေးတွေနဲ့လည်းတိုက်ဆိုင်နေတဲ့အတွက် အရမ်းကိုခံစားရပါတယ်ခင်ဗျာ...။

MANORHARY said...

လိပ်ပြာကလေး နဲ့ ပန်းသီးလေး ကို
ရင်ထဲရောက်သွားအောင်ထည့်ပေးနိုင်ပါတယ်။

စိုင်းစိုင်းလားရှိုး said...

အရေးအသားကတော့ ပိုင်ပါ့။ လိပ်ပြာလေး လျှောက်သွားမနေနဲ့ ပြန်လာခဲ့ ပန်းသီးလေး အဖော်မဲ့နေတယ်။

သက်ပိုင်သူ said...

ဖတ်လိုက်တာ.. ရင်ထဲက လိပ်ပြာလေး ... ဖလန်းဖလန်း.. ဖြစ်သွားတယ်.....

Unknown said...

ဘာပြောရမလဲ...ဘာပြောရမလဲ....။ စိတ်မကောင်းဘူး...။

အညာသား said...

ထိတယ် ... ထိတယ်...။
ကျုပ်အစ်မ စိတ်ကူးသိပ်ကောင်း။

အညာသား said...

ထိတယ် ... ထိတယ်...။
ကျုပ်အစ်မ စိတ်ကူးသိပ်ကောင်း။

Apprenticeship said...

ရင်နင့်စွား ခံစားသွားတယ်။ မတည်မြဲတဲ့ လောကမှာ တည်မြဲမှုကို ရှာမိတဲ့ သူတွေ ခံစားရတာပေါ့ဗျား....။

Anonymous said...

Green girl ဆီကနေ ခေါင်းစဉ်တွေ့လို့လာဖတ်တယ်။
ဝတ္ထုဆိုရင် ဘာပဲဖတ်ရဖတ်ရပါ။
အရေးအသားတွေက တကယ့် professional တစ်ယောက်လိုပါပဲ။
ဆက်ရေးပါအုံး။

မသက်ဇင် said...

တကယ့်ရသ ကောင်းတွေ ရေးနိုင်တဲ့--
ကလောင်တချောင်းပါပဲ

Anonymous said...

တကယ့်အဖြစ်အပျက်လားဟင်?
လို့မမေးတော့ဘူးနော်
“တကယ့်အဖြစ်အပျက်ပါ”
လို့ယုံနေချင်တယ်လေ

သီဟသစ် said...

ပန်းသီလေးကို တကယ်ကို သနားသွားတယ်။
စာရေးကောင်းလိုက်တာ။

ဘာတွေတုန်း said...

စာရေးကောင်းလိုက်တဲ့ မမ။နောက်အမြဲလာဖတ်အုံးမယ်

ကြယ်ဖြူစင် said...

ခံစားချက်ခြင်းတစ်ထပ်တည်းပါဘဲ..ညီမရယ်..
မမကဘယ်တော့ပျံသွားမလဲဆိုတဲ့လိပ်ပြာလေး
ကိုထိုင်ကြည့်နေရတာပါ...သူကပျံဖို့အတွက်
တောင်ပံတွေခတ်နေပြီလေ..မသိချင်ယောင်
ဆောင်ရတာကပိုပင်ပန်းတယ်ညီမလေးရယ်...

Anonymous said...

ပန်းသီးလေး သနားပါတယ်....ဘယ်သူ့ ကို အပြစ်ပြောရမှန်းတောင်မသိတော့ပါဘူး.... အင်တာနက် ခောတ်မှာ ဒီ ဝေဒနာက တော်တော် ဆိုးပဲ...ဒါလည်း virus တစ်မျိုးပဲပေါ့နော...... အားလုံး ပျော်ရွှင်စေချင်ပါတယ်......