ဆန္ဒ

လူတိုင်းလူတိုင်းရဲ့ရင်ထဲမှာ

သိတတ်စအရွယ်ကတည်းက

တစ်နေ့နေ့ငါအရွယ်ရောက်လာရင်ဆိုတဲ့

ဆန္ဒလေးတွေ ရှိနေတတ်ကြပါတယ်။

သူမမှာလည်း ရှိခဲ့တာပေါ့။

အခုထိလည်းဆက်လက်ပြီးရှိနေဆဲပါပဲ။

အဲ့ဒီဆန္ဒလေးတွေကဘာလည်းဆိုတော့....

Tuesday, January 27, 2009

လှတဲ့နေ့များ၏ အဆုံးသတ်

( ၁ )

စောစောစီးစီး အိပ်ရာကထ၊ မျက်နှာသစ်ပြီးသည့်နောက် မှန်တင်ခုံပေါ်တင်ထားသည့် မိုးပြာရောင် ဖိတ်စာလေးကို ပြန်ကြည့်နေမိသည်။ သည်လိုနေ့ဆိုလျှင် အသစ်စက်စက် မင်္ဂလာမောင်နှံ ဖြစ်တော့မည့် သတို့သားနှင့် သတို့သမီးခမျာ ပင်ပန်းသည့်ကြားကပင် ပျော်ရွှင်နေကြ မည်ပေါ့...။မင်္ဂလာပွဲသွားဖို့အတွက် ကြိုတင်အချိန်ယူကာ ပြင်ဆင်ရဦးမည်။ ဖြူ့အတွက်တော့ အပေါ်ယံအလှအပတွေ အများကြီး မလိုအပ်တော့ပါဘူး။ စိတ်ရဲ့ အေးချမ်းမှုကိုပဲ မက်မောတတ်နေပါပြီ။

မြန်မာဆန်ဆန် မင်္ဂလာပွဲမို့ အဖြူရောင်ဖျော့ဖျော့ မြန်မာအင်္ကျီ ခါးတင်ရင်စေ့လက်ဆကနှင့် ချိတ်လုံချည် အဖြူရောင်ကို ရွေးချယ် ၀တ်ဆင်ပြီးနောက် ကျောလယ်ထိအိကျနေသော ဆံစတို့ကို ဘီးနှင့်သိမ်းယူကာ တစ်ဝက်ကို ခပ်ပါးပါး ပြန်ဖြန့်ချပြီး တစ်ဝက်ကို ကလစ်နှင့် ညှပ်သိမ်းလိုက်သည်။ အားလုံးပြီးပြီဟု ယူဆရသောအချိန်တွင် ကိုယ်လုံးပေါ်မှန်ရှေ့ ရပ်ကာ ဘာများလိုနေသေးလဲဟု ရှေ့နောက်ပြန်လှည့် ကြည့်နေမိသည်။ မျက်နှာကိုလည်း သေချာကြည့်ရသည်။ မိတ်ကပ်က ပါးပါးလေးမို့ သူများမင်္ဂလာပွဲမှာ လူမမာပုံစံ ဖြစ်နေမှာလည်း စိုးရသေးသည်လေ။

ကိုယ့်ကိုယ်ကို ကျေနပ်လောက်ပြီဟူသော အနေအထားတစ်ခု ရှိသောအခါ ဖိတ်စာလေးကို သေသေချာချာ တစ်ချက်ပြန်ကြည့်မိ၏။

ဒေါက်တာတည်မြဲခိုင် နှင့် မနန်းစန္ဒီ တို့၏ မင်္ဂလာဧည့်ခံပွဲ

ဒီမင်္ဂလာပွဲအတွက် ဖြူ့မှာ လုံလောက်သော ခံနိုင်ရည် ရှိပါ့မလား။ ကြိုတင်ပြင်ဆင်ထားပြီးသား ဆိုပေမယ့်လည်း စာတွေ့ဟာ လက်တွေ့ကို အထောက်အပံ့သာ ဖြစ်စေမှာပါ။ တစ်ခါမှ မမြင်ဖူးတဲ့ မေးခွန်းတစ်ခုအတွက် လျှပ်တပြက်ဖြေရှင်းနိုင်တဲ့ ဖြတ်ထိုးဥာဏ်တွေ ဖြူ့မှာ ရှိပါ့မလား။ တစ်ကိုယ်တည်း မေးခွန်းတွေ ပြန်ထုတ်နေမိသည်။ သို့သော်လည်း ဆုံးဖြတ်ချက်တစ်ခုအတွက် ဘယ်သောအခါမှ နောက်မဆုတ်ခဲ့သည့် ယုယဖြူ၏ ခြေလှမ်းများသည် မဆုတ်မတွန့် ရှေ့သို့သာ...

"ဒီနေ့ဟာ မောင်၊ ဖြူ နဲ့ နန်းစန္ဒီတို့အတွက် လှတဲ့နေ့လေးတစ်နေ့ပေါ့"

........................................

( ၂ )

မင်္ဂလာခန်းမ အပြင်ဘက်ကို ရောက်ကတည်းက မင်္ဂလာဆောင်သို့လာသော ကိုယ်ပိုင်ကား အမျိုးအစားပေါင်းစုံကို တန်းစီလျက် တွေ့မြင်ရသည်။ ခန်းမ အ၀င်ဝမှာတော့ စားပွဲရှည်ကြီးတစ်ခုပေါ်မှာ အရွယ်အစားစုံသည့် မင်္ဂလာလက်ဖွဲ့ပစ္စည်းများ...။ ခပ်ချောချော မိန်းမပျိုလေးနှစ်ယောက်က လက်ဖွဲ့များကို သေသေချာချာလက်ခံယူပြီး ကျေးဇူးတင်ပါသည်ဟု ရေးထားသော အမှတ်တရ ကဒ်လေးများကို ပြန်ပေးနေ၏။ ဖြူလည်း သူများနည်းတူ လက်ဖွဲ့ပစ္စည်းကို စားပွဲပေါ်တင်လိုက်ရင်း ကဒ်လေးတစ်ခု ယူလိုက်သည်။

ခန်းမရဲ့ ထိပ်ဆုံး စင်မြင့်ပေါ်မှာ အနီရောင်အောက်ခံ၌ အဖြူရောင် ပန်းစာလုံးကြီးများဖြင့် ရေးထားသော သတို့သား၊ သတို့သမီးနာမည်များက ခန့်ညားလှပနေ၏။ ဧည့်ပရိတ်သတ်အတွက် ပြင်ဆင်ထားသည့် အဖြူရောင်သန့်သန့် စားပွဲခင်းများနှင့် စားပွဲဝိုင်းကြီးများ၊ ကောဇောအနီရောင် ခင်းထားသည့် အလယ်လူသွားလမ်းတစ်လျှောက် အလှမွမ်းမံထားသည့် ပန်းရောင်စုံလေးများ၊ နှစ်ဖက်မိတ်ဆွေများ၊ လူကြီးမိဘများနှင့် ကျယ်ဝန်းသော ခန်းမကြီးကတော့ ကျက်သရေအပေါင်းနှင့် ပြည့်စုံလျက်။

ကိုယ်နဲ့လည်း ဘယ်သူမှ မရင်းနှီးသည်မို့ ဖြူတစ်ယောက် သတို့သား၊ သတို့သမီးထွက်လာမည့် လမ်းဘေးကျကျ စားပွဲဝိုင်းတစ်ခုမှာ ၀င်ထိုင်လိုက်သည်။ လူဆယ်ယောက်စာ စားပွဲဝိုင်းကြီးမှာ ဖြူနှင့်ပါဆိုလျှင် ငါးယောက်မျှသာ ရှိဦးမည်။ အခမ်းအနားစရန်အချိန်ကလည်း မလိုတော့ပြီမို့ ဧည့်သည်များလည်း တစ်ဖွဲဖွဲရောက်ရှိလာကြသည်။ ဧည့်သည်များ စုံသလောက်ရှိတော့မှ တစ်ခါမှ မပြင်ဆင်မိခဲ့သော အခြေအနေတစ်ခုကို ဖြူသတိထားမိလိုက်ရတော့သည်။ တစ်ချက်တစ်ချက် ဖြူ့ဆီလာရောက် နှုတ်ဆက်တတ်သော ကျောင်းတုန်းက မောင့်သူငယ်ချင်းတွေ...

ဖြူ့ကိုတော့ အားနာ၍ပဲလားမသိ ဘာမှမမေးမြန်းသော်လည်း သူတို့မျက်လုံးတွေက အဓိပ္ပါယ်ပေါင်း များစွာ...။ သူတို့ဘာတွေ တွေးနေသည်ကို ဖြူမသိ။ ဘယ်လိုဖြစ်ရတာလဲဆိုသည့် အံ့သြသည့် အကြည့်လည်း ဖြစ်နိုင်သည်။ ကိုယ့်ကိုစွန့်ခွာသွားသည့် ချစ်သူဟောင်း၏ မင်္ဂလာပွဲကို တစ်ယောက်တည်း လာခဲ့သော မိန်းမတစ်ယောက်ကို သည်မိန်းမ မျက်နှာပြောင်တိုက်ချည်လားဟု တွေးချင်လည်း တွေးနိုင်သည်။ မယုယဖြူ..တစ်ယောက်တည်းလားဟူသည့် နှုတ်ဆက်မေးခွန်းတွေကို ဖြူပြုံးလို့သာ နေခဲ့မိသည်။ တစ်ယောက်တည်းပဲပေါ့ဟု ပြန်ဖြေရမည်လား။ တကယ်လည်းတစ်ယောက်တည်း မှန်နေပေမယ့် တစ်ချိန်က တည်မြဲခိုင်နှင့် ယုယဖြူကို နှစ်ကိုယ့်တစ်စိတ်လို့ သိခဲ့ကြသည့် သည်အသိုင်းအ၀ိုင်းထဲမှာ ဖြူ့အတွက် အဖြေရခက်လှသည်။

ငယ်သူငယ်ချင်းတစ်ဖြစ်လဲ ချစ်သူဟောင်း၏ မင်္ဂလာပွဲကို လာခဲ့သည်ဖြူက မှားသလား။ မှားသည်၊ မှန်သည် ဖြူခွဲခြားမနေချင်တော့ပါ။ စခဲ့မိပြီမို့ အခြေအနေအရပ်ရပ်ကို ပြုံးပြီးရင်ဆိုင်နိုင်ရမည်။ ယုယဖြူအတွက် ဒီနေ့ဟာ အလှဆုံးအပြုံးကို ပြုံးနိုင်သည့် နေ့ဖြစ်ရမည်။ ဒီနေ့တွင်မှ မပြုံးနိုင်ခဲ့လျှင် ယုယဖြူ၏အပြုံးသည် ဘယ်တော့မှ လှတော့မည်မထင်။

မောင့်မင်္ဂလာပွဲမှာ တစ်ချိန်က သိပ်ချစ်ခဲ့တဲ့ ချစ်သူဟာ ပြုံးနေနိုင်တဲ့သူ ဖြစ်ရပါစေမယ် မောင်...

.............................

( ၃ )

အခမ်းအနားမှုးက မင်္ဂလာအချိန်ကျရောက်ပြီဖြစ်ကြောင်း ကြေငြာပြီးနောက် အလယ်လမ်းအတိုင်း သတို့သား၊ သတို့သမီးနှင့် နှစ်ဖက်မိဘများက တစ်လှမ်းခြင်း ခန်းမထဲသို့ လျှောက်လှမ်းလာကြသည်။

မောင့်လက်ကိုချိတ်ထားသည့် ပန်းနုရောင် မြန်မာသတို့သမီး ၀တ်စုံနှင့် နန်းစန္ဒီက တစ်မျိုးတစ်ဖုံ လှနေပြန်သည်။ ရှေ့တည့်တည့်ကိုသာ ဦးတည်လျှောက်လှမ်းနေတဲ့ မင်္ဂလာမောင်နှံရဲ့ ခြေလှမ်းတွေက ဘယ်ညာညီညီ။ ဖြူ့အနားရောက်တော့ မောင်ရော နန်းစန္ဒီပါ တစ်ပြိုင်တည်းလိုလို ပြုံးပြနှုတ်ဆက်သည်။ သူတို့အပြုံးလေးတွေက အနာဂတ်ကိုသာ ရှေးရှုသွားပြီဖြစ်သော လတ်ဆတ်သည့် အပြုံးများ။ ယုယဖြူဆိုသည့် မိန်းကလေးသည် ဒေါက်တာတည်မြဲခိုင်နှင့် နန်းစန္ဒီတို့၏ အရင်းနှီးဆုံး မိတ်ဆွေဆိုသည်ထက် ဘာတစ်ခုမှ ပိုမည်မဟုတ်သလို ယုယဖြူအတွက်လည်း ငယ်သူငယ်ချင်း ဇနီးမောင်နှံဆိုသည့် အသိနှင့်ပင် လုံလောက်ခဲ့ပါပြီ။ တည်ငြိမ်သော အပြုံးလှလှတစ်ခုဖြင့် တုန့်ပြန်ခဲ့ပါပြီ။

တစ်ချိန်တစ်ခါကတော့ အချစ်ဆုံးချစ်သူနှင့် မင်္ဂလာပွဲတစ်ခုကို ပုံဖော်ကြည့်မိခဲ့ဖူးသည်။ စိတ်ကူးထဲမှာတော့ ဖြူလွလွမင်္ဂလာ ၀တ်စုံနှင့် မောင့်သတို့သမီးသည် ယုယဖြူဆိုသည့် မိန်းကလေးပေါ့။ ဧည့်ပရိတ်သတ်အလယ်မှာ မောင့်လက်ကို အားကိုးတစ်ကြီးချိတ်တွဲလို့ တစ်သက်တာလုံးအတွက် ပုံအပ်ပြီး လျှောက်လှမ်းပစ်လိုက်ချင်ခဲ့သည်။ ချစ်သူနှင့်လက်တွဲနိုင်သော မင်္ဂလာသတို့သမီးတစ်ယောက်၏ အပြုံးသည်လည်း ဖြူ့တစ်သက်တာတွင် အလှဆုံးအပြုံးဖြစ်လိမ့်မည်ဟု ထင်မှတ်ခဲ့ဖူးသည်။

လက်တွေ့မှာတော့ တစ်ချိန်က ဖြူ့ရဲ့ စိတ်ကူးတွေဟာ လှပတဲ့ အိပ်မက်လေးတစ်ခုပေါ့ မောင်ရယ်...။ အိပ်မက်ဆိုတာ နိုးတစ်ဝက် အိပ်တစ်ဝက် စိတ်ဂယောက်ဂယက် အချိန်မှာ ကိုယ့်စိတ်က စွဲလမ်းရာကို ပြန်ပြီးမြင်ယောင်တတ်တဲ့ တစ်ခန်းရပ် ပြဇာတ်ဆန်ဆန် ဇာတ်လမ်းလေးတစ်ခုတဲ့။ ဖြူ အိပ်မက်တစ်ခုကို မက်ခဲ့တယ်။ အိပ်မက်ရှည်ကြီးပေါ့။ ဒီလိုအိပ်မက်မျိုး မက်လိမ့်မယ်လို့ ကြိုမသိခဲ့ဖူးလေ။ မောင့်ရဲ့ ကြင်နာခြင်း၊ ယုယခြင်း၊ ချစ်ခြင်းတွေက ဖြူ့ဆီကို အိပ်မက်တစ်ခုလို ရောက်ရှိခဲ့သလိုပဲ အိပ်မက်တစ်ခုလို ပျောက်ကွယ်ခဲ့ပါပြီ။

အိပ်မက်ကလေးကို နှမြောမိနေပေမယ့် အိပ်မက်ထဲက မောင့်ရဲ့ ချစ်ခင်ယုယမှုတွေ၊ ဖေးမမှုတွေအတွက် အမြဲတမ်းအမှတ်တရ ကျေးဇူးတင်နေမှာပါ။ ဖြူ့ နှလုံးသားထဲမှာ ထာဝရ သိမ်းဆည်းထားမှာပါ။ ဖြူ့ ဘ၀အတွက် အလှပဆုံး အိပ်မက်ကလေးတစ်ခုကို ဖန်ဆင်းပေးခဲ့ဖူးတဲ့ တစ်ဦးတည်းသော ဖန်ဆင်းသူ၊ စိတ်အစဉ်အားလုံးကို ချစ်ခြင်းမေတ္တာတွေနဲ့ ငြိမ်းချမ်းစေသူ၊ အသက်ထက်ပိုပြီး မြတ်နိုးတန်ဖိုးထားရတဲ့ ချစ်သူ၊ အစားထို့ဖို့ မလွယ်ကူတဲ့ ချစ်သူဟာ "မောင်" တစ်ယောက်တည်းပါပဲ။

...............................

( ၄ )

မင်္ဂလာအခမ်းအနားပြီးဆုံးတဲ့အခါ ဓါတ်ပုံဆရာရဲ့ တဖျတ်ဖျတ် ဖလက်ခ်ျဂန်း မီးရောင်အောင်မှာ သတို့သား၊ သတို့သမီးနဲ့ မိဘဆွေမျိုးတွေ၊ သူငယ်ချင်း မိတ်ဆွေတွေကတော့ ကြည့်နူးပီတိ အပြုံးတွေနဲ့ပေါ့။

ပြန်သင့်နေပြီမို့ ဖလက်ခ်ျဂန်း မီးရောင်တွေကြားမှာပဲ မောင်နဲ့ နန်းစန္ဒီကို သွားရောက် နှုတ်ဆက်လိုက်မိသည်။

" မြဲခိုင်..ငါပြန်တော့မယ်နော်။ မင်္ဂလာဇနီးမောင်နှံ ရာသက်ပန် ပေါင်းရပါစေ..."

ဖြူ့ရင်ထဲက လှိုက်လှဲသော ဆုတောင်းစကားတစ်ခုပါ။

နန်းစန္ဒီကတော့ ခေါင်းငြိမ့်လို့သာ အသိအမှတ်ပြုလိုက်ပေမယ့် မောင်ကတော့ ပြုံးရင်းလက်ဆွဲ နှုတ်ဆက်၏။

"ကျေးဇူးတင်ပါတယ် ဖြူ"

မောင့်လက်တွေက ရင်ထဲမှ ပြောချင်သည့် စကားတွေကို ဖြူ့လက်ဖ၀ါးမှတစ်ဆင့် ပြောခဲ့ကြပါပြီ။

"ရပါတယ်... နင်နဲ့ငါ ထာဝရသူငယ်ချင်းတွေပဲ။ ကျေးဇူးဆိုတာ မလိုပါဖူး။ နန်းစန္ဒီကိုသာ ကောင်းကောင်းချစ်ပါ"

အရည်လဲ့နေသော မျက်ဝန်းနှစ်စုံမှ တောက်ပသော အပြုံးလေးတွေ လွင့်ပျံထွက်လာသည်။

ကိုယ်ချစ်တဲ့ လူတစ်ယောက်ကို မပိုင်ဆိုင်လိုက်ရရင်တောင် မုန်းသူအဖြစ်နဲ့ မစွန့်လွှတ်လိုက်ရတဲ့အတွက် ဖြူကျေနပ်ပါပြီ။ ခမ်းနားလှပသော မင်္ဂလာပွဲတစ်ခု အောင်မြင်စွာ ပြီးဆုံးခဲ့သလို ယုယဖြူရဲ့ တစ်ချိန်က လှပခဲ့သောနေ့စွဲမျာလည်း အပြီးတိုင်အဆုံးသတ်သွားခဲ့ပါပြီ။ တစ်သက်မှာ တစ်ခါသာ မက်ခဲ့ဖူးသော အလှပဆုံး အိပ်မက်လေးတစ်ခုလည်း အမှတ်တရအဖြစ်သာ ရင်မှာကျန်ရစ်ခဲ့ပါပြီ...။

~~ ပြီးပါပြီ ~~

လွမ်းသုရင်
၂၇ ဇန်န၀ါရီ ၂၀၀၉


မှတ်ချက်။ ။ အစအဆုံး ဖတ်လိုလျှင်-

ဆန္ဒတစ်ခုနှင့် ရပ်တည်ခဲ့သော နေ့စွဲများ (အခန်းဆက်ဝတ္ထုရှည်)
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
ဇာတ်သိမ်းပိုင်း

10 comments:

khaingzm said...

ကောင်းတယ်.. လွမ်းမိုးရဲ့ သီချင်းလေးကို နောက်ခံထည့်ပြီး ဖတ်သွားတယ်..

Anonymous said...

အာဂျာ အမဂျာ လုပ်ချလိုက်ပြန်ပီဂျာ... ငိုမိရင်တော့ တရားခံက အမပဲနော်။ အဲလိုကြီး တကယ်သာ ကြုံခဲ့မယ်ဆိုရင်တော့ ဘယ်လိုနေမလဲ မတွေးရဲဘူး အမရေ။ ယုယဖြူလောက်တောင် သတ္တိမရှိလောက်ဘူး ထင်ပါရဲ့။

သက်ပိုင်သူ said...

လွမ်းမိုးရဲ့ အချစ်ရှုးံသမား ဒသဂီရိလား????????
ဟား….. ဟား
ကောင်းပါတယ်… စိမ်းတိမ်းတိမ်းရေ… မင်္ဂလာပွဲသွားကာနီး ဖြူအလှပြင်တာ Detail ဖြစ်သလိုပဲ.. အဲဒါမပါရင်လည်း နဲနဲပေါ့သွားမှာပေါ့နော်…..

MANORHARY said...

တစ်ခါတစ်ခါတော့လည်းဘ၀တွေကမျှော်လင့်ထားသလို
ဖြစ်မလာတတ်ကြဘူး။ဒါပေမယ့်မျှော်လင့်ချက်မပြည့်တိုင်း
တော့ဘ၀ဟာသေဆုံးမသွားပါဘူး..နော်..။

Anonymous said...

မစိမ်းမေ... အရေးအသားပိုင်းကတော့ ပြောစရာမရှိအောင် ကောင်းပါတယ်... စကားပြေအရေး ပိုင်နိုင်ပါပေတယ်ဗျာ... နောင်များလဲ ဆက်လက်ဖတ်ရှုပါအုံးမယ် မစိမ်းမေရေ..း)။

ဖြိုးငယ် said...

ကောင်းတယ်ဗျာ ... အပိုင်းလိုက်ကို ခံစားပြီးသွားပြီ...
ဒါနဲ့ ၀တ္တု ထုတ် ပါလားအမရေ ..

PooHCrazY said...

ama yayy...a yan ko khan sar ya par tae...kg lall kg par tae...
:P
kyo sar htar naw
aja aja fighting
shay sat yayy mae sar tway ko arr pay nay own mae

Dr Phyo Wai Kyaw said...

အကုန်ဖတ်လိုက်တယ်ဗျာ
တယ်ပိုင်ပါလား ဆရာမ
ဝတ္ထုရှည်နဲ့ ခင်ဗျားအရေးအသား
ပိုလိုက်တယ်။

Novel လောက်မှန်းရေးရင်လည်း ဖြစ်နိုင်မယ်ထင်တယ် နော်။

Moe Myint Tane said...

ဒီလိုပါဘဲလေ..ချစ်ခြင်းတွေနဲ့ အစပြုခဲ့ကြပြီး အမုန်းမဲ့ ပြီးဆုံးသွားကြတာ ပိုပြီးလှပနေခဲ့တယ်။ ကောင်းတယ်ညီမရေ။ အရေးအသားပိုင်းကတော့ ပြောစရာမရှိပါဘူး။ ဇာတ်လမ်း၊ ဇာတ်အိမ် တည်ဆောက်ပုံ တော်တော်ကောင်းတယ်။ သူ့နေရာနဲ့ သူ နေသားတကျ ဖန်တီးထားတာဘဲ။ အားပေးနပါတယ်။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

ကိုရင်နော်ခင်လေးငယ် said...

အချစ်ရဲ့အဆုံးသတ်မှာ
အမုန်းတွေပါမလာပါဘူး..
ဒါပေမဲ့...
စတေးလိုက်တဲ့အရာကတော့
နင်နဲ့အတူမက်ခဲ့ဖူးတဲ့
ငါ့..အိပ်မက်ပါဘဲ''မောင်'' ။

အမှတ်တရတွေကို
ရင်မှာချန်ပေးခဲ့ပြီး
ကျန်ရစ်ခဲ့တဲ့ငါ့အဖြစ်နဲ့
သူငယ်ချင်း''မောင်''ရယ်
ဘယ်လိုဘဲဖြစ်ဖြစ်
နင်ပျော်ပါစေ...။

နောက်ဆုံးမှာ ခံစားလိုက်ရတာလေးကို
အမှတ်တရ ရေးခဲ့တယ် ညီမလေး.....

ခင်မင်တဲ့..
မမခင်လေး