ဆန္ဒ

လူတိုင်းလူတိုင်းရဲ့ရင်ထဲမှာ

သိတတ်စအရွယ်ကတည်းက

တစ်နေ့နေ့ငါအရွယ်ရောက်လာရင်ဆိုတဲ့

ဆန္ဒလေးတွေ ရှိနေတတ်ကြပါတယ်။

သူမမှာလည်း ရှိခဲ့တာပေါ့။

အခုထိလည်းဆက်လက်ပြီးရှိနေဆဲပါပဲ။

အဲ့ဒီဆန္ဒလေးတွေကဘာလည်းဆိုတော့....

Saturday, December 13, 2008

ချစ်သူနမ်းသော နှုတ်ခမ်းတစ်စုံ

Justify Full( ၁ )

သီတင်းကျွတ်ပြီ
မိုးလေကင်းလွတ်တော့မည်
မီးပုံးပျံလွှတ်ကြရအောင်
မီးစာကိုရေနံဆွတ်ထားပါ
မှိုင်းဝမှလွှတ်ပါ...

ခေါင်းရင်းအိမ်မှ ကလေးတစ်ယောက် စာကျက်နေသည်ကို အိမ်ရှေ့ဒါန်းပေါ်ထိုင်ရင်း စာအုပ်ဖတ်နေသည့် ဖြူတစ်ယောက် အတိုင်းသားကြားနေရသည်။

သီတင်းကျွတ်ပြီ... မိုးလေကင်းလွတ်တော့မည်... တဲ့

ကလေးငယ်ကျက်နေတဲ့ စာပိုဒ်လိုပါပဲ။ တကယ်လည်း သီတင်းကျွတ်ခဲ့ပါပြီ။ ကလေးတွေကတော့ သီတင်းကျွတ် ကျောင်းပိတ်ရက်မို့ ပျော်ကြသည်။

လွတ်လွတ်လပ်လပ် စာမကျက်ပဲ ဆော့ကစားကြသည့် ကလေးတွေရှိသလို ကျောင်းပိတ်ရက်ရှည်မှာ မိဘတွေနဲ့ ခရီးသွားတတ်ကြသည့် ကလေးတွေလည်းရှိသည်။ ကျောင်းသားအရွယ်မှာ စာကြမ်းပိုးဟု အခေါ်ခံရတတ်သည့် ကလေးများကတော့ ကျောင်းပိတ်ရက်ရှည်ကို အကျိုးရှိရှိအသုံးချလို့ ကျောင်းသင်ခန်းစာ ပြန်လှန်လေ့ကျင့်ခန်းတွေ လုပ်နေလိမ့်မည်။ မည်သို့ပင်ဆိုစေ ကျောင်းသားဘ၀သည် အင်မတန်မှ လွတ်လပ်သည်။ ဖြူစင်သည်။ အေးချမ်းသည်။ စာမေးပွဲဆိုသည့် အာရုံတစ်ခုမှလွဲပြီး မည်သည့်အရာကိုမှ ကြောင့်ကြနေစရာမလို။ ပေါ့ပါးလွန်း၏။

စိတ်ရှိတိုင်းသာ တွေးတောပြီး နောက်ပြန်ဆွဲငင် ယူနိုင်ပါလျှင် အားလုံးကို နောက်ပြန်ဆွဲချင်ပါသေးသည်။ အရာရာကို ပြောင်းပြန်ပြန်ပစ်ချင်မိသေးသည်။ ကျောင်းသားဘ၀ကို ပြန်လိုချင်သည်။ တစ်ချိန်ချိန်တွင် ချစ်သူဖြစ်လာနိုင်သော သူငယ်ချင်းနှင့်လည်း မဆုံဆည်းစေဖို့ ရည်ရွယ်သည်။ ဆုံဆည်းစေခဲ့ဦးတော့ သံယောဇဉ်ကြိုးကို အခင်ဆုံးသူငယ်ချင်း အဖြစ်သာ ရပ်တန့်စေမည်။ ချစ်သူအဖြစ်လည်း လက်မခံမိစေဖို့ ကြိုးစားမိမည်။ သို့သော်လည်း ဖြစ်ခဲ့ပြီးသမျှသည် နောက်ပြန်ဆွဲကာ ပြောင်းလဲပစ်ရန် မဖြစ်နိုင်သလို မဖြစ်ခဲ့ဖူးဟုလည်း သတ်မှတ်၍ မဖြစ်နိုင်ပါ။ စိတ်ထဲတွင် မေ့သင့်မေ့အပ်ပြီဆိုသည့် အသိနှင့်သာ ပြည်ဖုံးကားချထား၍ ရမည်။ မှုန်ဝါးဝါးတော့ စွဲထင်ကျန်ရစ်မည်သာ။

xxxxx

"မမဖြူရေ...မမဖြူ"

ခြံတံခါးဝဆီမှ ခေါ်သံကြားရ၍ သတိပြုမိသောအခါ တစ်လမ်းကျော်မှ နွေးနွေး...။ လက်ထဲတွင်လည်း စာအိတ်လိုလို အရာတစ်ခုကို ကိုင်ထားသေးသည်။

"ဟော..ဒေါ်နွေးနွေး၊ မတွေ့တာတောင်ကြာပေါ့။ ဘယ်တွေပျောက်နေတုန်း။ လာ လာ အိမ်ထဲဝင်ပါဦး"

ခြံတံခါးလည်းဖွင့်ရင်း နွေးနွေးကို အိမ်ထဲခေါ်ရသည်။ နွေးနွေးတို့ မိသားစုနှင့် ဖြူတို့မိသားစုမှာ တစ်ရပ်ကွက်တည်း အနေကြာသည်နှင့်အမျှ လွန်စွာရင်းနှီး ကျွမ်းဝင်ကြသည်။ ဖြူနှင့်ဆိုလျှင်လည်း အထက်တန်းကျောင်းတစ်ကျောင်းတည်း တက်ခဲ့သူ။ သို့သော် ဖြူကနွေးနွေးထက် အသက်နှစ်နှစ်ခန့် ပိုကြီးသည်။ ညီအစ်မလိုလည်း ခင်ရသလို၊ သူငယ်ချင်းဆိုလည်း မမှားပါ။

"ကဲ..ပြော မရွှေချော...ဘာလို့အခုမှ ပေါ်လာတာလဲ"

"အဟဲ...မမဖြူကလည်း မသိတာကျလို့။ သီတင်းကျွတ်ပြီလေ"

"ဟောတော့...သီတင်းကျွတ်တာပဲ ဘာဖြစ်တုန်း"

မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့် ရှက်စနိုးပြုံးနေသော နွေးနွေး၏ ပါးပြင်နှစ်ဖက်က ပန်းသွေးရောင် သန်းနေ၏။ သူဘာအတွက် လာသည်ကို ဖြူသိပါသည်။ စလိုသောကြာင့်သာ တမင်မသိသလို လုပ်နေခြင်းဖြစ်သည်။

"ဟင်..မမဖြူကတော့ လုပ်ပြီ။ ဒါကြောင့်လည်း အပျိုကြီး ဖြစ်နေတာ။ အဲ့ဒီလို မသိချင်ယောင် ကြပ်ကြပ်ဆောင်။ အပျိုကြီးဖြစ်မယ် သိလား"

"အမယ် အပျိုကြီးဖြစ်တာပဲ ဖြစ်ပစေပေါ့။ ဘာဖြစ်သေးလဲ"

အသက် နှစ်ဆယ့်ရှစ်နှစ်စွန်းရုံမျှနှင့် အပျိုကြီးအခေါ်ခံရသည့်အတွက် အောင့်သက်သက်ရှိသော်လည်း ဟုတ်တော့လည်း ဟုတ်နေပြန်သည်မို့ နွေးနွေးအား မျက်စောင်းတစ်ချက်ထိုးကာ ပြန်ပြောမိသည်။

"မမဖြူကလည်း ချစ်လို့စတာကို။ ဒီမှာ လာတဲ့အကြောင်းက ပျောက်တော့မယ်။ ဒီအပျိုကြီးနဲ့တော့ ခက်ပါတယ်"

"ဒါဆိုလည်း ပြော.."

"ဒီမှာလည်း ကြည့်ပါဦး"

နွေးနွေးကပြောရင်း သူ့လက်ထဲမှ ဖိတ်စာ စာအိတ်လေးကို ထိုးပေးတော့သည်။ ဖိတ်စာလေးကတော့ ရေးမွှေးနံ့ အသင်းသား...။ အထဲမှ ဖိတ်စာကဒ်ကို ထုတ်ကြည့်မိတော့ သတို့သား၊ သတို့သမီးနာမည်နှင့် မင်္ဂလာဧည့်ခံပွဲဆိုသည့် ငွေရောင်ဖောင်းကြွ စာလုံးလေးများက သပ်ရပ်လှပလျက်...။

"လာဖြစ်အောင် လာပါနော် မမဖြူ၊ အန်တီတို့ကိုတော့ နီးမှ ထပ်လာပြောတော့မယ်"

"သြော်.. အေးပါ။ လာမှာပေါ့။ ကိုယ့်ညီမ မင်္ဂလာဆောင်ပဲဟာ"

ဖိတ်စာလေးကို ကြည့်ကာ မှင်သက်နေရင်းမှ နွေးနွေးကို ပြန်ပြောမိသည်။

"ဒါဆိုလည်း ပြန်တော့မယ်နော် အပျိုကြီး။ သွားစရာလေးရှိလို့... ဟဲ ဟဲ"

"ဟယ်...ဒီကောင်မလေးတော့"

စရင်းနောက်ရင်းက ပြေးထွက်သွားသည့် နွေးနွေးကတော့ ပျော်နေပုံရသည်။ အင်းပေါ့လေ...ချစ်တဲ့သူနဲ့ အတူနေရမည့်အရေးကို ဘယ်သူက မပျော်ပဲ ရှိပါ့မလဲနော်။ ဖိတ်စာလေးကို သေချာပြန်ကြည့်ရင်း ဖြူတစ်ယောက် မုဒိတာပွားနေမိသည်။ နှစ်ကိုယ်တူ ချစ်သောသူချင်း ပေါင်းဖက်မိကြတော့လည်း အရာရာဟာ ပျော်စရာတွေပဲ ဖြစ်နေမှာပါ။

သီတင်းကျွတ်ပြီတဲ့.. မင်္ဂလာဖိတ်စာလေးတွေ ပလူပျံအောင် ရောက်လာတော့မှာပေါ့။ အဲ့ဒီလို ရောက်လာမယ့် ဖိတ်စာတွေထဲမှာ အချစ်ဆုံး သူငယ်ချင်းလို့ ပြောင်းလဲ သတ်မှတ်ထားသော မောင့်မင်္ဂလာဖိတ်စာရော ပါလာနိုင်သလား။ မောင့်ချစ်သူ နန်းစန္ဒီနှင့်ရော လက်ထပ်ဖြစ်ရဲ့လား။ ဖိတ်စာတောင် မရောက်လိုက်ဘဲ လက်ထပ်သွားပြီလား။ မောင်နှင့်မဆုံဖြစ်သည်မှာ ကြာခဲ့ပြီ။ လက်မထပ်ရလောက်သေးဟုတော့ ထင်မိသည်။ လက်ထပ်ခဲ့ဖြစ်လျှင် သူငယ်ချင်း တစ်ယောက်ယောက်ဆီက သတင်းပြန်ကြားနိုင်သည်။ မင်္ဂလာဖိတ်စာ တစ်စောင်သည် မေ့ချင်ဟန်ဆောင်ထားသော မောင့်အကြောင်းကို ပြန်လည်သတိရစေပြီ။

မောင့်သတို့သမီး ဖြစ်ခွင့်မရှိတော့ရင်တောင် အချစ်ဆုံးသူငယ်ချင်း တစ်ယောက်အဖြစ် မောင့်မင်္ဂလာပွဲကိုတော့ တက်ရောက်ခွင့်ရှိချင်သေးသည့် ဖြူကပဲ မိုက်မဲနေပြီလား...ကိုယ်ချစ်တဲ့ ဘ၀လက်တွဲဖော် တစ်ယောက်ကို အပြီးသတ် ဆုံးဖြတ်ရွေးချယ် ပိုင်ဆိုင်သွားနိုင်လို့ ပျော်ရွှင်နေတဲ့ သတို့သားတစ်ယောက်ရဲ့ မျက်နှာပေါ်က အပြုံးကို မျက်ကြည်လွှာ ဓါတ်ပုံအဖြစ် ဖြူ့နှလုံးသားထဲမှာ သိမ်းထားချင်လို့ပါ မောင်ရယ်...

.............................

( ၂ )

ကျောင်းပိတ်ရက် မနက်ခင်းတွေ ဖြစ်တာကြောင့် မနက်စောစော ဈေးသွားသည့် လမ်းတလျှောက် မိခင်နှင့်အတူ ဈေးကိုလိုက်ပါလာကြသည့် ကလေးတွေကိုပါ တွေ့နိုင်သည်။ ဖြူငယ်ငယ်ကလည်း မေမေနှင့်အတူ ဈေးလိုက်ရသည်ကို ပျော်ခဲ့သည်။ ဈေးထဲရောက်လျှင် လက်ညှိုးထိုး၍ စားလိုရာစားနိုင်သည်လေ။ တခါတလေ အခုမုန့်ဟင်းခါး၊ အခုအသုပ်စုံဆိုပြီး စားတတ်သောကြောင့် ဒီကလေး ဗိုက်နာကုန်တော့မှာပဲဟုပင် မေမေလိုက်တားရတတ်သည်ကို သတိရသည်။ အခုတော့ မေမေ့လက်ကိုဆွဲကာ ဈေးလိုက်ရသည့် အရွယ်လည်း မဟုတ်တော့။ ကိုယ်တိုင် ဈေးခြင်းဆွဲကာ ဈေးဝယ်နေရပြီ။ ကလေးဘ၀ကတော့ စိတ်မပါလျှင် မလိုက်ဘဲ ပေကပ်ကျန်ခဲ့၍ ရသေးသည်။ အခုတော့ မိုးလင်းလျှင် ဈေးဝယ်ရမည်မှာ ဖြူ့အတွက် တာဝန်တစ်ခုပမာ။ ကလေးမှလည်း မဟုတ်တော့ပြီကိုးကွယ်...။

"အန်တီကြီး...ဒီမှာ သေသေချာချာ လုပ်ပေးလိုက်တယ်နော်။ အိမ်ရောက်ရင် ရေဆေးပြီး ချက်ရုံပဲ။ ကျေးဇူးနော်...ဟိုဘက်က အစ်မရော...ဘာယူဦးမလဲ။ ငါးခူ၊ ငါးကြင်း၊ ငါးမြစ်ချင်းတွေ လတ်လတ် ဆတ်ဆတ်တွေနော်..."

ငါးတန်းထဲ တိုးဝင်ခဲ့ရင်း ဆိုင်တစ်ဆိုင်ရှေ့အရောက် ဘာဝယ်ရကောင်းမလဲ ကြည့်နေတုန်း ဆိုင်ပေါ်မှာထိုင်လျက် အော်ကာဟစ်ကာ ဈေးရောင်းနေသော မိန်းကလေးက ဈေးခေါ်ခြင်းဖြစ်သည်။ ဈေးသည်မိန်းကလေး၏ အသက်သည် ဖြူနှင့် မတိမ်းမယိမ်းမျှသာ ရှိမည်ထင်သည်။ လူခြင်းတူသော်လည်း အသက်ရှူခြင်း မတူနိုင်ဟု ဆိုကြသည်မှာ မှန်လှပေသည်။

မိန်းကလေး ဈေးအခေါ်ကောင်း၍ပဲလား မပြောတတ်။ ဖြူကိုယ်တိုင်လည်း ငါးခူကြော်ပဲ စားရကောင်းနိုးဟု တွေးနေတုန်း ရုတ်တရက် တစ်စုံတစ်ယောက်မှာ လက်လှမ်းဆွဲလိုက်သည်ကို ခံစားလိုက်ရသည်။

"ဟယ်..သမီးလေး..ဈေးလာဝယ်တာလား။ မတွေ့တာတောင် ကြာပြီနော်။ မေမေတို့ ဖေဖေတို့ရော နေကောင်းကြရဲ့လား"

သည်အသံကို ဖြူကောင်းကောင်း ရင်းနှီးမိပါသည်။ ဖြူ့အပေါ်ကို သမီးအရင်းကလေးလို ချစ်ရင်းစွဲရှိနေသော မောင့်မေမေပဲပေါ့...။

"သြော် ဟုတ်ကဲ့ အန်တီ၊ နေကောင်းပါတယ်"

ဖြူနှင့် မောင့်အကြားတွင် မည်သို့သော အကြောင်းအရာများ ရှိခဲ့စေကာမူ မောင့်မေမေသည် ဖြူ့အားချစ်ခင်မှု မပျက်ခဲ့သလို ဖြူကလည်း ပုံမှန်အတိုင်းသာ ဆက်လက်ဆက်ဆံခဲ့သည်။

"အသက်က ကြီးလာတော့လည်း ဒူးနာ၊ ခါးနာလောက်တော့ ရှိတာပေါ့ သမီးရယ်။ အခုတော့ သားပြန်ရောက်နေပြီဆိုတော့ အဆင်ပြေပါတယ်။ တစ်ခုခုဆိုလည်း သူပဲ ကုပေါ့ကွယ်။ သမီးနဲ့ရော တွေ့သေးလား။ နောက်လ မင်္ဂလာဆောင်နော်။ လာဖြစ်အောင် လာခဲ့။ ညကတောင် ဖိတ်စာရေးတုန်း သမီးနာမည် တွေ့လိုက်သေးတယ်။"

"ဟင့်အင်း မတွေ့သေးဘူး အန်တီ"

"ဟုတ်လား..ဖိတ်စာတော့ လာဖိတ်လိမ့်မယ်။ ကဲ သမီးရေ အန်တီပြန်လိုက်ဦးမယ်။ သားရောက်တုန်း သူကြိုက်တဲ့ ငါးခေါင်းဟင်းချိုချက်ဖို့ လာဝယ်တာ။ သွားပြီနော် သမီးလေး။ နောက်မှ တွေ့ဦးမယ်"

မောင့်မေမေကတော့ မိခင်တို့၏ ထုံးစံအတိုင်း သားအကြောင်းတွေကို ရေပက်မ၀င်ပြောရင်း ကျေနပ်နေရှာသည် ထင်၏။ ကျောခိုင်းထွက်ခွာသွားသော မောင့်မေမေကို ငေးကြည့်ရင်း ဒါဆိုရင်တော့ မောင်ကအခုမှ လက်ထပ်မှာပေါ့ဟု တွေးနေမိသေးသည်။ ထို့နောက် ဖြူလည်း ၀ယ်စရာရှိတာ ၀ယ်ပြီး အိမ်ပြန်လာခဲ့တော့၏။ အပြန်လမ်းမှာတော့ မောင်နှင့် နန်းစန္ဒီအကြောင်းသာ စဉ်းစားခန်း ဖွင့်နေမိတော့သည်။

မောင် ပြန်ရောက်နေသည်တဲ့လား။ မောင်လက်ထပ်မည့် မိန်းကလေးကရော နန်းစန္ဒီပဲလား။ နန်းစန္ဒီမဟုတ်သော အခြားတစ်ယောက်လား။ ဖြူသိချင်ပါသည်။ ဘာရည်ရွယ်ချက်မှတော့ မရှိခဲ့ပါ။ ရိုးသားစွာ သိချင်စိတ် သက်သက်ပါ မောင်...။ဖြူနှင့်လည်း မတွေ့ဖြစ်သေးသည်မို့ စိတ်ထဲတွင်တော့ ဒွိဟဖြစ်နေမိသည်။ ဘာကြောင့်များပါလိမ့်။ တမင်များ ရှောင်နေလေရော့သလား။ နန်းစန္ဒီကပဲ မတွေ့စေသလား။ စိတ်ထဲတွင် လားပေါင်းများစွာပေါ့။ မိန်းကလေးတို့သဘာဝ ကိုယ့်ချစ်သူရဲ့ ရည်းစားဟောင်းနဲ့ အူတိုတတ်တာတော့ အပြစ်မဟုတ်ပါဘူးလေ။ သဘာဝကျပါသည်။ ထို့အတွက် နန်းစန္ဒီကို ဖြူနားလည် ခွင့်လွှတ်ပေးနိုင်ပါ၏။

အရင်တစ်ခါ မောင်နှင့်တွေ့စဉ်ကတော့ နန်းစန္ဒီကို လက်ထပ်ရန် မသေချာတော့ဟု ပြောခဲ့ဖူးသည်။ ဘာကြောင့်များ ထိုသို့ပြောရပါသလဲ။ အကယ်၍များ နန်းစန္ဒီသည် အပြစ်မဲ့စွာ မောင့်ရဲ့ ထားခဲ့ခြင်းကို ခံရပါလျှင် နန်းစန္ဒီနေရာမှနေပြီး ဖြူစိတ်မကောင်း ဖြစ်နေမိသည်။ ဖြူ့ကို မောင်ထားရစ်ခဲ့ခြင်းသည် နန်းစန္ဒီအပေါ်တွင် သစ္စာရှိဖို့သာ ဖြစ်စေချင်သည်။ ယောက်ျားတစ်ယောက်ကို ချစ်မိသည့် မိန်းကလေးတိုင်းကို အသည်းမကွဲစေချင်သည့် ဆန္ဒသက်သက်ပါ မောင်ရယ်...။ ဖြူခံစားရသလို နန်းစန္ဒီမှ မဟုတ်၊ ဘယ်သူကိုမှ မခံစားစေချင်တာတော့ တကယ့်စိတ်ရင်းပါ။ ဖြူ့အနေနဲ့ကတော့ အခုအချိန်မှာ လူတစ်ယောက်ကို မပိုင်ဆိုင်ရလည်း ချစ်တတ်နေပါပြီ။

.........................

( ၃ )

မောင့်မေမေနှင့် ဈေးမှာတွေ့ပြီး သုံးရက်မြောက်သော တစ်ညနေတွင် ဖြူ့ဆီကို မောင်နှင့် နန်းစန္ဒီ ရောက်လာခဲ့သည်။ ဒီတစ်ကြိမ်တွင်တော့ မောင့်မျက်ဝန်းများသည် လင်းလက်တောက်ပလျက်၊ မောင့်အမူအရာသည် ပေါ့ပါးသွက်လက်လျက်။ မင်္ဂလာဆောင်ကာနီး သတို့သားတစ်ယောက်၏ တက်ကြွမှုအပြည့် မောင့်ထံတွင် တွေ့ရသည်။ နန်းစန္ဒီကတော့ အနည်းငယ် အမ်းတမ်းတမ်း ဖြစ်နေသေးတာကြောင့် ဖြူကပဲ မစိမ်းစေဖို့ စကားလမ်းကြောင်းပေးရသည်။

အခုလောလောဆယ်မှာ မင်္ဂလာပွဲအတွက် ပြင်ဆင်နေရသောကြောင့် ဖြူ့ဆီကို မလာဖြစ်သေးခြင်း ဖြစ်ကြောင်း၊ မောင်တို့မိဘဖက်မှလည်း ရန်ကုန်တွင် အသိုင်းအ၀ိုင်းများကြခြင်း၊ မိန်းကလေးဖက်မှလည်း ရှမ်းပြည်တွင် မိတ်သင်္ဂဟများခြင်းတို့ကြောင့် မင်္ဂလာဆောင်ကို နှစ်နေရာခွဲလုပ်မည် ဖြစ်ကြောင်း၊ ငယ်သူငယ်ချင်း တစ်ယောက်အနေဖြင့် မပျက်မကွက် လာစေချင်ကြောင်း စသည်ဖြင့်ပေါ့လေ။ မောင်ကပြောလိုက်၊ နန်းစန္ဒီကပြောလိုက်နှင့် ခဏအကြာမှာ စကားဝိုင်းလေးကတော့ စိုပြေလာခဲ့သည်။ ဖြူ့အတွက်ကတော့ ထွေထွေထူးထူး ပြောစရာမှ မရှိခဲ့တာလေ...။

ဘာပဲဖြစ်ဖြစ် မောင်ပျော်နေလျှင် ဖြူကျေနပ်ပါသည်။ နန်းစန္ဒီကိုလည်း ပျော်စေချင်ပါသည်။ လူတစ်ယောက်ကို ချစ်ခဲ့ခြင်းသည် မုန်းဖို့မှ မဟုတ်ပဲကွယ်။ ချစ်လက်စသည် ဆက်လက်တည်တံ့စေရမည်။ မောင့်ကိုချစ်လျှင် မောင်ချစ်သော မောင့်ချစ်သူကိုလည်း မချစ်နိုင်လျှင်တောင်မှ မုန်းသူမဖြစ်အောင် ကြိုးစားရမည်ပေါ့။ နန်းစန္ဒီလည်း တော်ပါပေသည်။ မောင်နှင့်ဖြူတို့၏ တစ်ချိန်က အကြောင်းအရာများကို မေ့ထားကာ တစ်ခါမှ မတွေ့မမြင်ဖူးသည့် မိတ်ဆွေအသစ် တစ်ယောက်လို ပုံစံမျိုးဖြင့် စိတ်ထားပြီး ဖော်ရွေနိုင်သည့်အတွက် သည်မိန်းကလေးကို ဖြူလေးစားမိသည်။ နောက်တစ်ခုက သူမ၏ ဖြူစင်မှု။ ဖြူ့အပေါ်တွင် အနိုင်ယူလိုခြင်းမျိုး မရှိသည်ကို သူမ၏ မျက်ဝန်းများတွင် တွေ့နိုင်သည်။ မောင်နှင့် ဖြူ၏ စကားဝိုင်းကိုလည်း မနှစ်သက်ဟန်မရှိသလို တစ်စုံတစ်ယောက် အနေရခက်စေမည့် အပြုအမူမျိုးလည်း မပြုခဲ့သည့် အတွက်လည်း ကျေးဇူးတင်ပါတယ် နန်းစန္ဒီ...။

ထိုညနေက ဖြူ့စိတ်တွေ လွတ်လပ်ပေါ့ပါးနေသည်။ မောင်နှင့်ပြတ်စဲပြီးနောက် မောင့်ချစ်သူသည် ဖြူ့အား သူငယ်ချင်းလိုတစ်ဖုံ၊ ညီအစ်မလိုတစ်သွယ် ရန်မဆောင်ဘဲ ဆက်လက် ရင်းနှီးကျွမ်းဝင်ခဲ့သည်ကို မောင်သိပါလျှင် မောင့်အပေါ်တွင် ဖြူမည်မျှချစ်၍ သဘောထားကြီးကာ သည်းခံခဲ့ကြောင်း မောင်နားလည်နိုင်မည် ထင်ပါသည်။ ထို့အတူ နန်းစန္ဒ္ဒီကိုယ်တိုင်လည်း မောင့်ကိုချစ်သောစိတ်နှင့်သာ ခွင့်လွှတ်နားလည် ထားသည်ဆိုသည်ကို ဖြူနားလည်ပါသည်။ မိန်းမတစ်ယောက်ဟာ ယောကျာ်းတစ်ယောက်ကို ချစ်မိတဲ့အခါ သည်းခံစိတ်တွေပါ အလိုလိုမွေးဖွား လာတတ်သလား...ဖြူ သိချင်ပါသည်။

သည်လောက၊ သည်ဘ၀မှာ ဘယ်သူနဲ့မှ ရန်သူမဖြစ်လိုသလို ဘယ်သူနဲ့မှလည်း အတိုက်အခံ မရှိလိုပါ။ ကိုယ်ချစ်တဲ့ လူတစ်ယောက်ကို မပိုင်ဆိုင်လိုက်ရရင်တောင် မုန်းသူအဖြစ်နဲ့တော့ မစွန့်လွှတ်လိုက်ပါရစေနဲ့။ ချစ်ခြင်းမှာ ပိုင်ဆိုင်ရခြင်း၊ မပိုင်ဆိုင်ရခြင်းက အဓိက မကျပါဘူး။ ချစ်သူရဲ့ ကံကောင်းခြင်းတွေကို မုဒိတာပွားနေနိုင်တဲ့ စိတ်တစ်ခုတည်းနဲ့ ဘယ်နေရာရောက်ရောက် ချစ်နေတတ်ရင် လုံလောက်ပါပြီ။ တကယ်တော့ တစ်ယောက်နဲ့တစ်ယောက် ပေါင်းဖက်ကျတဲ့ နေရာမှာ ချစ်ခြင်းအပြင် နားလည်မှုတွေလည်း ပေါင်းစပ်ပါဝင်နေသည်။ မောင်နှင့် နန်းစန္ဒီတို့ရဲ့ အိမ်ထောင်ရေးမှာ နားလည်မှုမျှတလို့ သာယာပါစေကြောင်းသာ ဆန္ဒပြုမိသည်။ ဖြူ့နှလုံးသားဟာ မောင့်ကိုချစ်တဲ့ စိတ်နဲ့တင် အရာရာကို အကောင်းမြင်တတ်အောင် လေ့ကျင့်ပြီးသား ဖြစ်နေခဲ့ပါပြီ မောင်...။

..................

( ၄ )

စောစောစီးစီး အိပ်ရာကထ၊ မျက်နှာသစ်ပြီးသည့်နောက် မှန်တင်ခုံပေါ်တင်ထားသည့် မိုးပြာရောင် ဖိတ်စာလေးကို ပြန်ကြည့်နေမိသည်။ သည်လိုနေ့ဆိုလျှင် အသစ်စက်စက် မင်္ဂလာမောင်နှံ ဖြစ်တော့မည့် သတို့သားနှင့် သတို့သမီးခမျာ ပင်ပန်းသည့်ကြားကပင် ပျော်ရွှင်နေကြမည်ပေါ့...။မင်္ဂလာပွဲသွားဖို့အတွက် ကြိုတင်အချိန်ယူကာ ပြင်ဆင်ရဦးမည်။ ဖြူ့အတွက်တော့ အပေါ်ယံအလှအပတွေ အများကြီး မလိုအပ်တော့ပါဘူး။ စိတ်ရဲ့ အေးချမ်းမှုကိုပဲ မက်မောတတ်နေပါပြီ။

မြန်မာဆန်ဆန် မင်္ဂလာပွဲမို့ အဖြူရောင်ဖျော့ဖျော့ မြန်မာအင်္ကျီ ခါးတင်ရင်စေ့လက်ဆကနှင့် ချိတ်လုံချည် အဖြူရောင်ကို ရွေးချယ် ၀တ်ဆင်ပြီးနောက် ကျောလယ်ထိအိကျနေသော ဆံစတို့ကို ဘီးနှင့်သိမ်းယူကာ တစ်ဝက်ကို ခပ်ပါးပါး ပြန်ဖြန့်ချပြီး တစ်ဝက်ကို ကလစ်နှင့် ညှပ်သိမ်းလိုက်သည်။ အားလုံးပြီးပြီဟု ယူဆရသောအချိန်တွင် ကိုယ်လုံးပေါ်မှန်ရှေ့ ရပ်ကာ ဘာများလိုနေသေးလဲဟု ရှေ့နောက်ပြန်လှည့် ကြည့်နေမိသည်။ မျက်နှာကိုလည်း သေချာကြည့်ရသည်။ မိတ်ကပ်က ပါးပါးလေးမို့ သူများမင်္ဂလာပွဲမှာ လူမမာပုံစံ ဖြစ်နေမှာလည်း စိုးရသေးသည်လေ။

အားလုံးအပိုအလို မရှိသည့်အခါ အသားရောင် နှုတ်ခမ်းနီ တစ်တောင့်ကိုယူပြီး နှုတ်ခမ်းကို အရောင်တင်လိုက်မိချိန်မှာ "ချစ်တယ်လို့ ပြောတတ်တဲ့ ဖြူ့နှုတ်ခမ်းပါးလေးတွေကို နမ်းချင်တယ်"ဟု ပြောတတ်သော တစ်ချိန်က မောင့်စကားလုံးလေးတွေကို ပြန်လည်အမှတ်ရပြီး မျက်ရည်ဝဲမိတော့သည်။

နှုတ်ခမ်းပါးလေးတွေကို နမ်းချင်တယ်တဲ့လား... အခုတော့ မောင်နမ်းချင်တဲ့ နှုတ်ခမ်းပါးဟာ ဖြူနှုတ်ခမ်းလေးတွေ မဟုတ်တော့ပါလား မောင်ရယ်...။ နန်းစန္ဒီရဲ့ ပန်းနုရောင် နုနုထွေးထွေး နှုတ်ခမ်းပါးလေးတွေကိုသာ မောင်စွဲမက်နေမှာပါ။

ဝဲနေသည့်မျက်ရည် ပါးပြင်ပေါ် မကျအောင် မျက်တောင်နှစ်ဖက်လုံးကို ပုတ်ခတ်ပစ်လိုက်ပြီး ဖြူ့လက်ချောင်းလေးများသည် မှန်တင်ခုံအံဆွဲထဲမှ Chanel နှုတ်ခမ်းနီတောင့်လေးရှိရာကို ရောက်ရှိသွားကာ ညင်သာစွာဖြင့် ထုတ်ယူလိုက်မိသည်။ ထိုနှုတ်ခမ်းနီတောင့်လေးမှာ နိုင်ငံခြားတွင် ကျောင်းသွားတက်နေသော သူငယ်ချင်းတစ်ယောက်က လက်ဆောင်ပေးထားခြင်းဖြစ်ပြီး အသစ်စက်စက် တစ်ခါမှ ထုတ်မသုံးဖူးသေး။ အပြင်ခွံက အနက်ရောင် မှောင်နေ၏။ ရနံ့က ခပ်သင်းသင်း...။ အရောင်က ပန်းဆီရောင်ဖျော့ဖျော့...။

လက်ထဲမှ နှုတ်ခမ်းနီတောင့်လေးကို နောက်ဆုံးအကြိမ် သေသေချာချာ ကြည့်မိရင်း ပန်းနုရောင် နုနုထွေးထွေး နှုတ်ခမ်းပါးလေး တစ်ခုပေါ်တွင် စိတ်ကူးဖြင့် အရောင်ဆိုးပေးမိတော့သည်။

ဖြူတစ်ချိန်က မြတ်နိုးတန်ဖိုးထားစွာ ချစ်ခဲ့ရပါသော မောင်စုပ်ယူနမ်းရှိုက်မည့် မောင့်ချစ်သူ၏ နှုတ်ခမ်းတစ်စုံသည် အစဉ်ထာဝရ ချိုအီမွှေးပျံ့ နေပါစေသား...။

......................


လွမ်းသုရင်
၁၃ ဒီဇင်ဘာ ၂၀၀၈

9 comments:

PHYO said...

အလွမ်း အကြောင်းတွေမရေးပါနဲ့ဆိုမှပြောမရဘူး
ဟင့်ဟင့်

ကိုရင်နော်ခင်လေးငယ် said...

ခံစားရအောင် ရေးတတ်လွန်းတယ်..
တော်လိုက်တာ...

အမြဲခင်တဲ့
ကိုရင်၊ ခင်လေး၊ ကလေးလေး

Moe Myint Tane said...

ညီမ အကို ဦးညွှတ်လိုက်တယ်။ အရေးအသားအရမ်းကောင်းတယ်။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

MANORHARY said...

ခုမှရောက်ဖူးတယ်။စာတွေဖတ်ပြီးကူလွမ်းသွားတယ်နော်...။

Anonymous said...

သဘောထားကြီးနိုင်လိုက်တာဗျာ.. အဲ့လိုချစ်သူမျိုး.. အပြင်မှာလိုချင်စမ်းပါဘိ။း)

မေငြိမ်း said...

အမလည်း ခုမှ လာဖတ်ဖြစ်ပါတယ်။ ဖတ်နေရင်း တခုလေး စဉ်းစားမိတယ်။ ၀တ္ထုလေးက တကယ်ဝတ္ထုပီသတယ်။ တခုပဲ.. သူနဲ့ မောင် ဘာလို့ ကွဲသွားပြီး သူက ဘာလို့ ခွင့်လွှတ်နိုင်တာလဲ... ဘာလို့ အဆက်အဆံ မပြတ်လဲဆိုတာလေး သိချင်လာတယ်။ အဲဒါလေးပါရင် ပိုလှသွားမလား လို့ပါ..။ ဆ၇ာလုပ်တာ မဟုတ်ပါဘူးနော်...

:P said...

တော်တော်အေးချမ်းတဲ့ ဖြူပဲနော်

Anonymous said...

ဖတ်ပြီး ဘာမှမပြောပဲပြန်ရမှာကြီးက ဟုတ်တော့မဟုတ်သေးပါဘူး။ :D
တစ်ခုခုတော့ပြောမယ်ဗျာ။ ဝေဖန်ရေးနဲ့လေကန်ရေးပေါ့နော်။
၁) အရေးအသားကောင်းပါတယ်။ တကယ်လည်း ခံစားရအောင်ရေးဖွဲ့
နိုင်ပါတယ်။ များများရေးနိုင်ဖို့ဆုတောင်းတယ်။ ဖတ်လို့မပြီးသေးတာတွေ
လည်းနောက်မှ လာဖတ်ဦးမယ်။
၂) ဒီစာမှာ အနမ်းကိုဖွဲ့တာ တိုက်ရိုက်ကြီးဖြစ်နေတယ်ဗျာ။ ဘာသာပြန်ဆိုရင်လည်း ဘာသာပြန်လို့ထည့်ရေးပေးပါ။ မြန်မာ ၀တ္ထုတွေမှာဒီလိုတည့်တည့်ရေးတာတွေ မတွေ့ရတော့ တစ်မျိုးပဲဗျ။
၃) ဘာကြောင့်ကွဲသွားတယ်ဆိုတာလေး ထည့်ရေးရင်ပိုကောင်းမယ်။
ဘာလို့လဲဆိုတော့ ဖြူသည် ဖြူစင်တဲ့ကောင်မလေးဖြစ်နေလို့ပါပဲ။
ဒါဆို မောင့်မှာ အပြစ်ရှိလိမ့်မယ်။ ???????

လွမ်းသုရင် said...

ကိုအံ့မင်းညို > ဝေဖန်ပေးသွားတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။
၁) နောက်ထပ်ရေးနှိုင်ဖို့ ကြိုးစားနေပါတယ်။
၂) ဘာသာပြန်တာ မဟုတ်ပါဘူး။ ခံစားချက်အတိုင်း ရေးလိုက်မိတဲ့အတွက် နားလည်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
၃) ဒီပို့စ် မတိုင်ခင် ရှေ့က ပို့စ် ၂ခုကိုပါ ဆက်ဖတ်မိရင် လိမ့်ပတ်လည်သွားမယ်လို့ထင်ပါတယ်။

နောက်လည်း လာရောက်ဝေဖန်ပေးဖို့ ဖိတ်ပါတယ်ရှင့်း)