ဆန္ဒ

လူတိုင်းလူတိုင်းရဲ့ရင်ထဲမှာ

သိတတ်စအရွယ်ကတည်းက

တစ်နေ့နေ့ငါအရွယ်ရောက်လာရင်ဆိုတဲ့

ဆန္ဒလေးတွေ ရှိနေတတ်ကြပါတယ်။

သူမမှာလည်း ရှိခဲ့တာပေါ့။

အခုထိလည်းဆက်လက်ပြီးရှိနေဆဲပါပဲ။

အဲ့ဒီဆန္ဒလေးတွေကဘာလည်းဆိုတော့....

Saturday, October 25, 2008

မုန်းမိမှာလည်း စိုးပါသည်…

(၁)

ကောင်းကင်ယံမှာ တိမ်တွေကင်းစင်လို့ ရာသီဥတုက ကြည်လင်နေသည်။ ခြံထဲကစံပယ်ဖွေးဖွေးလေးတွေရဲ့ သင်းရနံ့က ရှုရှိုက်မိသူရင်ကို လန်းဆန်းအေးမြစေသည်။ မနက်စောစော ရွာထားတဲ့ မိုးပြေးကြောင့် စံပယ်ရွက်လေးတွေနဲ့ ပွင့်ဖတ်လေးတွေမှာ မိုးရေပေါက်လေးတွေ သီနေသည်ကပင် မြင်ရသူကို မျက်စိပသာဒတစ်မျိုး ဖြစ်စေတော့သည်။ စံပယ်ရွက်က အစိမ်းရင့်ရောင်၊ ပွင့်ဖတ်တွေက အဖြူရောင်။ အဖြူနဲ့အစိမ်း ဘယ်လိုတွဲတွဲ ကျက်သရေ ရှိတာပါပဲလားလို့ ကျွန်မ တွေးမိသည်။ ခြံရှေ့က စက်ဘီးသံ တညံညံကြောင့် ခြံအပြင်ကို လည်ဆန့်ကြည့်မိတော့ ကျောင်းတတ်ဖို့သွားကြတဲ့ အထက်တန်းကျောင်းက ကလေးတစ်သိုက်။

ကျောင်းသားတွေ ကျောင်းအသွား စုစုရုံးရုံးနဲ့ကိုမြင်တော့ ငယ်ငယ်က ကျောင်းသားဘ၀ကို ကျွန်မ သတိရသည်။ အသက်ကြီးမှန်းမသိ ကြီးလာလို့ နှစ်ဆယ်ကျော် အစိတ်ပိုင်းကနေ သုံးဆယ်နားကို ကပ်လာပေမယ့် အပြစ်ကင်းတဲ့ ကျောင်းသားဘ၀ကိုတော့ ပြန်တမ်းတ သတိရသည်။ အောက်မေ့သည်။ မြင်ကွင်းထဲမှာ ပြန်မြင်ယောင်တိုင်း ကြည်နူးရသည်။ ကျောင်းသားဘ၀ကို သတိရမိပြန်တော့ ဘယ်လိုမှ ချန်ထားခဲ့ဖို့ မဖြစ်နိုင်သည့် ကျောင်းသွားဖော်သူငယ်ချင်းရဲ့ မျက်နှာက ကျွန်မ အမြင်အာရုံမှာ ပီပြင်သဲကွဲစွာ ပေါ်လာရသည်။

.........................

(၂)

ကျွန်မအသက်ငယ်ငယ် ကိုးတန်း၊ဆယ်တန်း ကျောင်းသားဘ၀၊ နံနက်စောစော ကျောင်းသွားချိန်မှာ ခြံဝကနေ စက်ဘီးဘဲလ်သံ တညံညံပေးလို့ ကျောင်းသွားဖို့ အမြဲလာကြိုခဲ့ဖူးသည်။ စာမေးပွဲရှိရင်တော့ ကိုယ့်အိမ်ကိုယ့်ယာလို သဘောထားပြီး မနက်မိုးလင်းကနေ မိုးချုပ်အထိ အိပ်ချိန်ရောက်မှ သူ့အိမ်ကို ပြန်တတ်သည်။ တစ်နေကုန် ကျွန်မနဲ့ စားအတူ စာကျက်အတူ သင်္ချာတွက်လည်းအတူ စာရှင်းပြရင်း၊ ငြင်းရင်းခုန်ရင်း ရန်ဖြစ်ကြရင်း ပြန်ချော့ကြရင်း သူ့ရှိတာကိုယ်စား၊ ကိုယ့်ရှိတာသူစား၊ ဖြူစင်တဲ့စိတ်ထားတွေနဲ့ သံယောဇဉ်တွယ်လို့ ညှာတာချစ်ခင်ခဲ့ဖူးသည်။

အထက်တန်းကျောင်းသား ဘ၀ကို လွန်မြောက်လေတော့ တက္ကသိုလ်ကျောင်းသားဘ၀၊ စိတ်ကူးယဉ်စ၊ ရင်ခုန်တတ်စအရွယ်။ မနက်စောစော ဝေရီဝေလင်းမှာ နည်းပညာတက္ကသိုလ် ကျောင်းကားမီဖို့ ခြံရှေ့မှာ ဟွန်းသံတတီတီနဲ့ စောင့်ခေါ်တတ်သည်။ သူကတော့ လမ်းမတော် ဆေးကျောင်းတင်ပဲမို့ ကိုယ်တိုင်ကားမောင်းတက်တဲ့သူကိုး။ ခြံရှေ့မှာ ဟွန်းသံပေးပြီးတာနဲ့ တာဝန်တစ်ခုလို ပြုမူတတ်သည်က ကျွန်မခြံရှေ့ တရုတ်စကားပင်က စောစောစီးစီး အလှဆုံး စကားပွင့်ကို သူခူးပေးတတ်ခဲ့ခြင်း။ အနံ့ရယ်လို့ စံပယ်ပန်းလောက် မမွှေးပေမယ့်လည်း သူပေးတဲ့ စကားပွင့်၊ ကျွန်မရင်ထဲမှာ အမြဲလန်းဆန်းခဲ့ရ၏။ ပန်းမပန်တတ်သော ကျွန်မကို ဘာကြောင့်များ ပန်းပေးဖို့ စိတ်ကူးရခဲ့ပါသလဲ။ ကျွန်မကရော ပန်းမပန်တတ်ပေမယ့် သူပေးတဲ့ပန်းကို ဘာကြောင့် နှစ်သက်စွာ ယူမိခဲ့ပါသလဲ။ ကြာလာတော့ ကျွန်မစာအုပ်ကြားတွေတိုင်းမှာ စကားပွင့်ခြောက်လေးတွေက ပိပိပြားပြား ပုံစံကျခဲ့သလို၊ တစ်နေ့တစ်လေများ သူ့ဆီက ပန်းမရရင်တောင် ကျွန်မတစ်နေ့တာမှာ မပြည့်စုံသလိုလို စိတ်ကောက်တတ်လာခဲ့ရသည်။ အဲဒီင်္လိုများ စိတ်ကောက်ရင်တော့ သူချော့တတ်တဲ့စကားက တစ်ခွန်းပဲ ရှိသည်။

"ဒီနေ့ပွင့်တဲ့ စကားပွင့်လေးတွေထဲမှာ နင့်အလှကိုမီတာ တစ်ပွင့်မှ မရှိလို့ပါ" ဟူ၍သာ ...

တကယ်တော့ အရင်နေ့တွေကထက် ကျွန်မ ပိုလှနေပါတယ်လို့ သွယ်ဝိုက်ပြောခဲ့ခြင်းသာ။ ဒါပေမယ့် ကျွန်မစိတ်ကောက်ပြေခဲ့သည်။ ကျေနပ်ခဲ့သည်။ သံယောဇဉ် ဆိုသည် ငြိတွယ်မိလျှင် ပို၍ ပို၍ တိုးတတ်၏။ သတိမထားမိလျှင်လည်း တိုးမှန်းမသိတိုး၏။ သတိထားမိလျှင်လည်း သိသိသာသာ တိုး၏။

ပထမနှစ်၊ ဒုတိယနှစ်တွေတုန်းက သူငယ်ချင်းတွေ တရုန်းရုန်းနဲ့ သွားလာရခြင်းကို ပျော်ရွှင်ခဲ့ဖူးသည်။ သူကျောင်းကိုလာလျှင် ကိုယ့်သူငယ်ချင်းတွေကို ဆေးကျောင်းက ငါ့အချစ်ဆုံး သူငယ်ချင်းလို့ မိတ်ဆက်ပေးတတ်ခဲ့သည်။ သူကလည်း ကျောင်းကိုလာရင် သူ့သူငယ်ချင်းတွေကိုပါ ခေါ်လာတတ်သည်။ တတိယနှစ်ရောက်လာတော့ သူငယ်ချင်းတွေနဲ့ သွားရခြင်းထက် နှစ်ယောက်တည်း သွားရဖို့ကိုသာ သူကြံစည်တတ်လာသည်။ ကျောင်းကို လာလည်သည့်တိုင် သူတစ်ယောက်တည်းသာ များတော့သည်။ ကျွန်မကရော..... အခြားသော မိန်းကလေးသူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးရမှာကိုပင်ဝန်လေးနေသလိုလို...။

အစကရိုးရိုး နောက်တော့တစ်မျိုးတိုးလို့ ချစ်ပြန်ဆိုပဲ...။ ဒီလိုဆို ခက်ပါဘိ ငရဲကြီးတတ်တယ် ရှင့်၊ မတော်ဘူး မောင်ရယ်...လို့ ဆိုခဲ့ပေမယ့် သူက ငရဲကြီးမယ်ဆိုရင်လည်း ဆယ်သက်မက ကြီးစမ်းပါစေတဲ့။ ယောက်ျားတို့မာယာ မကျီးကိုးပင်နှောက်တဲ့အခါ သံမဏိနှလုံးသားမှလည်း မဟုတ်တဲ့ ကျွန်မနှလုံးသားတွေ အရည်ပျော်လို့ သူစကားတွေသာ နားယောင်ခဲ့မိတာလည်း သဘာဝတစ်ခုသာ။ ကျွန်မအတွက် အပြစ်မဆိုနိုင်ခဲ့ပါ။ ဟိုးအရင်က သူပေးခဲ့တဲ့ စကားပန်း စာအုပ်ကြားမှာညှပ်လို့ အမှတ်တရ သိမ်းခဲ့ဖူးပေမယ့် အခုတော့လည်း ပန်းမပန်တတ်တဲ့ကျွန်မ၊ သူပန်ပေးတာကိုပင် ကျေနပ်နေတတ်ခဲ့ပါပြီ။

ချစ်သူဖြစ်ခါစ ခေါ်သားမကျတကျမှာ "နင်နဲ့ငါ" ဆိုတဲ့ အသုံးအနှုန်းကြောင့် သူစိတ်ဆိုးခဲ့ဖူးတာကို ကျွန်မ အမှတ်ရသည်။ အခုနေမှ ခေါ်ဖို့အသားမကျရင် ဘိုးဘွားရိပ်သာကျမှ ခေါ်မှာလားလို့ အထစ်အငေါ့မေးတုန်းက လန့်သလိုလိုနဲ့ ကျွန်မပြုံးမိသည်။ မနက်စောစောစီးစီး အိပ်ရာက မနိုးခင် ဖုန်းဆက်နှိုးလို့ ဘာများအရေးတကြီးလည်းလို့ မေးမိတော့ သတိရလို့ ဖုန်းဆက်တာတောင် ချစ်သူတစ်ယောက်အနေနဲ့ မဆက်ရဘူးလားလို့ သူစိတ်ကောက်တဲ့အခါ ကျွန်မပျော်ရသည်။ ကျွန်မအတွက် အချစ်ဆုံးသူငယ်ချင်းဖြစ်ခဲ့သော သူသည် ကျွန်မ၏ အချစ်ဆုံးချစ်သူလည်း ဖြစ်ခဲ့သည်။ တစ်ခါတစ်လေမှာ မောင်က သိပ်ကလေးဆန်တယ်လို့ ထင်ခဲ့ပေမယ့် ကိစ္စတော်တော်များများအတွက် လူကြီးတစ်ယောက်လို တည်ငြိမ်ခဲ့သည်သာ။

မောင့်ကို ကျွန်မ နှလုံသားတစ်ခုလုံး အပိုင်ပေး၍ ချစ်ခဲ့မိသည်။

ချစ်ခဲ့မိသူကို သတိရလေသောအခါ နှလုံးသားက နုံးချိသလို ခံစားရသည်။ ကျွန်မ ဆက်မတွေးသင့်မှန်း သိပါသည်။ တွေးချင်၍ တွေးခဲ့ခြင်းလည်း မဟုတ်ပါ။ တိုက်ဆိုင်၍ တွေးမိသည်။ တွေးမိ၍ နာကျင်ရသည်။ ကျွန်မကသာ တွေးရင်း နာကျင်နေရပေမယ့် မောင်ကတော့ ဇနီး၊သားသမီးနှင့် ပျော်ရွှင်သောဘ၀မှာ ကျွန်မကို လွမ်းနေလိမ့်မည် မထင်ပါ။ တစ်ခါတစ်လေများ လမ်းကြုံလို့ တွေ့မလားရယ်လို့ စဉ်းစားမိခြင်းသည် ကျွန်မ၏ ရူးသွပ်စွာ စိတ်ကူးယဉ်မျိုးသာ ဖြစ်ပေလိမ့်မည်။ ရှမ်းပြည်တစ်နေရာရာမှာ မောင်အခြေကျနေမည် ဆိုသည်ကို ကျွန်မနားလည်ပါသည်။ အိမ်ထောင်ပြုပြီးသူ ယောက်ျားတစ်ယောက်အား သံယောဇဉ်မကုန်တဲ့ မိန်းမအဖြစ် ကျွန်မ မလိုလားခဲ့ပါ။ ချစ်လက်စမကုန်သော ကျွန်မ၏ စိတ်တို့သည် မောင့်အပေါ်တွင် အချစ်ဆုံးသူငယ်ချင်းတစ်ယောက် အသွင်ဖြင့်သာ...။

...........................

(၃)

ညနေဘက် ရဲရင့်တို့အိမ်မှာ နဂါးရုံဘုရားပင့်ထားတာကြောင့် ဘုရားဖူးရင်း ကူညီစရာရှိတာ ကူညီဖို့ စောစောထွက်လာမိခဲ့သည်။ တစ်နေကုန် ကြည်လင်နေတဲ့ ကောင်းကင်ဟာ ညနေရောက်ပါမှ ဘာကြောင့်များ ညိုချင်ရတာလည်းဆိုတာ ကျွန်မ မစဉ်းစားတတ်။ ရဲရင့်တို့အိမ်ရောက်တော့လည်း ခင်းကျင်းပြင်ဆင်ထားတာတွေကို ကြည့်ပြီး မောင့်ကို ထပ်ခါ သတိရမိပြန်သည်။ ဟိုးအရင်က ဘုရားပင့်ပြီဆိုလျှင် မောင်က တစ်ညလုံး အိမ်မပြန်ပဲ ၀ိုင်းကူတတ်သည်လေ။ ကျွန်မက အလိုက်မသိစွာ အိမ်ပြန်အိပ်ဖို့ပြောရင်တောင် အဲ့ဒီည ရန်ဖြစ်ရတာသာ အဖတ်တင်ပါ၏။ အခုတော့လည်း ရန်ဖြစ်ရမယ့်သူ မရှိတော့ဘူးပေါ့လို့သာ စိတ်ထဲက ရေရွတ်မိသည်။

တဖြည်းဖြည်း ဘုရားဖူးတွေ များလာရင်း ကျွန်မလည်း ၀ိုင်းဝန်းဧည့်ခံလို့ အလုပ်လည်း ရှုပ်လာသလောက် ရှိလာပြီ။ ဧည့်ခံရင်းက စာပွဲဝိုင်းတစ်ခုမှာ မုန့်သွားချအပေးမှာ ဒီလိုအချိန်မှာ တွေ့ရလိမ့်မည် မထင်သောသူကို တွေ့ရသည့်အတွက် ကျွန်မခြေထောက်တွေ ယိမ်းယိုင်လုမတတ် တုန်လှုပ်သွားရသည်။
သို့ပေမယ့် ခွဲခွာချိန်မှာတောင် တည်ငြိမ်စွာ ခွဲခွာနိုင်ခဲ့သေးရင် ပြန်တွေ့တဲ့အချိန်တွင် ငြိမ်သက်နိုင်ဖို့ ကျွန်မ ကြိုးစားနိုင်ရပါမည်။ နောင်တစ်ချိန် ပြန်တွေ့ရင်သာ အပြုံးမပျက် ရင်ဆိုင်နိုင်ဖို့ မျှော်လင့်ပါတယ်လို့ ရေးခဲ့တဲ့ ကျွန်မရဲ့စာတစ်ကြောင်းအတွက် ကျွန်မ ပြုံးပြနိုင်ရပါမည်။ သာမာန် သူငယ်ချင်းဟောင်းတစ်ယောက်ရဲ့ အပြုံးမျိုးနဲ့ လှိုက်လဲစွာ ပြုံးပြရင်း ဖော်ရွေစွာ နူတ်ဆက်ရသည်။

"နင်ဘယ်တုန်းက ပြန်ရောက်နေတာလည်း၊ နေကောင်းတယ် မဟုတ်လား။ ဘုရားရော ဖူးပြီးပြီလား"

"အင်း ကောင်းပါတယ်။ ဒီနေ့ညနေကပဲ ရောက်တယ်။ ရဲရင့်ဆီ ဖုန်းဆက်တော့ ဒီည ဘုရားဖူးရင်း လာခဲ့ဦးဆိုလို့"

"အော်.... "

လန်းဆန်းမှုမရှိသော မောင့်မျက်နှာက မီးရောင်အောက်မှာ ပို၍ဖျော့တော့နေသည်ဟု ထင်ရ၏။ ကျွန်မစကားသံက လန်းဆန်းသွက်လက်နေပေမယ့် မောင့်လေသံက တိုးလျညိုးနွမ်းစွာဖြင့်သာ။ တစ်ချိန်က ချစ်ခဲ့ဖူးသော အချစ်ဆုံးချစ်သူတစ်ယောက်ကို ကိုယ့်မျက်စိရှေ့မှာ ညိုးငယ်စွာ မြင်ရတော့လည်း စိတ်မကောင်းဖြစ်မိတာတော့ အမှန်။ သို့ပေမယ့် ကျွန်မအနေဖြင့် သူငယ်ချင်းတစ်ယောက်ထက် ပို၍ စိတ်ပူရန် အကြောင်းမသင့်တော့ပါ။

"နန်းစန္ဒီရော မပါလာဘူးလား။ နင်တို့ လက်ထပ်ပြီးပြီဆို"

စိတ်ပါသော်ရှိ၊ မပါသော်ရှိ လူဝတ်တရားအရ ပဋိသန္ဓာရ စကားတော့ ဆိုရမည်။ နန်းစန္ဒီဆိုတဲ့ နာမည်ကိုကြားတော့ မောင့်မျက်နှာ အနည်းငယ် ပျက်သွားတာကို ကျွန်မ သတိထားမိလိုက်သည်။

"ဟင့်အင်း လက်မထပ်ရသေးဘူး"

တိုးတိတ်လွန်းသော အဖြေကိုကား ကျွန်မ အားမရ။ ကျွန်မသည် မောင့်နံဘေးတွင် ဆိုးအတူ ကောင်းအတူ အချစ်ဆုံးသူငယ်ချင်းလည်း ဖြစ်ခဲ့ဖူးပါသည်။ တစ်သက်တွင် တစ်ခါသာ ချစ်ခဲ့ဖူးသော အချစ်ဦး၊ အချစ်ဆုံးသူ တစ်ယောက်အဖြစ်လည်း အရိပ်တကြည့်ကြည့် ရှိခဲ့ဖူးပါသည်။ ထို့အတွက် မောင့်သဘော၊ မောင့်စိတ်ကို ကျွန်မ ရိပ်စားမိသည်။ "မောင်ဘာဖြစ်နေသလဲ" ဟူ၍သာ လက်မောင်းနှစ်ဖက်ကို ကိုင်လှုပ်၍ မေးပစ်လိုက်ချင်သည်။ သို့သော် ကျွန်မတွင် ဤသို့သော လုပ်ပိုင်ခွင့် မရှိတော့ပါ။ အရာရာတိုင်းတွင် အချစ်ဆုံးသူငယ်ချင်းဆိုသည့် အတိုင်းအတာအတွင်း၌သာ တင့်တယ်ရပေလိမ့်မည်။

"ဒါဆိုရင်လည်း ငါ့ကို ဖိတ်ဦးနော်။ လားရှိုးဖက်လည်း လာလည်ရင်းပေါ့"

သူမကသာ သွက်လက်စွာ ပြောနေပေမယ့် မောင့်အသံက ဆိတ်ငြိမ်လွန်းလှသည်။ ကျွန်မကို ကြည့်သော အကြည့်တို့က တစ်ခုခုကို တောင်းပန်တိုးလျှိုးနေမှန်း ကျွန်မသိပါသည်။ အဲဒီအတွက် ကျွန်မအနေဖြင့် စကားမပြောပဲ ဆိတ်ငြိမ်၍ နေရမည်လော။ စားပွဲဝိုင်းမှ ထထွက်သွားရမည်လော။ ကျွန်မ မဝေခွဲတတ်ပါ။ စားပွဲဝိုင်းမှာ လူရှင်းတော့ မောင်က ဖြေးညှင်းစွာ စကားဆို၏။

"ငါ တောင်းပန်ပါတယ်။ ငါကို ခွင့်လွှတ်ပါ ဖြူ"

အဆက်အစပ်မရှိ ပြောလာတဲ့စကားအတွက် ကျွန်မ ဘယ်လိုမှ မဆက်စပ်တတ်။ ဘာကို တောင်းပန်တာလည်း ဆိုတော့ ပြီးခဲ့သမျှတွေကို ပါတဲ့။ ခက်ရချည်ရဲ့ မောင်ရယ်။ အရာအားလုံးဟာ ၂ နှစ်ဆိုတဲ့ အတိုင်းအတာ ကြာမြင့်ခဲ့ပါပြီ။ ဘာကြောင့်များ အခုမှ တောင်းပန်စကား ဆိုရပါသလဲ။ လွန်တယ်ကွယ်။ ခွင့်လွှတ်တယ်လို့ ပြောခဲ့ပြီးသား လူကို ခွင့်လွှတ်ပါလို့ ထပ်တောင်းပန်နေတော့ ကျွန်မ ဘာပြောရမယ်ဆိုတာ ခက်ရချည်ရဲ့။

"ရပါတယ် ထားလိုက်ပါတော့။ နင် အဆင်ပြေရင် ပြီးတာပါပဲ"

စကားရှာမရမယ့်အတူတူ စိတ်ထဲရှိတာကို ဖြေလိုက်သည်။ တကယ်လည်း သူအဆင်ပြေရင် ပြီးပါစေလို့သာ ခွင့်လွှတ်ခဲ့သည် မဟုတ်ပါလား။

"အဲ့လို မထင်ပါနဲ့ဟာ။ ငါ မှားမှန်းသိခဲ့ပါပြီ။ အခုလည်း သူနဲ့လက်ထပ်ဖြစ်ချင်မှ လက်ထပ်ဖြစ်တော့မယ်။ ငါလိုချင်တဲ့ ဘ၀လက်တွဲဖော်ဟာ ဒီလို ပုံစံမဟုတ်ဘူး။ ငါခဏတာ စိတ်လှုပ်ရှားခဲ့တယ်။ မှားခဲ့တယ်။ ငါ့အပေါ်မှာ ဘယ်သူ အကောင်းဆုံးလည်းဆိုတာ နားလည်နေပါပြီ"

သက်ပြင်းတစ်ချက်ကို ပြင်းပြင်းရှိုက်ထုတ်ရင်း စားပွဲဝိုင်းမှ ထပြန်ဖို့ ပြင်လိုက်ပြီး တစ်ခါတည်း နှုတ်ဆက်လိုက်သည်။

"အေးပါ ကိုယ့်ကိုယ်ကို ဂရုစိုက်ပေါ့။ ငါ ပြန်ဦးမယ်။ မိုးချုပ်နေမှာ စိုးလို့နော်။ ရဲရင့် လာလိမ့်မယ်"

ကြည့်ကောင်းအောင် ပြောပြီး ရဲရင့်ကို လိုက်ရှာ နှုတ်ဆက်ကာ လှည့်ပြန်ခဲ့သည်။ ကျွန်မ ဒီအကြောင်းတွေကို ဘာတစ်ခုမှ မကြားလိုတော့ပါ။ ဖြေသိမ့်ပေးစရာ စကားလုံးလည်း မရှိတော့ပါ။ အရာရာတိုင်းသည် သူ့စိတ်တိုင်းကျ ရွေးချယ်ခဲ့ခြင်းသာ ဖြစ်သည်။

ကျွန်မ ရင်ခွင်ထက် အရာရာသာလွန် အေးချမ်းလိမ့်မည်ဟုထင်သော အခြားမိန်းကလေးတစ်ယောက်၏ ရင်ခွင်သို့ ပြေးဝင်ခိုလှုံခဲ့စဉ်ကလည်း ကျွန်မ မောင့်ကို မမုန်းခဲ့ပါ။ ယခုထိလည်း ချစ်နေဆဲ မှန်သည်။ စိတ်ချမ်းသာပါစေဆိုသည့် ဆန္ဒနှင့်သာ ခွင့်လွှတ်ခဲ့သည်။ ကျွန်မအပေါ်တွင် သစ္စာဖောက်ခဲ့ခြင်းသည် အခြားတစ်ဖက်တွင် သစ္စာရှိ၍ ဖြစ်သည်ဟု မှတ်ယူခဲ့သည်။ သို့သော် တခြားသူ ရင်ခွင်မှာ မပျော်မွေ့တဲ့အခါ ကျွန်မရင်ခွင်သို့ လည်ပြန် လှည့်မကြည့်မိစေဖို့ ကျွန်မ ဆုတောင်းသည်။

ကိုယ့်အလိုတစ်ခုတည်းကိုသာ ကြည့်ပြီး ဘယ်သူ့အပေါ်မှာမှ သစ္စာမရှိတဲ့ ယောက်ျားအဖြစ် မုန်းမိမှာစိုးလို့ပါ မောင်...

.................................

လွမ်းသုရင်

၂၅ အောက်တိုဘာ ၂၀၀၈

7 comments:

Unknown said...

မောင်သိပါစေ .. ရဲ့  အဆက်ထင်တယ်နော် ..
ကောင်းတယ် .... ဆက်ရေးပါ ...
အားပေးပါတယ် ............

မောင်ဖားကြီး said...

အချိတ်အဆက်တွေနဲ့
ဆွဲဆောင်နိုင်တယ်အစ်မရေ
အရေးအသားတွေက တော့ရှယ်ပဲ

Unknown said...

"ဒီနေ့ပွင့်တဲ့ စကားပွင့်လေးတွေထဲမှာ နင့်အလှကိုမီတာ တစ်ပွင့်မှ မရှိလို့ပါ" တဲ့လား အမရေ။ ဝတ္ထုထဲက စကားလုံးတွေကတော့ အရည်ပျော်သွားနိုင်တယ်နော် အမး)

ရွှေပြည်သူ (ShwePyiThu) said...

ပထမဆုံး ပြောချင်တာက အရေးအသားသိပ်ကို ကောင်းတယ် ညီမလေးရေ... “ကိုယ့်အလို တစ်ခုတည်းကိုသာ ကြည့်ပြီး ဘယ်သူ့အပေါ်မှာမှ သစ္စာမရှိတဲ့ ယောက်ျားအဖြစ် မုန်းမိမှာစိုးလို့ပါ မောင်...” တဲ့... အစ်မအကြိုက်ဆုံး အပိုင်းလေးပါပဲ... ၀တ္ထုကောင်းတွေ အများကြီး ဆက်ရေးနိုင်ပါစေ...

khin oo may said...

ပြောရခက်တယ် ဒီလို ကိတ်စ က…

:P said...

အရေးအသားအရမ်းကောင်းတယ်

Anonymous said...

ဆိုတော့... နောက်နှစ်ခုကို ဆက်ဖတ်ပြီး ကျွန်တော်က ဘာကိုဝေဖန်ရ တော့မှာပါလိမ့်။ ကိုယ့်ကိုကိုယ်ပဲဝေဖန်ပြီးလှည့်ပြန်တော့မယ်ဗျာ...။
၁) မောင်သိပါစေကိုဖတ်ပြီး တောက်.. ဒီမိန်းမတော်တော်ပျော့ညံ့တာပဲ
အိမ်လာတဲ့အချိန် ဆံပင်ဆွဲပြီးပါးရိုက်ပစ်ရမှာ။ လူကိုမုန်းလို့မဟုတ်ဘူး။
အချစ်ကိုစော်ကားလို့...။
၂) အဲဒီစိတ်ဖြစ်ပေါ်ပြီးသကာလ မုန်းမိမှာလည်းစိုးပါသည်ဆက်ဖတ်တော့
သြော်.. ငါ့စိတ်နဲ့ရိုင်းလိုက်လေခြင်း၊ မှားလေခြင်းလို့ခံစားမိတယ်။
ဖြူရေ.. ဖြူမှန်ပါတယ်။ စာနောက်မှာမျောပါသွားတဲ့ကျွန်တော့်အမှား
တွေပါ။ ဆက်ရေးပါ၊ ကျွန်တော်ခံနိုင်ရည်ရှိတဲ့နေ့ပြန်လာမယ်။