ဆန္ဒ

လူတိုင်းလူတိုင်းရဲ့ရင်ထဲမှာ

သိတတ်စအရွယ်ကတည်းက

တစ်နေ့နေ့ငါအရွယ်ရောက်လာရင်ဆိုတဲ့

ဆန္ဒလေးတွေ ရှိနေတတ်ကြပါတယ်။

သူမမှာလည်း ရှိခဲ့တာပေါ့။

အခုထိလည်းဆက်လက်ပြီးရှိနေဆဲပါပဲ။

အဲ့ဒီဆန္ဒလေးတွေကဘာလည်းဆိုတော့....

Saturday, October 18, 2008

မောင်သိပါစေ...

( ၁ )

ကလင်...ကလင်...ကလင်

နားထဲကို စူးစူးရဲရဲ ၀င်ရောက်လာတဲ့ ဖုန်းသံကြောင့် ရင်ခုန်သံတွေ တဒိတ်ဒိတ်နဲ့ မြန်လာရတယ်။ ရဲရင့်ဆီကများ ဖြစ်ခဲ့ရင်ဆိုတဲ့ အသိကြောင့်လည်း ပိုပြီး စိတ်လှုပ်ရှားမိတယ်။ ဘုရား...ဘုရား...တစ်ခုခုတော့ အဆက်အသွယ် ရပါစေလို့ စိတ်ထဲက ကြိတ်ဆုတောင်းရင်း ဖုန်းကိုင်လိုက်တယ်။

"ဟဲလို..."

"ဖြူလား... ငါ ရဲရင့်ပါ"

"အေး..ပြော သူငယ်ချင်း၊ ဖုန်းဆက်လို့ရလား။ ဘာတဲ့လဲဟင်..."

"မေ့လိုက်တော့...တဲ့"

"ဟင်..."

xxxxx

လောကကြီးတစ်ခုလုံး ချာချာလည်သွားသလို မြင်ကွင်းအားလုံးလည်း ပြာဝေသွားပါတယ်။ ရဲရင့် ဘာဆက်ပြောလဲဆိုတာလည်း မကြားတော့ပါဘူး။ လက်ထဲမှာ ကိုင်ထားတဲ့ ဖုန်းကိုတောင် ချမိလား၊ မချမိလား သတိမထားမိ။ မျက်ဝန်းအိမ်မှ မျက်ရည်ပေါက်များသာ တွင်တွင်စီးကျလို့ လာပါတော့တယ်။

"မေ့လိုက်တော့တဲ့လား...ပြောရက်လိုက်တာ မောင်ရယ်...မေ့လိုက်တော့ ဆိုတဲ့ စကားတစ်ခွန်းဟာ ချစ်ခဲ့ဖူးတဲ့ သံယောဇဉ်ကြိုးတွေ အားလုံးကို လွယ်လွယ်ကူကူ ဖြတ်တောက်လို့ ရနိုင်တဲ့ ဓားတစ်ချောင်းလား မောင်ရယ်..."

........................................

( ၂ )

ညနေခင်း လေနုအေးတွေ တိုက်ခတ်နေပေမယ့် ဖြူ့ရင်ထဲမှာတော့ နွေခေါင်ခေါင်မှာ နေပူနေသလို ပူလောင်နေရပါတယ်။ မေ့လိုက်တော့ဆိုတဲ့ စကားတစ်ခွန်းနဲ့ ဖြစ်ပျက်သမျှ အားလုံး ပြီးဆုံးပြီးဆုံးသွားရမှာလားလို့ တွေးရင်း ၀မ်းနည်းနေမိတယ်။ ကြီးမားတဲ့ ပြဿနာမရှိပါဘဲ ဘာလို့များ မေတ္တာအိမ်လေးကို ဖျက်ဆီးပစ်ချင်ရတာလဲ။ တစ်သက်လုံးစာ ရည်ရွယ်ပြီး အချစ်တွေအားလုံး မောင့်ထံပါးမှာ ပေးအပ်ခဲ့တယ်ဆိုတာ မောင်သိဖို့ကောင်းပါတယ် မောင်ရယ်...။

"ဟိတ် ကောင်မလေး..ဘာတွေငေး..."

"အမလေး...ကျွတ်ကျွတ်ကျွတ်... ရဲရင့်ရယ် နင်ကလည်း အသံလေး ဘာလေးမပေးဘူး။ လန့်လို့သေတော့မယ်"

"ဟား ဟား ဟား..ငါရောက်နေတာ ကြာလှပေါ့။ နင်ကသာ ငေးချင်ရာ ငေးနေပြီးတော့"

"ဟယ်...ဟုတ်လား"

ဘယ်လောက်ထိ စိတ်တွေလွင့်ပျံနေလဲဆိုတာ ကိုယ့်အနားကို လူရောက်လို့ ရောက်လာမှန်း မသိလောက်အောင်ပါပဲ။ ရဲရင့်တစ်ယောက် အသံပြုမှပဲ လိပ်ပြာလွင့်မတတ် လန့်သွားရတယ်လေ။ ရဲရင့်ကတော့ သူ့ပုံစံအတိုင်း အမြဲပဲ ရယ်နေပေမယ့် ဖြူမရယ်နိုင်ပါဘူး။

"ဖြူ...နင် ရုံးမတက်တာ ၂ရက်ရှိပြီဆို။ နင့်ရုံးကို ဖုန်းဆက်တော့ နင့်သူငယ်ချင်း တစ်ယောက်က ပြောတာ"

ရဲရင့်ရဲ့ မေးခွန်းက မှန်နေတာကြောင့် ဘာမှစောဒက မတက်တော့ဘဲ ခေါင်းငြိမ့်လို့ ၀န်ခံလိုက်တယ်။

"ဟင်း...ဘာလို့ အဲ့ဒီလို လုပ်ရတာလည်း သူငယ်ချင်း။ နင်ဘယ်လို ခံစားနေရလဲဆိုတာ ငါသိပါတယ်။ ငါလည်း တတ်နိုင်သလောက်တော့ သူ့ကိုဆက်သွယ်နေတာပဲ။ ဒီကောင်ကလည်း ဘာတွေလုပ်နေမှန်းကို နားမလည်ပါဘူးဟာ..."

ရဲရင့် စိတ်ပျက်စွာနဲ့ သက်ပြင်းတစ်ချက် ရှိုက်လိုက်တယ်။ သူစိတ်ပျက်မယ်ဆိုလည်း စိတ်ပျက်စရာပါပဲ။ ဖြူကိုယ်တိုင်တောင် ဘယ်လိုမှ ဆက်သွယ်လို့ မရနိုင်တာ ရဲရင့်လည်း ဒီလိုပဲ နေမှာပေါ့။

"ဒီကောင် နင့်ကို လုံးဝအဆက်အသွယ် မလုပ်ဖူးလား"

"ဟင့်အင်း...အရင်တစ်ခါ ရန်ကုန်က ပြန်ကတည်းက လုံးဝ မဆက်သွယ်တော့တာ။ အခုဆိုရင် သုံးလလောက်တောင် ရှိနေပြီ။ သူ့အိမ်ကို ဆက်တော့လည်း ပြောပေးမယ်လို့ ပြောတာပဲ။ ဆေးရုံကိုဆက်တော့လည်း အဆင်မပြေပါဘူးဟာ။ ဒါကြောင့်နင့်ကို ငါအကူအညီတောင်းတာပေါ့။"

"အေး..ငါလည်း အဲ့ဒီတစ်ခါပဲ ဆက်လို့ရလိုက်တာ။ ငါမေးသေးတယ် ဘာလို့ဖြတ်ချင်တာလဲလို့။ ဖြတ်မယ်ဆိုရင်လည်း ကိုယ်တိုင်တော့ ပြောသင့်တယ်လို့။ သူကနင့်ကို ဖုန်းဆက်ဦးမယ်လို့ ပြောသွားတာပဲဟ"

ဖြူ ဘာဆက်လုပ်သင့်လဲ၊ ဘာဆက်လုပ်ရမလဲ ဘာတစ်ခုမှ စဉ်းစားလို့မရတော့။ ရဲရင့်ဆိုတာက မောင်နဲ့ညီအစ်ကိုလို ပေါင်းတဲ့သူငယ်ချင်း။ သူတောင်မှ မတတ်နိုင်ဖူးဆိုတော့ ဘယ်သူကများထပ်ပြီး ကူညီနိုင်ပါ့မလဲ။ စဉ်းစားလို့ရတာက တစ်ခုပဲရှိတာကြောင့် ရဲရင့်ကိုပြောမိတယ်။

"ငါသူ့ဆီကို လိုက်သွားရင် ကောင်းမလားဟင်..."

"ဟာ..ဖြူ နင်အဲ့လို စိတ်လိုက်မာန်ပါ မလုပ်နဲ့လေ။ နင်ကမိန်းကလေး၊ နင်လိုက်သွားပြီး သူနဲ့မတွေ့ရင် ဘာထူးမှာတုန်း။ တွေ့ရတော့ရော ဘာပြောမှာလဲ။ နင်အဲ့လို လိုက်သွားတာ မိန်းကလေး တစ်ယောက်အနေနဲ့ သိက္ခာကျပါတယ်ဟာ"

"ဟင်း..."

"ခဏတော့ စောင့်ကြည့်ပါဦးဟာ။ နင့်ကိုငါ ကူညီနိုင်သလောက် သူညီပါ့မယ်"

"ကျေးဇူးပါပဲ ရဲရင့်ရယ်"

"ဒါဆိုလည်း နင်နေကောင်းအောင်နေဦး။ ငါဆေးခန်းဝင်ရဦးမှာမို့လို့ ပြန်ဦးမယ်"

နှုတ်ဆက်ပြီး ကသုတ်ကရက် ထွက်သွားတဲ့ ရဲရင့်ကို ဘာစကားမှတောင် မပြောနိုင်ပဲ ဆိတ်ငြိမ်စွာနဲ့ ဖြူကျန်ခဲ့တော့တယ်။ ဒီအချိန်မှာ တိုင်ပင်စရာဆိုလို့ ရဲရင့်တစ်ယောက်ရှိနေလို့သာ တော်တော့တယ်။ ရဲရင့်နဲ့မောင်က နှစ်ကိုယ့်တစ်စိတ် သူငယ်ချင်းဖြစ်သလို မောင်နဲ့ပတ်သက်ပြီး ဖြူ့အပေါ်လည်း မောင်နှမလို၊ သူငယ်ချင်းလို ရင်းနှီးခဲ့တယ်လေ။ မောင်နဲ့ဖြူအကြောင်းကိုလည်း ရဲရင့်အသိဆုံးရယ်ပါ။

တကယ်တမ်းဆိုရင် ဖြူနဲ့မောင်က အထက်တန်းကျောင်းမှာ ကတည်းက ငယ်သူငယ်ချင်းတွေပါ။ ဆယ်တန်းအောင်တော့ မောင်က ဆေးကျောင်းတက်ခွင့်ရခဲ့ပြီး ဖြူကတော့ ကိုယ်ဝါသနာပါရာ အင်ဂျင်နီယာလိုင်းကိုပဲ ရွေးခဲ့တယ်။ ကျောင်းမတူတော့ပေမယ့် မောင်တစ်ယောက် ဖြူ့ဆီကိုအမြဲရောက်ခဲ့သလို ရောက်လာတိုင်းလည်း ရဲရင့်က ပါလာတတ်လေတော့ သူ့ကိုပါဖြူလည်း ခင်နေမိသလို တခြားသူငယ်ချင်းတွေနဲ့လည်း ရင်းနှီးခဲ့တယ်လေ။

အိုးချင်းထားတော့ အိုးချင်းထိ၊ ကြိုးချင်းထားတော့ ကြိုးချင်းငြိသတဲ့။ သူငယ်ချင်းရယ်လို့ အနေတွေကြာ၊ သံယောဇဉ်တွေ တစ်ထပ်ပြီးတစ်ထပ် ရစ်ပတ်လို့ နားလည်မှုတွေနဲ့ တည်ဆောက်လာတဲ့အခါ မောင်နဲ့ဖြူ နှစ်ယောက်တည်းအတွက် အချစ်အိမ်လေးတစ်ခု ဖြစ်လာခဲ့တယ်။ အဲ့ဒီအချစ်အိမ်လေးဟာ ၅၂၈ဆိုတဲ့ မောင်နှမအချစ်၊ သူငယ်ချင်းအချစ်တွေ၊ ၁၅၀၀ဆိုတဲ့ ချစ်သူတစ်ယောက်လို ချစ်ရခြင်းတွေနဲ့ ပေါင်းစပ်ထားတဲ့ ၂၀၂၈မေတ္တာတွေနဲ့ ဖွဲ့စည်းခဲ့တာပါ။

ကျောင်းတက်နေတဲ့ ကာလတစ်လျှောက်လုံး ဖြူ့ဆီကို မောင်လာတိုင်း တစ်ခါတစ်လေမှာ မောင်နဲ့ပါလာတတ်တဲ့ သူငယ်ချင်းတွေက မယုယဖြူကတော့ ကံကောင်းမှာပါ၊ မြဲခိုင်က ကျောင်းမှာသိပ်အေးတာ။ တခြားကောင်မလေးတွေနဲ့လည်း သိပ်ပြီးအရောတ၀င်နေတာ မဟုတ်ဖူးလို့ ပြောကြတိုင်း မောင့်အပေါ်မှာ ယုံကြည်မှုတွေ တိုးခဲ့ရတယ်။ အမလေးဗျာ ဒီကောင်ကြီးက ဖြူမှဖြူ၊ ဖြူကလွဲရင် တခြားသူကို မိန်းကလေးလို့ မထင်ဘူးဆိုတဲ့ စကားသံတွေကြောင့် ဖြူကျေနပ်ခဲ့တယ်။

သူငယ်ချင်းသမီးရည်းစား အတွဲတွေကြားမှာ ဖြူ့ကိုမောင်ချစ်တဲ့အချစ်တွေ၊ ကြင်နာမှုတွေ၊ ဂရုစိုက်မှုတွေဟာ သူများနဲ့မတူအောင်ကို အားလုံးကသြချရတဲ့အခါ ဖြူ့အပေါ်သိပ်ချစ်ခဲ့တဲ့ မောင့်ကိုချစ်သူအဖြစ် ပိုင်ဆိုင်ရခြင်းအတွက် ဂုဏ်ယူခဲ့မိတယ်။ ယောက်ျားပီသတဲ့ ရုပ်ဆင်းအင်္ဂါ၊ အသားဖြူဖြူ အရပ်ကောင်းကောင်းနဲ့၊ တည်ကြည်ခန့်ညားတဲ့ချစ်သူ မောင့်လက်ကိုတွဲလို့ ဘယ်လောက်ဝေးဝေး ကမ္ဘာအပြင်ဘက်ထိတောင် ထွက်သွားဖို့ဝန်မလေးခဲ့ပါဘူး။ မောင့်ကိုအဲ့ဒီလောက်ထိ ဖြူယုံကြည် အားကိုးခဲ့ပါတယ်။ ချစ်ခဲ့ပါတယ်။ မြတ်နိုးတန်ဖိုးထားခဲ့ပါတယ်။

ဒီလိုနဲ့ပဲ နှစ်ယောက်လုံး ကျောင်းတွေပြီးလို့ ဘွဲ့တွေအသီးသီးရခဲ့တယ်။ ဖြူကတော့ရန်ကုန်မှာပဲနေပြီး ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်ဖြစ်ခဲ့ပေမယ့် မောင်ကတော့ တာဝန်ကျရာ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ကို သွားခဲ့ရတယ်လေ။ ဘွဲ့ရပြီးငါးနှစ်ကြာမှ လက်ထပ်မယ်လို့ သဘောတူခဲ့ကြပြီး အနေဝေးပေမယ့် ဘယ်တော့မှသွေးမအေးခဲ့ကြဖူး။ တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်မပြတ်ခဲ့ကြဘူး။ ဖြူကိုယ်တိုင်လည်း မောင့်အပေါ်မှာ သစ္စာစောင့်ခဲ့သလို မောင့်ကိုလည်း ဘယ်တုန်းကမှ ဖြူသံသယမရှိခဲ့ပါဘူး။ အသက်လောက်မြတ်နိုး တန်ဖိုးထားခဲ့ရတဲ့ ချစ်သူကို ဖြူယုံကြည်ပြီးသားပါ မောင်ရယ်။

ဒီလောက်ချစ်ခဲ့ပြီးမှ ဘာလို့အဆက်အသွယ်ဖြတ်ခဲ့သလဲ။ လမ်းခွဲစကားတွေ ပြောခဲ့သလဲဆိုတာကို ဖြူနားမလည်နိုင်ပါဘူး။ ပြီးခဲ့တဲ့တစ်ခေါက် ရန်ကုန်ကိုပြန်တုန်းကတောင် မောင့်အမူအရာက ဘာမှမပျက်ယွင်းခဲ့ဖူး။ ဖြူ့အပေါ်မှာ ချစ်မြဲ၊ ဂရုစိုက်မြဲ၊ နောက်တစ်ခါ ရန်ကုန်ပြန်ရင် စေ့စပ်ထားကြမယ်လို့တောင် ပြောခဲ့ကြသေးတာ။ ဘယ်လိုများဖြစ်လို့ မေတ္တာအိမ်လေးတစ်လုကို ဖျက်ဆီးဖို့ကြံရွယ်ရသလဲကွယ်...။

...............................................

( ၃ )

အခုတလော ဘယ်ဘက်အောက်မျက်ခမ်းတွေ အရမ်းလှုပ်နေတာကြောင့် ဖြူတစ်ယောက်စိတ်ပူမိတယ်။ မောင်နဲ့လည်း အဆက်အသွယ်မရတော့ ပိုဆိုးတာပေါ့။ သူဘာများဖြစ်နေလို့ပါလိမ့်လို့ တွေးတွေးပြီး သောကရောက်ရတယ်။ ဖြူ့အပူကိုဘယ်သူမှ မကူနိုင်ပါဘူး။ ရဲရင့်ကလည်း ဆေးရုံအလုပ်၊ ဆေးခန်းအလုပ်တွေနဲ့ မအားတာကြောင့် ဖြူ့ဆီလည်း မရောက်ဖြစ်တာ ကြာခဲ့ပါပြီ။ ဖြူ့အတွက် စိတ်ဖြေရာက ဘုရားကလွဲလို့ ဘာမှမရှိတော့ဘူးလေ။ စိုးရိမ်စိတ်တွေနဲ့ ဖြူတစ်ယောက်တည်း ဘုရားမှာ ညနေတိုင်းပုတီးသွားစိတ်ခဲ့တာ နှစ်ပတ်ကျော်ခဲ့ပြီ။

တစ်ညနေ ရုံးကဆင်းလို့ ဘုရားသွားဖို့ပြင်တုန်းမှာ တစ်ရုံးတည်းအတူတူဖြစ်တဲ့ သူငယ်ချင်းရွှေစင်က ရှမ်းပြည်က သူ့သူငယ်ချင်းတစ်ယောက် လူကြုံထည့်ပေးလိုက်တာ သွားယူဖို့ရှိကြောင်း၊ သွားရမှာကလည်း ညနေဘက်ဖြစ်နေတော့ အပြန်အဖော်မရှိလို့ လိုက်ခဲ့ပေးပါဆိုတာနဲ့ ဘုရားမသွားဖြစ်တော့ပဲ ရွှေစင်နဲ့ အဖော်လိုက်ခဲ့မိတယ်။ ကားပေါ်မှာ လမ်းတလျှောက် စကားတပြောပြောနဲ့ပေါ့။

"ဖြူရယ် အားနာလိုက်တာဟယ်။ နင်ဘုရားသွားတာ ပျက်သွားပြီပေါ့နော်။ ငါလည်းတစ်ယောက်တည်း ဖြစ်နေလို့ပါ"

"ရပါတယ် အားနာစရာမှ မဟုတ်တာ။ ဒါနဲ့ နင့်သူငယ်ချင်းက ရန်ကုန်ကို အလည်ပဲလား"

"ငါ့သူငယ်ချင်းတော့ မဟုတ်ဖူးဟ။ ငါ့သူငယ်ချင်းရဲ့အသိ။ အလည်လို့တော့ ပြောတာပဲ။ ငါလည်း သိပ်မသိပါဘူး။ အခု ခြောက်မိုင်ခွဲမှာ နေတယ်တဲ့"

"သြော်..."

ကိုယ်နဲ့လည်း ဘာမှထွေတွေထူးထူး သက်ဆိုင်ခြင်းမရှိတာကြောင့် ဘာမှဆက်မမေးတော့ပဲ စကားကိုအဆုံးသတ်လိုက်တယ်။ ရုံးဆင်းချိန် မြို့ထဲကနေ ခြောက်မိုင်ခွဲကိုလာတော့ ဘတ်စ်ကားတွေက ကြပ်လိုက်တာ ချွေးကိုပေါက်ပေါက်ကျရော။ လှည်းတန်းရောက်မှ အသက်ရှူနိုင်တော့တယ်။ ခြောက်မိုင်ခွဲရောက်တော့ အိမ်လိပ်စာက ရှာရမခက်ပဲ တန်းတန်းမတ်မတ်တွေ့လို့သာ။ အိမ်ရှေ့ရောက်တော့ ရွှေစင်က မရဲတရဲနဲ့ အဲ့ဒီအိမ်ကပဲလို့ထင်ရတဲ့ အစ်မတစ်ယောက်ကို မေးကြည့်တယ်။

"ဒီမှာရှင့် ... ဒီအိမ်မှာ နန်းစန္ဒီဆိုတာများ ရှိသလား မသိဘူးနော်"

"ဟုတ်တယ် ညီမလေး။ လူကြုံလာယူတယ်ထင်တယ်။ လာလာ အထဲဝင်ကြပါဦး"

အိမ်ရှင်အစ်မကြီးကတော့ ပျူပျူငှာငှာပါပဲ။ အိမ်ထဲရောက်တော့ သံပုရာရည်အေးအေးလေး နှစ်ခွက်လာချတာနဲ့ မောနေတာအတော်ပဲဆိုပြီး ကုန်အောင်သောက်ပစ်လိုက်တယ်။ ခဏကြာတော့ အတွင်းဘက်အခန်းကနေ အသားဖြူဖြူ၊ ပါးချိုင့်ကလေးနှစ်ဖက်နဲ့ ချစ်စဖွယ် မိန်းကလေးတစ်ယောက် ထွက်လာနှုတ်ဆက်တယ်လေ။

"မရွှေစင်ဆိုတာ ထင်ပါရဲ့။ စောင့်နေရတာ ကြာပြီလားဟင်။ စန္ဒီရေချိုးနေလို့ နည်းနည်း နောက်ကျသွားတယ်။ အားနာစရာ..."

စကားသံလေးက ခပ်ဝဲ၀ဲ၊ ရှမ်းမလေးဖြစ်ဟန်တူပါရဲ့။ ဖြူတို့နဲ့တော့ ရွယ်တူမဟုတ်တာ သေချာပါတယ်။ အနည်းဆုံး နှစ်နှစ်၊ သုံးနှစ်လောက်တော့ ငယ်မယ့်ပုံလေးပါ။ သွက်လက်ချက်ချာပြီး ဖော်ရွေပုံပါပဲ။

ရွှေစင်က မကြာသေးပါဘူးလို့ အေးအေးဆေးဆေးပြန်ဖြေပြီး ထွေရာလေးပါး စကားပြောရင်း ယူစရာရှိတာတည်း ယူပြီးပြီမို့ ပြန်ဖို့ပြင်လိုက်တယ်။ ပြန်ကာနီးမှ မိန်းကလေးက တစ်ခုခုကို သတိရဟန်တူပြီး ခဏလေးနော်လို့ ပြောပြီးအိပ်ခန်းထဲ ပြေးဝင်သွားပြန်တယ်။ ပြန်ထွက်လာတော့ လက်ထဲမှာ အိတ်လေးတစ်ခုကို ကိုင်လာပြီး ဖြူတို့ရှေ့ရောက်မှ အိတ်ထဲကနေ စာအိတ်လေးတစ်ခုကို ဆွဲထုတ်ပေးလိုက်တယ်။ စာအိတ်လေးနဲ့အတူ ခပ်ပါးပါးအရာလေးတစ်ခု မြေပြင်ပေါ်ကို ကျသွားလေရဲ့။

"အဲ... ကျသွားပြီ"

ပြောပြောဆိုဆို ကျသွားတဲ့ အရာလေးကိုဖြူက လှမ်းကောက်မိတဲ့အခါ ဖြူ့မျက်လုံးလေးတွေ ၀ိုင်းစက်သွားပါတယ်။

"ဟယ်...ကိုကို့ ဓါတ်ပုံ"

ရုတ်တရက် နန်းစန္ဒီပါးစပ်က ထွက်သွားတဲ့ ကိုကိုဆိုတဲ့ စကားလုံး။ ဓါတ်ပုံလေးကိုတလှည့်၊ နန်းစန္ဒီကိုတလှည့် ကြည့်ရင်းက မှင်သက်နေမိတဲ့ ဖြူ့ကို ရွှေစင်တစ်ယောက် နားမလည်စွာကြည့်နေသလို၊ နန်းစန္ဒီကလည်း ထိတ်လန့်တဲ့ မျက်လုံးလေးတွေနဲ့ပေါ့။ အနားမှာရွှေစင်ရှိနေတာကြောင့် ကိုယ့်ကိုယ်ကိုထိန်းကာ ဘာမှပြန်မပြောတော့ပဲ မချိတဲ့အပြုံးတစ်ခုနဲ့ နှုတ်ဆက်ရင်း တိတ်ဆိတ်စွာ အိမ်ကိုပြန်လာခဲ့ပါတယ်။ ရင်ထဲမှာတော့ မီးတောင်တစ်ခု အရှိန်ပြင်းပြင်း ပေါက်ကွဲခဲ့ပါပြီ။

ကိုကိုလို့ ခေါ်လိုက်တဲ့ နန်းစန္ဒီရဲ့ အသံလေးက ဖြူ့နားထဲက မထွက်နိုင်သေး။ သူများတွေရှေ့မှာ ချုပ်ထိန်းလာရတဲ့ မျက်ရည်တွေက အိမ်ပြန်ရောက်တဲ့အခါ တာကျိုးပေါက်သလို ထိန်းလို့မရအောင် ကျဆင်းခဲ့ပြီလေ။ ဖြူသိပ်ပြီးမြတ်နိုး တန်ဖိုးထားခဲ့ရတဲ့ မောင်၊ ဖြူ့ကိုသိပ်ချစ်ပါတယ်ဆိုတဲ့ မောင်က အခုတော့လည်း နန်းစန္ဒီဆိုတဲ့ မိန်းကလေးတစ်ယောက်အတွက် မေ့လိုက်ပါတော့ဆိုတဲ့ စကားတစ်ခုကို ပြောထွက်ရက်ပြီပေါ့နော်။ လုပ်ရက်လိုက်တာ မောင်ရယ်...။

မောင်နဲ့ပတ်သက်ရင် ဘာမဆို ရဲရင့်ကိုတိုင်ပင်နေကြပေမယ့် လောလောဆယ်တော့ ဘာမှလည်း မသေချာသေးတာကြောင့် မပြောသေးပဲ ဖြူတစ်ယောက်တည်း သေချာအောင် စုံစမ်းဖို့ ဆုံးဖြတ်လိုက်တယ်။ ဖြူသိပ်ယုံကြည်ခဲ့တဲ့ ဖြူ့ချစ်သူဟာ သစ္စာမရှိတဲ့ ယောက်ျားလို့ ၀ိုင်းပြောကြမှာကို ဖြူမလိုလားပါဘူး မောင်ရယ်...။

....................................

( ၄ )

ခြစ်ခြစ်တောက်နေက တစ်ကိုယ်လုံးကို ချွေးတွေရွှဲနေအောင် ပူနေသလို ဖြူရင်ထဲမှာလည်း နေဆယ်စင်းမကပါပဲ။ ချိန်းမိလို့သာ လာခဲ့ရပေမယ့် စိတ်ကတော့ အလေးသား။ မောင့်ကိုလည်း အဆက်အသွယ်မရ၊ နန်းစန္ဒီဆိုတဲ့ ကလေးမကလည်း ပေါ်လာခဲ့ပြီမို့၊ ရှင်းရှင်းလင်းလင်း သိရဖို့ ရွှေစင့်ဆီကတစ်ဆင့် ဖုန်းနံပါတ်တောင်းပြီး ဖုန်းဆက်ကာ အေးအေးဆေးဆေး စကားပြောဖို့ အိုင်ဘီစီ ကန်တင်းမှာ ချိန်းခဲ့ကြခြင်းပါပဲ။

တကယ်တော့ ယောကျာ်းတစ်ယောက်နဲ့ ပါတ်သက်ပြီး တခြားမိန်းမတစ်ယောက်နဲ့ စကားပြောရမှာကို ဖြူသိပ်ရှက်ပါတယ်။ မပြောမဖြစ်လို့သာ ရှင်းအောင်ပြောရမှာ ဖြူ့စိတ်ထဲကတော့ အဆုံးအစွန်ထိ မျှော်လင့်ထားပြီးသားပါ။ ယောက်ျားတစ်ယောက်ကို အတူတူချစ်ကြတဲ့ မိန်းမနှစ်ယောက် ဘယ်လိုခံစားချက်မျိုးနဲ့ မျက်နှာချင်းဆိုင် စကားပြောရမလဲ။ ဘာပဲဖြစ်ဖြစ် မောင့်ကိုချစ်တဲ့စိတ်နဲ့ ဖြူမလုပ်ချင်ဆုံး အလုပ်တစ်ခုကိုတော့ လုပ်ခဲ့ရပါပြီ။

ဖြူတွေးနေသလိုပဲ နန်းစန္ဒီဆိုတဲ့ မိန်းကလေးကရော ဘာတွေတွေးနေမလဲ။ ဖြူကိုယ်ချင်းစာမိပါတယ်။ ဒေါက်တာတည်မြဲခိုင်နဲ့ ပတ်သက်ပြီး စကားနည်းနည်းလောက် ပြောပါရစေဆိုတဲ့ ဖြူ့အသံကို ကြားလိုက်ရတဲ့ တစ်ဖက်မိန်းကလေးမှာ ဘယ်လောက်အထိ ခြောက်ခြားတုန်လှုပ်သွားမလဲဆိုတာ မိန်းကလေးချင်းမို့ ဖြူနားလည်ပါတယ်။ မောင်ရယ်...ဘာကြောင့်များ ဒီခြေအနေထိ ဖြစ်ရတာလဲကွယ်။ ရာနှုန်းပြည့်ယုံကြည်မိတဲ့ ဖြူကပဲမှားခဲ့ပြီလား။ ဘာမှမစဉ်းစားတတ်တော့ပါဘူး။ ဖြစ်လာသမျှကို အကောင်းဆုံးဖြစ်အောင် ရင်ဆိုင်ဖို့ပဲ ခံနိုင်ရည်ရှိအောင် ဖြူကြိုတင်ပြင်ဆင်ထားပါတယ် မောင်...။

အိုင်ဘီစီကန်တင်းထဲကို ၀င်လိုက်တာနဲ့ ထောင့်ကျကျစားပွဲတစ်ခုမှာ ခပ်ငေးငေးလေးထိုင်နေတဲ့ နန်းစန္ဒီကို တွေ့လိုက်ရပါတယ်။ ခပ်ယဲ့ယဲ့လေးတစ်ချက် ပြုံးလိုက်ရင်း သူမနဲ့မျက်နှာချင်းဆိုင်မှာ ဖြူနေရာယူလိုက်တော့ နန်းစန္ဒီကလည်း အပြုံးမပျက်ပဲ မမဘာသောက်မလဲတဲ့လေ။ နက်စ်ပလိမ်းဆိုရင် ရပါပြီလို့ ပြန်ဖြေရင်း အိတ်ထဲက တစ်ရှူးလေးတစ်ရွက်ထုတ်ကာ နဖူးနဲ့လည်တိုင်မှာ စို့နေတဲ့ ချွေးစလေးတွေကို ခပ်ဖွဖွသုတ်နေလိုက်တယ်။ ခဏကြာတော့ အငွေ့တစ်ထောင်းထောင်းထပြီး သင်းနေတဲ့ရနံ့လေးနဲ့ နက်စ်ကော်ဖီတစ်ခွက် ဖြူ့ရှေ့ကို ရောက်လာခဲ့တယ်။ ဘာဦးတည်ချက်မှမရှိပဲ ကော်ဖီခွက်ကိုပဲ ဖြူစိုက်ကြည့်နေမိသလို၊ နန်းစန္ဒီကလည်း အအေးပုလင်းထဲက ပိုက်လေးကို စည်းချက်ကျကျ လှုပ်ယမ်းဆော့ကစား နေလေရဲ့။ အမောပြေသလောက် ရှိမှပဲ ဖြူနဲ့နန်းစန္ဒီတို့ရဲ့ စားပွဲဝိုင်းလေးရဲ့ တိတ်ဆိတ်ခြင်းကို ဖြူကပဲ စတင်ဖျက်ဆီးလိုက်တယ်။

"ညီမလေးနဲ့ ဒေါက်တာတည်မြဲခိုင်က ချစ်သူတွေပေါ့နော်"

"ဟုတ်ပါတယ် မမ"

မျက်လွှာလေးချပြီး ပြန်ဖြေတဲ့ နန်းစန္ဒီရဲ့ မျက်နှာက ပြုံးခြင်းမဲ့ခြင်း အလျဉ်းမရှိပေမယ့် အပြစ်ကင်းလှချည်ရဲ့လို့တော့ ထင်မိသား။

"ဒေါက်တာတည်မြဲခိုင်မှာ လက်ထပ်ဖို့အထိ ရည်ရွယ်ထားတဲ့ ချစ်သူတစ်ယောက် ရန်ကုန်မှာ ရှိတယ်ဆိုတာရော ညီမလေးကြားဖူးသလားဟင်..."

တစ်လုံးချင်းပြောနေတဲ့ ဖြူ့အသံက ထင်ထားတာထက်ပိုပြီး ပြတ်သားနေခဲ့တယ်။

"ကိုကိုနဲ့ ကျောင်နေဖက် သူငယ်ချင်း၊ ကိုကိုလားရှိုးရောက်တဲ့အထိ အဆက်အသွယ်ရှိတယ်။ နောက်တော့ ဖြတ်မယ်လို့ပြောတယ်။ အဲ့ဒါ မမလားဟင်"

သိမယ်လို့ ထင်မထားတဲ့ အကြောင်းအရာတစ်ခုကို သိနေတဲ့အတွက် ဖြူအံ့သြရပါတယ်။

"ဘယ်သူပြောခဲ့တာလဲ ညီမလေး"

"ကိုကိုပဲ ပြောခဲ့တာပါ။ ဒါပေမယ့် သူကအဲ့ဒီမမကို ဖြတ်မယ်လို့ ပြောခဲ့ပါတယ်။ စန္ဒီလည်း ပြတ်သွားတယ်လို့ ထင်လို့ ကိုကို့ကို ပြန်ချစ်ခဲ့မိပါတယ်။ နောက်ပိုင်းလည်း ဒီအကြောင်းတွေကို ပြန်မမေးဖြစ်ခဲ့ပါဘူး"

ဖြတ်မယ်လို့တောင် ပြောခဲ့သလားမောင်ရယ်။ ၂၀၂၈ချစ်ခြင်းတွေက ၁၅၀၀အချစ်ကိုတောင် မမီနိုင်တော့ဘူးလား။ စိတ်မကောင်းခြင်းတွေနဲ့ ဖြူစကားဆက်ရပြန်ပါတယ်။

"မမတို့ မပြတ်ခဲ့ကြဖူး ညီမလေး"

"ရှင်..."

ရုတ်တရက် မော့ကြည့်လိုက်တဲ့ နန်းစန္ဒီရဲ့ ပါးပြင်လေးတွေက မိတ်ကပ်လိမ်းစရာမလိုပဲ ပန်းသွေးရောင် ပြေးနေလေရဲ့။

"ညီမလေးတို့ ချစ်သူဖြစ်တာ ဘယ်လောက်ကြပြီလဲ။ မမကို အမှန်အတိုင်း ပြောလို့ရပါတယ်၊ အားမနာပါနဲ့"

"တစ်နှစ်ကြော်ပါပြီ။ စန့္ဒီဖေဖေက ကိုကို့ဆေးရုံက ဆေးရုံအုပ်ပါ။ ဖေဖေနဲ့ပတ်သက်ပြီး ကိုကိုနဲ့စန္ဒီရင်းနှီးခဲ့ပါတယ်။ ပထမတော့မောင်နှမလို ခင်ခဲ့ရာက နောက်ပိုင်းမှာ ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။ ရန်ကုန်က ချစ်သူကိုလည်း ဖြတ်မယ်လို့ ပြောခဲ့ပါတယ်။ အခုဆိုရင် လူကြီးတွေကိုတောင် နားဖောက်ပြီးပါပြီ။
ဝါမ၀င်ခင် စေ့စပ်ထားပြီး သီတင်းကျွတ်ရင် လက်ထပ်ကြဖို့ပါ"

နန်းစန္ဒီရဲ့ စကားအဆုံးမှာ ဖြူ့အတွက် စကားလုံးတွေ စွန့်အသွားခဲ့ရပါပြီ။ ဒါကြောင့်လည်း မေ့လိုက်တော့လို့ ပြောခဲ့တာပေါ့။ ယောကျာ်းတစ်ယောက်ကို ယုံကြည်မိတဲ့အတွက် ဖြူရော၊ စန္ဒီပါ မလိုလားအပ်တဲ့ အခြေအနေတစ်ခုမှာ ရင်ဆိုင်နေကြရပြီလေ။

"မမ အနေနဲ့ မပြတ်သေးဘူးဆိုလာတော့ စန္ဒီကိုကို့ကို ဖုန်းဆက်ပြီး မေးပါဦးမယ်"

နန်းစန္ဒီက ပြေပြေလည်လည်ပြောလာတာမို့ ဖြူကလည်း ချိုချိုသာသာပဲ ငြင်းလိုက်ပါတယ်။

"ရပါတယ် ညီမလေး၊ မမ သူ့ကိုရအောင် ဆက်သွယ်မှာပါ။ သူနဲ့ပြောပြီးရင်တော့ အဖြေတစ်ခု အတိအကျထွက်မှာပါ။ မမလည်း ပြန်လိုက်ပါဦးမယ်။

အကြောင်းစုံပြောပြတဲ့ စန္ဒီ့ကိုလည်း ကျေးဇူးတင်ပါတယ်။"

ဖြူက တစ်ခါတည်း စားပွဲကထလို့ ပြန်ဖို့ပြင်လိုက်တယ်။ ဖြူ့မှာ ပြောစရာစကား ကုန်နေပြီလေ။ ပြန်မယ်လုပ်ခါမှ နန်းစန္ဒီရဲ့ စကားတစ်ခုက ထိန်းချုပ်ထားတဲ့ ဖြူ့စိတ်တွေကို ပေါက်ကွဲသွားစေခဲ့ပါတယ်။

"မမ... စန္ဒီတို့အခုလို စကားပြောခဲ့ကြတာ မှန်ပေမယ့် မမစိတ်ထဲမှာ ပြိုင်ဘက်တွေလို့ သဘောမထားပါနဲ့နော်။ စန္ဒီအနေနဲ့လည်း မမကို ပုံမှန်မိတ်ဆွေ တစ်ယောက်လိုပဲ သဘောထားပါတယ်"

ပြုံးပြုံးလေး ပြောလိုက်တဲ့ စန္ဒီ့စကားဟာ ဖြူ့ရဲ့တိမ်မြုပ်နေတဲ့ မာနကိုအမှတ်မထင် ထိခိုက်သလို ဖြစ်သွားတာတော့ တကယ်ပါ။ ပြိုင်ဘက်တွေလို့ မမှတ်ပါနဲ့တဲ့လား။ ဘယ်အရာကို ပြိုင်ရမှာလဲ နန်းစန္ဒီရယ်။ ယောကျာ်းတစ်ယောက်အတွက် အခြားသောမိန်းမတစ်ယောက်နဲ့ ယှဉ်ပြိုင်မယ့် သူထဲမှာ ယုယဖြူဆိုတဲ့ မိန်းမ မပါဘူးဆိုတာ နန်းစန္ဒီ သိသင့်ပါတယ်။

"ပြိုင်ဘက်လို့ သတ်မှတ်စရာ မလိုပါဘူး ညီမလေးရယ်။ မမ အနေနဲ့က ဒေါက်တာတည်မြဲခိုင်ကို လက်ထပ်ရရင်လည်း ကိုယ်ချစ်တဲ့သူကို ပိုင်ဆိုင်ရလို့ နိုင်ပါတယ်။ ဒေါက်တာတည်မြဲခိုင်နဲ့ ဝေးရင်လည်း ပိုနေမြဲကျားနေမြဲ ကိုယ့်ဘ၀ကိုကိုယ် ဆက်လျှောက်ရုံပါပဲ။ ဘာမှယုတ်လျော့သွားခြင်း မရှိတဲ့အတွက် နိုင်ပြီးသားပါပဲ။ အစကတည်းက မတူတဲ့သူနှစ်ယောက်ဟာ ဘယ်တော့မှ ပြိုင်ဘက်မဟုတ်ပါဘူး ညီမလေးရယ်"

စကားအဆုံးမှာ ဘာကိုမှလှည့်မကြည့်ပဲ ကျောခိုင်းကာ ထွက်လာခဲ့တော့တယ်။ နားထင်သွေးရောက်နေတဲ့ ဒေါသကိုချုပ်ထိန်းပြီး အတည်ငြိမ်ဆုံး အနေအထားနဲ့ ပြန်ပြောခဲ့ပေမယ့် ယုယဖြူရဲ့ အသံတွေဟာ တုန်ရင်နေပါတယ်။ တကယ်တော့လည်း ယောက်ျားတစ်ယောက်ဟာ ကိုယ့်အပြင် တခြားမိန်းမတစ်ယောက်ကို စိတ်ထဲထည့်နိုင်တယ် ဆိုကတည်းက ကိုယ့်ဆီမှာ ရာနှုန်းပြည့်စိတ်မရှိဘူးဆိုတာ သေချာနေတာပါ။ အဲ့ဒီလိုယောကျာ်းကို ဘယ်လိုအကြောင်းကြောင့်နဲ့များ ကိုယ့်ဆီကို စိတ်ပြန်လည်လာအောင် ချော့ခေါ်စရာ အကြောင်းရှိပါသလဲ။

ယုယဖြူဆိုတဲ့ မိန်းမဟာ အဲ့ဒီလိုဖျောင်းဖျချော့ခေါ်တတ်တဲ့ အတတ်ပညာကို မတတ်ကျွမ်းခဲ့သလို၊ မျက်ရည်ခံထိုးပြီး အသနားခံမယ့် မိန်းမလည်း မဟုတ်ဖူးဆိုတာ မောင်နားလည်ဖို့ သင့်ပါတယ်။ အကြောင်းအရာ တစ်ခုကို သေသေချာချာ မသိရပါပဲ၊ ကာယကံရှင်ကို မမေးမြန်းပါပဲ တစ်ဖက်စကားနဲ့တင် မဆုံးဖြတ်ချင်လို့ မောင့်ကိုဆက်သွယ်မယ်လို့ ဆုံးဖြတ်ထားပေမယ့် ဖြူဘာလုပ်ရမယ်၊ ဘာလုပ်သင့်တယ် ဆိုတာကို နားလည်ထားပြီးသားပါမောင်...။

..............................................

( ၅ )

ပတ်ဝန်းကျင်မှာရှိတဲ့ အရာတိုင်းဟာ မပြောင်းမလဲ ပုံမှန်လှုပ်ရှားနေကြပေမယ့် ဖြူတစ်ယောက်ကတော့ ပုံမှန်မဟုတ်တာ သေချာပါတယ်။ တလောကလုံးဟာ ဖြူနဲ့ဘာမှ မဆိုင်သလို ငြိမ်သက်နေမိတယ်။ နားလည်လွယ်အောင် ပြောရရင် ဒီအချိန်မှာ ဖြူ့အသက်ကိုရမှ ကျေနပ်မယ်ရယ်လို့ တောင်းတဲ့သူ ရှိရင်တောင် အသက်ကိုပေးလိုက်ဖို့ မနှမြောတဲ့အထိ ဖြူ့စိတ်တွေက အရာရာကို အဆုံးမဲ့ခွင့်လွှတ်ခြင်း၊ နားလည်လိုက်လျောခြင်းတွေနဲ့ ပြည့်နှက်လို့နေတယ်။

"ဖြူမဟုတ်တဲ့ တခြားမိန်းမတစ်ယောက်ဟာ ဖြူ့ထက်မောင့်ကို ပိုချစ်ပြီး စိတ်ချမ်းသာပျော်ရွှင်အောင် ထားနိုင်စွမ်းရှိတယ်ဆိုရင်၊ သူနဲ့နေလို့ မောင့်အတွက်ပြည့်စုံတယ်ဆိုရင် ဖြူ့ကို အချိန်မရွေး ထားခဲ့နိုင်ပါတယ်။ ဖြူကျေကျေနပ်နပ် နေခဲ့ပါ့မယ်မောင်ရယ်။ အဲ့ဒါ မောင့်ကို ချစ်လွန်းလို့၊ စိတ်ချမ်းသာစေချင်လွန်းလို့ပါ။ ဒါပေမယ့် ဖြူ့နှလုံးသားဟာ စိတ်ရှိတိုင်း ၀င်ထွက်လို့ရတဲ့ ဇရပ်တစ်ခုတော့ မဟုတ်ဘူးနော်။ ထွက်သွားဖို့ ဆုံးဖြတ်ပြီးရင် ဘယ်တော့မှ ပြန်ဝင်ဖို့ မကြိုးစားပါနဲ့တော့။ ဘယ်တော့မှ ပြန်ဝင်ခွင့်ပြုနိုင်မှာ မဟုတ်တော့လို့ပါမောင်..."

ရုံးဆင်းလို့ အိမ်အပြန် လမ်းတလျှောက် ချစ်သူကိုပြောချင်တဲ့ စကားတွေကို စိတ်ထဲကရေရွတ်ရင်း နောက်ကနေလှမ်းခေါ်တဲ့ အသံတစ်ခုကိုကြားလို့

လှည့်ကြည့်မိတော့... ရဲရင့်...

"ဖြူ... နင်အိမ်ပြန်မလို့လား၊ ငါလည်း နင့်ဆီလာတာ၊ အတော်ပဲ တစ်ခုခုစားရင်း စကားပြောကြတာပေါ့"


ရဲရင့်ရဲ့ အဆိုကို မလှုပ်မယှက် ဆိတ်ဆိတ်ငြိမ်စွာနဲ့ပဲ ဆင်ခြေကင်းမဲ့စွာ လက်ခံမိတယ်။ ကြိုးဆွဲရုပ်လေးတစ်ရုပ်လို ဖြူ့ရင်ထဲမှာ စကားတွေကုန်ခမ်းလို့ နေပါပြီ။ ဘယ်သူကိုမှ၊ ဘယ်အရာကိုမှ ဆန့်ကျင်တိုက်ခိုက်လိုခြင်း မရှိအောင်ကို အရာရာကို ခွင့်လွှတ်လိုက်ရောတတ်နေပါပြီ။ အေးအေးဆေးဆေးရှိတဲ့ အအေးဆိုင်တစ်ဆိုင်ရောက်တော့ ရဲရင့်ကပဲ ဦးဆောင်နေရာယူပြီး ထောပတ်သီးဖော်ရည်နှစ်ခွက် မှာလိုက်တယ်။ ပြီးမှ ငြိမ်သက်နေတဲ့ ဖြူ့ကိုကြည့်ရင်း လေးတွဲ့တွဲ့စကားတစ်ခုကို ဆိုလာပါတယ်။

"မြဲခိုင်ဆီကို ဖုန်းဆက်လို့ ရပြီ ဖြူ..."

ဖြူ့ အာရုံတွေ ချက်ခြင်းနိုးကြား သွားရပါတယ်။

"ဘာပြောသေးလဲ ရဲရင့်"

"ငါသိပြီးပြီ ဖြူ၊ ဒီကောင် သိပ်လွန်တယ်ကွာ။ သူမိုလို့ နင့်ကို လုပ်ရက်တယ်။ တောက်..."

ရဲရင့်ရဲ့ မျက်နှာက ဒေါသကြောင့် နီမြန်းနေပါတယ်။

"ထားလိုက်ပါတော့ ရဲရင့်ရယ်... သူလာဦးမလား ရန်ကုန်ကို"

"နောက်တစ်ပတ်ထဲ လာမယ်တဲ့"

"ငါသူနဲ့ တွေ့ဖြစ်အောင် တွေ့မယ်"

ဟန်ဆောင်မှု ကင်းမဲ့တဲ့ ယုယဖြူရဲ့ စကားသံတွေက ဘယ်လောက်ထိ ၀မ်းနည်းနေသလဲဆိုတာကို ရဲရင့်တစ်ယောက် နားလည်နေမှာပါ။ အသံကသာ ကြေကွဲမှုကို ဖော်ကျူးနေပေမယ့် မျက်ဝန်းအိမ်မှာတေ့ မျက်ရည်ဥလေးတစ်စက်မှ မသီခဲ့ပါဘူး။

"ရဲရင့်...ငါသူ့ကို မုန်းလည်း မမုန်းဘူး။ အပြစ်လည်း မတင်ဘူး။ သူစိတ်ချမ်းသာသလို လုပ်သွားတာပဲဆိုတဲ့ စိတ်နဲ့ပဲ ခွင့်လွှတ်ထားတယ်။ ဒါပေမယ့်..ဟိုး အရင်က ငါ့ကိုသိပ်ချစ်တဲ့၊ ငါကသိပ်ချစ်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက် ဆုံးရှုံးသွားတဲ့အတွက်တော့ သိပ်ဝမ်းနည်းတယ်။ အခုငါ့ရင်ထဲမှာ ခံစားနေရတာ အဲ့ဒီတစ်ခုပဲ ရှိတယ်။"

ပြောရင်းက ဖြူ့အသံတွေ အက်ကွဲတိမ်ဝင်သွားရတယ်။

"ဖြူရယ်.. နင်သူ့ကို ဘယ်လောက်ချစ်တယ်ဆိုတာ ငါသိပါတယ်။ နင်ငိုချင်ရင် ငိုလိုက်နော်။ စိတ်ထဲမှာ ပေါ့သွားအောင်"

"ရတယ် သူငယ်ချင်း။ ငါလည်း ငိုပစ်လိုက်ချင်တယ်။ ဒါပေမယ့် ဘာကြောင့် မျက်ရည်တစ်စက်မှ မကျသလဲဆိုတာကို ငါကိုယ်တိုင်လည်း နားမလည်ဘူး။"

"သူလာရင် သေချာ ပြောကြဦးပေါ့။ ငါကတော့ နင်တို့နှစ်ယောက်ကို မပြတ်စေချင်တာ အမှန်ပဲ။ ဒီကောင်ကွာ... တကယ်ဆိုရင် နင့်ကို တေ့တေ့ဆိုင်ဆိုင် ပြောသင့်တယ်"

ရဲရင့် ပြောရင်းက ဒေါသသံတွေပါ ပါလာရတယ်။

"သူငါ့ကို ပြောမထွက်လို့ နေမှာပေါ့ဟယ်၊ နင်လည်း ငါ့ကို ဂတိတစ်ခုတော့ ပေးပါဟာ"

"ဘာ ဂတိလဲ"

"ဒီအကြောင်းတွေကို နင်ဘယ်သူ့ကိုမှ မပြောပါနဲ့။ ငါတောင်းပန်ပါတယ်။ တည်မြဲခိုင်ဆိုတာ ငါမြတ်မြတ်နိုးနိုးချစ်ခဲ့တဲ့ ယောက်ျားတစ်ယောက်ပါ။ အဲ့ဒီလိုချစ်ခဲ့တဲ့အတွက်လည်း အဆုံးထိအောင် ငါချစ်သွားမှာပါ။ ငါမြတ်နိုးခဲ့တဲ့ ယောကျာ်းတစ်ယောက်ဟာ သစ္စာမဲ့တဲ့ ယောက်ျားလို့ အပြောမခံစေချင်ဖူး။
အဖြစ်မခံနိုင်ဖူး သူငယ်ချင်းရယ်။ ငါပြောတာ နင်နားလည်ပါတယ်နော်"

"ယုယဖြူ... နင်ရူးနေလား။ ကိုယ့်ကိုယ်သစ္စာဖောက်သွားတဲ့ ယောက်ျားကိုတောင် နင်က သူ့ဘက်က လိုက်ပြီး ကာကွယ်နေသေးတယ်။ ဘာဖြစ်လဲဟာ..သူသစ္စာမရှိတာဟာ သစ္စာမရှိတာပဲပေါ့။ နင်ဘာလို့ အမှန်အတိုင်း မပြောနိုင်ရမှာလဲ"

တည်မြဲခိုင်အတွက် ဖြစ်တည်လာတဲ့ ရဲရင့်ရဲ့ ဒေါသတွေဟာ ယုယဖြူအပေါ်ကို ချက်ချင်း ကျရောက်သွားတော့တယ်။

"အမှန်အတိုင်း မပြောနိုင်လို့ မဟုတ်ဘူး။ အမှန်အတိုင်း ပြောတာဟာ တည်မြဲခိုင်ဆိုတဲ့ ယောက်ျားဟာ သစ္စာမရှိတဲ့ ယောက်ျားပါလို့ ကြေငြာတာနဲ့ အတူတူပဲ။ အဲ့ဒီလိုပဲ ငါကရော သစ္စာမရှိတဲ့ ယောကျာ်းတစ်ယောက်ရဲ့ အပြစ်မရှိပဲ စွန့်ပစ်ခြင်းခံရတဲ့ မိန်းမတစ်ယောက်ပါလို့ အသနားခံတာနဲ့ အတူတူပဲ။ ယုယဖြူဆိုတဲ့ မိန်းမက ကိုယ်ချစ်တဲ့ ယောက်ျားကို သူများလက်ညှိုးထိုးပြီး ပြောတာလည်း မခံနိုင်ဘူး။ ကိုယ်ကိုယ်တိုင်လည်း သူများအသနားမခံဘူး။ ကိုယ်ချစ်တဲ့ လူတစ်ယောက်ရဲ့ သိက္ခာကိုနောက်ဆုံးအချိန်ထိ ကာကွယ်ရမယ်။ ငါ့ပတ်ဝန်းကျင်၊ ငါ့မိဘကိုတောင် တည်မြဲခိုင်က ကောင်းနေပါရက် ယုယဖြူကသာ စိတ်မရှိတော့လို့ ဖြတ်လိုက်တယ်ပဲ ဖြစ်စေရမှာပါ။ အချိန်က စကားပြောလာလို့ နောက်ပိုင်းမှာ ဘာတွေဖြစ်ဖြစ်၊ ငါ့အနေနဲ့တော့ ဘယ်တော့မှ တည်မြဲခိုင် သစ္စာဖောက်ပါတယ်လို့ မပြောနိုင်ဘူး။ အဲ့ဒါ ငါ့ခံယူချက်နဲ့ ဆုံးဖြတ်ချက်ပဲ။ ငါမြတ်မြတ်နိုးနိုးချစ်ခဲ့တဲ့ ချစ်သူအပေါ်ထားတဲ့ ငါ့ရဲ့အချစ်နဲ့ သစ္စာတရားပဲ"

စိတ်ထဲရှိသမျှ ဖွင့်အံလိုက်တဲ့ အချိန်မှာတော့ ဖြူ့စိတ်ထဲမှာ အရာရာပေါ့ပါးသွားသလို ခံစားလိုက်ရတယ်။ မထင်မှတ်တဲ့အချိန်မှာ မထင်မှတ်တဲ့ စကားလုံးတွေကို ကြားလိုက်ရတဲ့ အတွက်လည်း ရဲရင့်တစ်ယောက် ဘာမှပြန်မပြောနိုင်လောက်အောင်ကို ငြိမ်သက်သွားသလို၊ ယုယဖြူရဲ့ နူးညံ့ပြတ်သားတဲ့ မျက်နှာကို သေသေချာချာ စိုက်ကြည့်ရင်းက...

"ငါ နားလည်ပါပြီ သူငယ်ချင်းရယ်။ နင်တောင်းတဲ့ ဂတိအတိုင်း ဖြစ်စေရပါမယ်"

မိုးလည်း ချုပ်စပြုနေပြီမို့ စကားစကိုဖြတ်ပြီး အိမ်ကိုပြန်ခဲ့ကြတယ်။ ရဲရင့်ကတော့ အိမ်ထိရောက်အောင် လိုက်ပို့သွားပေမယ့် လမ်းတလျှောက် နှစ်ယောက်လုံး ဆိတ်ဆိတ်ငြိမ်လျက်။ နေလုံးလည်း ကွယ်ခဲ့ပြီ။ လောကတစ်ခုလုံးလည်း အမှောင်ကျခဲ့ပြီ။ ဖြူ့ရင်ထဲက ဒေါက်တာတည်မြဲခိုင်ဆိုတဲ့ မောင်ဟာလည်း အဲ့ဒီနေ့ကစလို့ ပျောက်ကွယ်ခဲ့ပြီ။ မောင်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ အတိတ်တွေဟာလည်း ပျောက်ကွယ်ခဲ့ပါပြီ။ မပျောက်ကွယ်ရင်လည်း ပျောက်ကွယ်သွားအောင် မေ့ထားနိုင်ဖို့ ဖြူ့မှာ ခံနိုင်ရည်တွေ ရှိနေပါပြီ။ လေ့ကျင့်ထားခဲ့ပြီးပါပြီ မောင်...။

.....................................

( ၆ )

လောကမှာ ဘယ်အရာမှ သူမရှိလို့ မဖြစ်ဖူးဆိုတာ မရှိနိုင်ပါဘူး။ မရှိရင်လည်း ရှိတာနဲ့ဖြစ်အောင် ကြိုးစားကြတာချည်းပဲလေ။ ဒီလိုပဲပေါ့။ ချစ်သူဆိုတာလည်း ချစ်နေတုန်းသာ သူမရှိလို့ မဖြစ်တာပါ။ ကိုယ့်အနားမှာ သူ့ကိုဘယ်လိုမှ ခေါ်ထားလို့ မရတော့ဘူး၊ သူလည်း ဘယ်လိုမှ မနေတော့ဘူးဆိုတာကို သိလိုက်ရရင်တော့ သူမရှိလည်း နေတတ်အောင်နေဖို့ နှလုံးသားက လေ့ကျင့်သင်ကြားပေသွားမှာပေါ့။ စိတ်ဆိုတာ ရနိုင်သေးသမျှ လိုချင်နေတတ်တာ သဘာဝပါပဲလေ။

အခုလည်း ဖြူတစ်ယောက် နေသားကျနေပါပြီ။ နေ့စဉ်တာဝန်လုပ်ငန်းတွေကို လုပ်ဆောင်ရင်း ကိုယ့်ဘ၀မှာ ဘယ်သူမှမရှိခဲ့ဖူးသလို အပြုံးမပျက် နေတတ်နေပါပြီ။ ဖြူ့ဘ၀မှာ အချစ်ဆိုတာ ကိုးကွယ်ရာတစ်ခု မဟုတ်ခဲ့ပါဘူး။ နန်းစန္ဒီကိုပြောခဲ့သလိုပဲ ဒေါက်တာတည်မြဲခိုင်ဆိုတာ မရှိလည်း ယုယဖြူရဲ့ဘ၀က ဘာမှယုတ်လျော့မသွားခဲ့ပါဘူး။ အားလုံး ပုံမှန်အတိုင်းပါပဲလေ။ လုပ်သင့်လုပ်ထိုက်တာကို ပြတ်သားစွာလုပ်ခဲ့ပြီးတဲ့အတွက် ကိုယ့်ကိုယ်ကို အနိုင်ရပြီးသားဆိုတဲ့စိတ်နဲ့ ပျော်နေတတ်ပါပြီ။

ရဲရင့်နဲ့တွေ့ပြီး တစ်ပတ်ကြာတဲ့အခါ ဖြူ့အိမ်ရှေ့ကို ကားလေးတစ်စီး ထိုးရပ်လာတယ်။ ကားပေါ်ကနေ လူရွယ်ယောက်ျားလေးတစ်ယောက် ဆင်းလာပြီး ခြံဝက လူခေါ်ခေါင်းလောင်းတီးတာနဲ့ ယုယဖြူတစ်ယောက် ခြံဝကို ထွက်လာမိခဲ့တယ်။ အနားရောက်လို့ ကြည့်လိုက်တော့ ဖြူဘယ်လိုမှ မထင်မှတ်ထားခဲ့တဲ့သူ...

"ဖြူ...ငါပါ၊ မြဲခိုင်"

ခြံစည်းရိုး သံတိုင်တွေ ခြားနေပေမယ့် တစ်ချိန်ကချစ်သူကိုတော့ ဖြူကောင်းကောင်း မှတ်မိပါသေးတယ်။ "မောင်"ဆိုတဲ့ အသုံးအနှုန်းအစား "ငါ"လို့ ပြောလိုက်တဲ့အတွက် ဖြူ့ရင်ထဲမှာ ဆစ်ခနဲ နာကျင်သလိုဖြစ်သွားပေမယ့် ဒီအချိန်မှာ ဒီလိုပဲဖြစ်သင့်ပါတယ်လို့ စိတ်ထဲကမှတ်ယူလိုက်တယ်။ တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ဟာ သူ့မွေးနေ့လည်း ဖြစ်နေခဲ့ပါပကော။ အခုချိန်ထိတောင် အမှတ်တရဖြစ်အောင် ဖန်တီးခဲ့သေးတယ်နော်။ ကိုယ့်အိမ်ကို လာတဲ့ဧည့်သည်၊ ဟိုးတစ်ချိန်က သိပ်ချစ်ခဲ့တဲ့ သူငယ်ချင်း၊ သိပ်မြတ်နိုးခဲ့တဲ့ ချစ်သူမို့ ဖြူနှင်မထုတ်ရက်ပါဘူး။ အရာအားလုံး ခွင့်လွှတ်ကျေအေးပြီးသားမို့ အိမ်ထဲဝင်ပါဦးလို့ပြောပေမယ့် သူကတော့ အိမ်ထဲထိမ၀င်တော့ပါဘူးဆိုပြီး ခြံထဲက ဒါန်းလေးမှာပဲ ထိုင်လေရဲ့။

"ဟက်ပီး ဘတ်ဒ်ဒေးပါ မြဲခိုင်"

မမျှော်လင့်တဲ့ စကားတစ်ခုကို ကြားလိုက်ရလို့ သူ့မျက်နှာက အနည်းငယ်ပြုံးသွားတယ်။

"ငါ့မွေးနေ့ကိုတောင် မှတ်မိနေသေးတာကိုး...ကျေးဇူးပါပဲ ဖြူ။ ငါပြန်လာတုန်း နင့်ကို လာတွေ့တာပါ"

လာတွေ့ဖို့တော့ သတိရသေးသားပဲလို့ ပြောလိုက်ချင်ပေမယ့် ဖြူပြောမနေတော့ပါဘူး။ ဖြူနဲ့ သူ့ကြားမှာ ဘာစကားမှ ပြောစရာမရှိတော့တာတော့ အမှန်ပါပဲ။

"မြဲခိုင်... နင်နဲ့ငါ ဘာမှမသက်ဆိုင်တော့ဘူးဆိုတာ နင့်ကိုတရားဝင် အသိပေးပါတယ်။ ငါ့မှာ နင်နဲ့ပြောစရာ ဘာစကားမှ မရှိတော့ပါဘူး။ ခဏလေးနော်"

ခဏလေးနော်လို့ ပြောပြီး ဖြူတစ်ယောက် အိမ်ပေါ်ကို ပြေးတက်ခဲ့တယ်။ တကယ်တော့ ဖြူကြိုတင်ပြင်ဆင်ထားပြီးသားပါ။ သူပြန်လာလို့ မတွေ့တော့ရင်တောင် ချစ်သူအဖြစ်ကနေ ပြတ်ဆဲတယ်ဆိုတဲ့ အကြောင်းအရာကိုတော့ ကာယကံရှင်ကို ပြောချင်ခဲ့တာကြောင့် ရဲရင့်နဲ့ပဲ စာပေးခိုင်းလိုက်တော့မယ်ဆိုပြီး စာလေးတစ်စောင်ကို မနေ့ညကပဲ ရေးထားခဲ့မိတယ်။ အခုတော့ ကိုယ်တိုင်လာယူသလို ဖြစ်ခဲ့ပြီပေါ့။ အိမ်ပေါ်က ပြန်ဆင်းလာတော့ လက်ထဲက စာတစ်စောင်ကို သူ့လက်ထဲ ထည့်ပေးပြီး ဘာစကားမှ ပြောမနေတော့ပဲ အိမ်ပေါ်ပြန်တက်ခဲ့မိတော့တယ်။ ဒေါက်တာတည်မြဲခိုင်ကတော့ နားမလည်သလိုအကြည့်နဲ့ တစ်ယောက်တည်း မလှုပ်မယှက်ငြိမ်သက်လျက်...

လက်ထဲက စာအိတ်လေးကို ဖောက်ဖတ်တဲ့ အခါမှာတော့...

မြဲခိုင် -

မြဲခိုင်လို့ပဲ ခေါ်တော့မယ်ဟာ။ နင် လုပ်ရက်တယ်နော်။ နင်နဲ့ငါ သူငယ်ချင်းတွေပါဟာ။ ယောက်ျာလေးတစ်ယောက်က ချစ်သူ နှစ်ယောက်၊ သုံးယောက်ထက်မက ရှိပြီး တစ်ယောက်ကို အတည်တကျ လက်ထပ်သွားတာမျိုးကို ငါ နားလည်နိုင်ပေမယ့် သူငယ်ချင်းဆိုတဲ့ ရင်းနှီးမှုကို ထောက်ထားပြီးတော့ တော့ နင် ဒီလိုမလုပ်ခဲ့သင့်ပါဘူး။ ငါနင့်ကို ယုံခဲ့တယ်ဆိုတာ နင်နဲ့ငါ အခုတွေ့ အခုချစ်တာ မဟုတ်ပဲ အတိုင်းအတာ တစ်ခုထိ ခင်မင်ရင်းနှီးခဲ့တဲ့ သူငယ်ချင်း၊ ငါ့သူငယ်ချင်းဟာ သိပ်ကို အေးတယ်။ ဘေးလူတွေ အမြင်ကရော တည်မြဲခိုင် အေးပါတယ်တဲ့။ ဒီလောက် နာမည်ကောင်းနေတဲ့ ငါ့သူငယ်ချင်းတစ်ယောက်ကို ငါယုံမိခဲ့တာ အပြစ်လား။

ငါကိုယ်တိုင်ကလည်း ဆတ်ဆတ်ခါနေတဲ့ မိန်းကလေးတစ်ယောက် ဖြစ်ခဲ့လို့ နင်ငါ့ကို ဒီလိုလုပ်သွားတယ်ဆိုရင် ခံသာပါသေးတယ် သူငယ်ချင်းရယ်။ အခုတော့ ငါ့အကြောင်းလည်း နင်သိရက်နဲ့ လုပ်ရက်တယ်ဟာ။ တမင်ရည်ရွယ်တာ မဟုတ်ခဲ့ဘူးလို့ ငါနားလည်ပါတယ်။ ငါမြတ်မြတ်နိုးနိုး ချစ်မိတဲ့ ယောက်ျားတစ်ယောက် ဖြစ်ခဲ့လို့လည်း အားလုံးကို ခွင့်လွှတ်လိုက်တယ်။ ငါ့ယုံကြည်မှုနဲ့ ခံစားချက်ကို အလွဲသုံးစား လုပ်သလို ဖြစ်သွားလို့သာ သူငယ်ချင်း တစ်ယောက်အနေနဲ့ နင့်လုပ်ရပ်ကို ယူကျုံးမရအောင် ၀မ်းနည်းမိတယ်။ ဒါပေမယ့် ငါ့ရင်ထဲမှာရှိတဲ့အတိုင်း နင့်အပေါ်မှာ အဖြူစင်ဆုံး ချစ်ခဲ့တဲ့ အချစ်တွေအတွက် ငါကျေနပ်ပါတယ်။ ငါတကယ်ပဲ မျက်ရည်တစ်စက်မှ မထွက်တာကို ကိုယ့်ကိုယ်ကို အံ့သြတယ်။

နင့်ကို ချစ်ခဲ့မိတဲ့အတွက် အခုနောက်ဆုံး ချစ်သူအဖြစ်ကနေ ပြတ်တဲ့အထိ ငါချစ်သွားမှာပါ။ အစကတည်းက ချစ်ခဲ့မိတဲ့နင့်ကို ငါ မမုန်းပါဘူး။ ငါ့တို့အကြောင်းကို သိခဲ့ကြတဲ့ သူတွေကိုလည်း ငါ့ဘက်က အဆင်မပြေလို့ ဖြတ်လိုက်ပြီလို့ပဲ ငါပြောလိုက်မှာပါ။ အားလုံးရဲ့စိတ်မှာ မြဲခိုင်နဲ့ဆိုရင်တော့ ဖြူရေ နင်ကံကောင်းမှာပါလို့ ပြောခဲ့ကြတာကို ငါမဖျက်ဆီးပစ်ချင်ဘူး။ အားလုံးက အေးပါတဲ့ဆိုတဲ့ မြဲခိုင် ဒီလိုလုပ်သွားပါတယ်လို့ ငါမပြောရက်ဖူး မြဲခိုင်...။

ငါ့အကြောင်း၊ ငါ့စိတ်ကို နားလည်ကြတဲ့ သူတွေက ငါဒီလို နင့်ကို ဖြတ်တယ်ဆိုတာကို ဘယ်လိုပြောပြော မယုံဖူးဟာ။ ဒါပေမယ့် မတတ်နိုင်ဖူးလေ။ မယုံလည်း ယုံအောင်တော့ ပြောရမှာပဲ။ ဖြစ်လာခဲ့ပြီကိုး။ ငါဘယ်လို ခံစားရမလဲ မြဲခိုင်ရယ်။ ငါရင်နာတယ်။ အားလုံးရဲ့ အမြင်မှာလည်း တည်မြဲခိုင်ဟာ အိပ်လည်း ဖြူ၊ နိုးလည်း ဖြူ၊ စားလည်း ဖြူ၊ ဘယ်သွားသွား ဖြူ၊ တရေးနိုးလည်း ဖြူလို့ ထင်ရအောင် နင်က ချစ်ပြခဲ့တာကိုး...။ ထားပါတော့လေ။ ရေစက်က ဒီလောက်ပဲ ပါတယ်နဲ့ ထင်ပါရဲ့။

မြဲခိုင်... နင့်ကိုငါ ခံစားချက် အစစ်တွေ ပေးပြီး ချစ်ခဲ့ပါတယ်။ စေတနာ သန့်သန့်လေးနဲ့ ချစ်ခဲ့ပါတယ်။ အခုတော့ ဒီအချစ်တွေဟာ ပြီးဆုံးခဲ့ပါပြီ။ ဘယ်သူကိုမှလည်း စိတ်အနှောက်အယှက် မဖြစ်စေချင်ပါဘူး။ နန်းစန္ဒီကိုလည်း မိန်းကလေးချင်း ကိုယ်ချင်းစာမိပါတယ်။ သူဘယ်လို ခံစားလိုက်ရမလဲဆိုတာ ငါနားလည်ပါတယ်။ ငါလည်း စိတ်မကောင်းပါဘူး။ ရုတ်တရက် သိလိုက်ရတဲ့ မိန်းကလေးတစ်ယောက် ဘယ်လောက် စိတ်ထိခိုက်မလဲ။ ကိုယ်က ယုံပြီး ချစ်ထားတဲ့ ယောက်ျားဖြစ်တော့ ပိုဆိုးပါတယ် မြဲခိုင်ရယ်။

ဘာပဲဖြစ်ဖြစ် နန်းစန္ဒီနဲ့ ငါ စကားပြောဖို့လည်း မလိုအပ်ပါဘူး။ ငါ့ကို ချစ်တယ်လို့ ပြောခဲ့တာ တည်မြဲခိုင် ဖြစ်တဲ့အတွက် ပြတ်စဲတဲ့အခါလည်း တည်မြဲခိုင်ကိုပဲ ပြောချင်ပါတယ်။ ဒီစာကို နင်ဖတ်ရရင် ငါနဲ့တွေ့ဖို့ ကျေးဇူးပြုပြီး စီစဉ်ပါ။ အတတ်နိုင်ဆုံးတော့ နင်နဲ့ပဲ ငါတွေ့ပြီး စကားပြောချင်ပါတယ်။ ကာယကံရှင်ဟာ နင်နဲ့ငါနဲ့ နှစ်ယောက်တည်းပါ။ ကျန်တာ ဘေးလူပါ သူငယ်ချင်းရယ်။ ဘယ်လိုမှ တွေ့ဖို့ မဖြစ်နိုင်တော့ရင်လည်း နင်နဲ့ငါနဲ့ ဇာတ်လမ်းက ပြီးဆုံးခဲ့ပြီလို့ပဲ နင့်ကို ဒီစာကနေတဆင့် အသိပေးပါရစေတော့။

နင်နဲ့ငါ ချစ်သူမဟုတ်တော့လည်း ငါ့စိတ်ထဲမှာ နင်ဟာ အမြဲတမ်း ငါ့သူငယ်ချင်းပါပဲ။ နင့်ကိုငါ ဘယ်တော့မှ မမေ့ပါဘူး။ မင်္ဂလာဆောင်ဖိတ်စာကိုလည်း ကြည်ကြည်ဖြူဖြူနဲ့ ငါလက်ခံမှာပါ။ နန်းစန္ဒီလည်း စိတ်ရှင်းပါတော့။ ပြီးးခဲ့သမျှ အားလုံးကို ပြီးပြီလို့ပဲ မှတ်လိုက်ပါ။ ဘယ်သူကိုမှလည်း မမုန်းပါဘူး။ မိန်းကလေး တစ်ယောက်မှာ ရှိသင့်တဲ့ မိန်းမမာနပဲ ရှိပါတယ်။ အဲ့ဒီမာနကြောင့် တည်မြဲခိုင်ကို ဘယ်လောက်ချစ်ချစ် ဘယ်သူနဲ့မှ ယှဉ်ပြီး လုမယူသလို၊ အဲ့ဒီမာနကြောင့် တည်မြဲခိုင်အပေါ်မှာဖြစ်ဖြစ်၊ နန်းစန္ဒီကို ဖြစ်ဖြစ် စိတ်လိုက်မာန်ပါ ပြောမိခဲ့တာတွေလည်း ရှိကောင်းရှိမှာပါ။ နန်းစန္ဒီအနေနဲ့လည်း ဖြူ့အပေါ် စိတ်လိုက်မာန်ပါ ပြောမိတာ ရှိရင်လည်း ရှိခဲ့မှာပါပဲ။ မှားခဲ့တယ်လို့ ပြောတာတော့ မဟုတ်ဖူးပေါ့။ မိန်းမသား အချင်းချင်း နားလည်တာပါ။ ဒါပေမယ့် ဘယ်တုန်းကမှ ရန်မဆောင်ခဲ့ကြဖူးဆိုတာတော့ နန်းစန္ဒီကိုယ်တိုင်လည်း သိသလို၊ ဖြူ ကိုယ်တိုင်လည်း သိပါတယ်။ အခုအချိန်မှာ အားလုံးပြီးသွားပါပြီ။ နောင်တစ်ချိန် မျက်နှာချင်းဆိုင်မိရင်သာ အပြုံးမပျက် ရင်ဆိုင်နိုင်ဖို့ပဲ မျှော်လင့်ပါတယ်။ ငါပြောချင်တာတော့ ဒါအကုန်ပါပဲ သူငယ်ချင်း။

နင့်ရဲ့ သူငယ်ချင်း
ယုယဖြူ


မျက်နှာအပ်ထားတဲ့ ခေါင်းအုံးလေးမှာတော့ မျက်ရည်တွေနဲ့ ရွှဲစိုလို့ နေခဲ့ပါပြီ။ အခုတော့ ဖြူမျက်ရည်ကျခဲ့ပြီလေ။ ဖြူဘာမှ မကြားချင်တော့ပါဘူး။ ဘာမှလည်း မသိချင်တော့ပါဘူး။ အရာအားလုံးကို ခွင့်လွှတ်ထားခဲ့ပြီပဲ။ ဖြေရှင်းစရာလည်း မလိုအပ်တော့ပါဘူး။ တစ်ယောက်တည်းပဲ အေးအေးချမ်းချမ်း နေပါရစေတော့။ ကိုယ်ချစ်တဲ့ယောက်ျားတစ်ယောက်ကို လွယ်ကူစွာ လက်လွတ်ခံလိုက်တဲ့ မိန်းမတစ်ယောက်အဖြစ် ပြောချင်လည်း ပြောကြပါစေတော့။ သူများတွေက ပျော့ညံ့တဲ့မိန်းမလို့ ပြောချင်လည်း ပြောပါစေတော့။ ဖြူခံယူရဲပါတယ်။ မိန်းမနှစ်ယောက်ကြားထဲမှာ ဗျာများပြီးစိတ်ရှုပ်နေရမယ့် မောင့်ကိုဖြူမကြည့်ရက်ပါဘူး။ မောင်စိတ်ချမ်းသာရင် ကျေနပ်ပါတယ် မောင်ရယ်...။ မောင့်အပေါ်မှာ နောက်ဆုံးအချိန်ထိ ဖြူသစ္စာရှိရှိ ချစ်နေခဲ့တယ် ဆိုတာကို မောင်နားလည် အသိအမှတ်ပြုခဲ့ရင် နှလုံးသားတစ်ခု ရင်းရကျိုးနပ်ပါပြီ မောင်ရယ်။ အဝေးကြီးကပဲ တိတ်တိတ်လေး ချစ်သွားခွင့် ပြုပါတော့ မောင်....။

...............................

လွမ်းသုရင်
၂၄ စက်တင်ဘာ ၂၀၀၈

13 comments:

ဖြိုးငယ် said...

ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ဇာတ်လမ်းတစ်ခုပေမဲ့ အရေးအသား
ကောင်းတော့ ဖတ်ရတာ ရင်ကိုနင့် နေတာပဲဗျာ ...

မောင်ဖားကြီး said...

အရေးအသားကောင်းတယ် အစ်မ
ဆက်ဖတ်ချင်စိတ်ပေါက်အောင်စွဲဆောင်တယ်

မီးငယ် said...

မမရေ... အချစ်ဆိုတာပေးဆပ်ခြင်းပေါ့နော့..ဟုတ်လား..
အဲလိုပဲ ယောက်ျားတွေက သစ္စာမရှိဘူး

Unknown said...

အရေးအသားကောင်းတယ်
အချစ်ဆိုတာပေးဆပ်ခြင်းပေါ့နော့..ဟုတ်လား..
နောက်တစ်ခါဆို ညားအောင်ရေးနော်...
အားပေးလျှက် ........

ကိုရင်နော်ခင်လေးငယ် said...

စိမ်းစိမ်းရေ..
ဖတ်လို့ကောင်းတယ်..
ယုယဖြူ သနားပါတယ်နော်..

Anonymous said...

ဖတ်ရတာ ရင်ထဲကို နင့်နေတာပဲ.. :((

အညာသား said...

အများကြီးပေး၊ အများကြီးရင်းနှီးပြီး အများကြီးချစ်ခဲ့ရလို့ နည်းနည်းလောက်ပြန်ရရင် တော်သေးတယ်။ အခုလိုမျိုးကြီးကျတော့ ကောင်းဘူး။
ငါ့အစ်မ အရေးအသားကောင်းတယ်။ :)

Unknown said...

အရေးအသားက ကောင်းတယ်..ဖတ်ရတာရင့်နင့်သွားတယ်..
အားပေးနေမယ်..ဖြူရဲ့စိတ်ဓာတ်ကိုလေးစားပါတယ်..

Anonymous said...

ဟာ မိုက်တယ်ဟေ့.. ထင်တောင် မထင်ထားဘူး .. ဒါမျိုးတွေလည်း ရတာပဲနော်... မြဲခိုင်ကတော့ ပုံစံလေးမျိုးလောက် ထွက်နေသလားလို့ .. ထင်တာ ခံစားမိတာကို ပြောတာနော်... မှား၇င်ခွင့်လွတ်ပါကွယ်.. မှန်ရင်တော့ ထားလိုက်တော့နော်.. :D

Moe Myint Tane said...

အရေးအသားကတော့ ဂွတ်ရှယ်ဘဲ။ ငါ့ညီမက စာရေးတော်တော်ကောင်းတာကိုး။ ဇာတ်လမ်းလေးက သနားစရာလေး။ ယုယဖြူသနားပါတယ်။ ယောကျာ်းလေးကို ထားသွားတဲ့ ဇာတ်လမ်းမျိုးလေးကော ရေးပါဦး ညီမလေး။

မြရွက်ဝေ said...

စာရေး အတော်ကောင်းတယ်။ ချီးကျူးပါတယ် ညီမရေ။

Anonymous said...

အရေးအသားထဲမှာ
ဖြူ့ရဲ့ အဆင့်အတန်းကို မြင်နေရတယ်။
ဇာတ်လမ်းက သာမာန်ဆိုပေမယ့်
စကားလုံးတွေကောင်းလို့
ခံစားပြီး ဖတ်သွားမိတယ်။
ဘယ်သူ့ကိုမှ အပြစ်တင်စရာမဟုတ်၊
အချစ်နဲ့ လူဟာ ဒီလိုပဲ
အချိန်နဲ့အမျှ အပြောင်းအလဲတွေနဲ့။
ဘယ်လို Inspiration ထည့်ပြီး
ဝတ္ထုတိုရေးတတ်ပါလိမ့်နော်။
အများကြီးရေးနိုင်ပါစေလေ။

Anonymous said...

သိပ်ကောင်းပါတယ်။
အားပေးလျှက်...

မိုး