ဆန္ဒ

လူတိုင်းလူတိုင်းရဲ့ရင်ထဲမှာ

သိတတ်စအရွယ်ကတည်းက

တစ်နေ့နေ့ငါအရွယ်ရောက်လာရင်ဆိုတဲ့

ဆန္ဒလေးတွေ ရှိနေတတ်ကြပါတယ်။

သူမမှာလည်း ရှိခဲ့တာပေါ့။

အခုထိလည်းဆက်လက်ပြီးရှိနေဆဲပါပဲ။

အဲ့ဒီဆန္ဒလေးတွေကဘာလည်းဆိုတော့....

Sunday, August 17, 2008

ချစ်တာတွေ ပြောကာပြမယ်

( ၁ )

ချောက်...ချက်...ချောက်...ချက်...
တိတ်ဆိတ်လွန်းနေတဲ့ ညအချိန်မှာ နာရီလက်တံ ရွေ့သံလေးက နားထဲကို ထိုးဖောက်ဝင်ရောက်လာပါတယ်။ အိပ်ရာပေါ်မှာ လူးလွန့်နေရင်းက မနေသာတော့ပဲ နာရီကိုထကြည့်တော့ မနက် ၁း၃၀ရှိပြီ။ နီနီအိပ်ရာဝင်ခဲ့တာ ည၉း၀၀ ကတည်းကပါ။ ဒါပေမယ့် အခုထိ အိပ်မပျော်နိုင်သေးဘူး။ တစ်အိမ်လုံးလည်း အိပ်ကုန်ကြပြီ။ အထူးသဖြင့် ဒီနေ့လို ရက်မျိုးမှာ ညအချိန်တွေကို ဖြတ်သန်းရမှာ ကြောက်လို့ စောစောအိပ်ရာဝင်ပါတယ် ဆိုမှ အိပ်လို့ကမရ။ ဘယ်လိုလုပ်ရပါ့မလဲ။ အိပ်ဆေးသောက်လို့ကလည်း မဖြစ်ပြန်ဘူး။ မနက်မနိုးပဲနေရင် ရုံးချိန်မမီပဲ နေဦးမယ်။ မောပန်းသော စိတ်နဲ့အတူ လေးတွဲ့သော သက်ပြင်းတစ်ချက်ကို ရှိုက်မိတယ်။ ရှေ့ဆက်ပြီး ဘာတွေ ဖြစ်လာဦးမှာလဲ။

ချစ်သူရယ်...နီနီ့ကို လာကြည့်လှည့်ပါဦး...
..........................

( ၂ )

အဲ့ဒီနေ့ညနေက နီနီတစ်ယောက် အရင်နေ့တွေကလိုပဲ စာအုပ်ဆိုင်မှာ စာအုပ်သွားငှားပြီး ပြန်အလာ လမ်းလေးခွဆုံတစ်နေရာကို ရောက်တော့ ညာဘက်လမ်းမကြီးကနေ ချိုးကွေ့လာတဲ့ ကားတစ်စီးကို လန့်ပြီး ရှောင်မလို့ ဘယ်ဘက်ကို ပြေးကပ်လိုက်တဲ့အခါမှာ မထင်မှတ်ပဲ အနောက်ကပါလာတဲ့ စက်ဘီးနဲ့ တိုက်မိမလိုဖြစ်သွားခဲ့တယ်။ တော်သေးတာပေါ့။ စက်ဘီးက ဘရိတ်အုပ်တာ မြန်လို့။ မဟုတ်ရင် အဲ့ဒီနေ့က နီနီဆေးခန်းရောက်မှာ သေချာပါတယ်။ လန့်ကလည်းလန့်၊ ရှက်လည်းရှက်နဲ့ စက်ဘီးစီးလာတဲ့ သူကိုလည်း ပြန်ရန်တွေ့မိသေးတယ်။

"စက်ဘီးကို ဘယ်လိုစီးနေတာလဲ။ လူတစ်ယောက်လုံးကို မမြင်ဘူးလား။ တိုက်မိရင်တော့ ရှင်မလွယ်ဘူးမှတ်။"

"မတော်လို့ပါကွာ။ မင်းဒီဘက်ကို ပြေးကပ်မယ်လို့ ကိုယ်မထင်လို့ပါ။ ထိခိုက်မိတယ်ဆိုရင် ဆောရီးပါနော်။ လမ်းကော လျှောက်နိုင်ရဲ့လား။ လိုက်ပို့ပေးရမလား။ အားမနာပါနဲ့။ ကျွန်တော်က ခင်တတ်ပါတယ်။"

နီနီက ရန်တွေ့ပေမယ့် သူကတော့ အေးဆေးတည်ငြိမ်စွာပဲ ဖျောင်းဖျပြောဆိုခဲ့တယ်။ ကိုယ်ကလည်း မှားနေတာရယ်၊ ဘာမှလည်း ထိခိုက်သွားတာ မဟုတ်လို့ နီနီလည်း ပြန်ပြီး ကျေအေးလိုက်ရတာပေါ့။

"ရပါတယ်။ ဘာမှထိသွားတာမှ မဟုတ်တာ။ နီနီကိုယ့်ဟာကိုယ် ပြန်လို့ရပါတယ်။ သွားလိုက်ပါဦးမယ်နော်။"

"သြော်...ဟုတ်ကဲ့။ နာမည်က နီနီတဲ့လား။ ကျွန်တော် မှတ်ထားလိုက်မယ်နော်။ ကျွန်တော့ နာမည်က ချမ်းငြိမ်းပါ။ နောက်လဲတွေ့ရင် ခေါ်နိုင်ပါတယ် ခင်ဗျ။"

ဘာမှတောင် မပြောရသေးဘူး။ သူ့ဟာသူ ပြောချင်ရာပြောပြီး မိတ်ဆက်နေတဲ့ သူ့ကို ဘာမှပြန်မပြောမိတော့ပဲ ပြုံးပြလို့သာ ထွက်လာခဲ့မိတယ်။ သူ့ပုံစံက အသက်တော့ သိပ်ကြီးလှသေးပုံ မပေါ်ဘူး။ နီနီနဲ့ ရွယ်တူလောက်ပဲ ရှိမယ် ထင်ပါရဲ့။ ပုံစံကတော့ ရည်ရည်မွန်မွန်လေးပါပဲ။ နီနီ အိမ်ပြန်ရောက်တဲ့အထိ သူ့ရဲ့ အပြုံးကို မျက်လုံးထဲမှာ စွဲလာခဲ့တယ်။ ချမ်းငြိမ်းတဲ့လား။ တကယ်ပဲ သူ့ရဲ့ အပြုံးဟာ ငြိမ်းချမ်းစေပါတယ်။ တစ်ခါကြည့်မိရုံနဲ့ မျက်လုံးထဲမှာ စွဲသွားစေတဲ့ သူ့ရဲ့ အပြစ်ကင်းတဲ့အပြုံး၊ သိမ်မွေ့တဲ့ အမူအရာ၊ နူးညံ့တဲ့ စကားသံတွေကို နီနီဆိုတဲ့ ကောင်မလေးတစ်ယောက် မှတ်မှတ်ရရတော့ ရှိခဲ့တယ်ဆိုတာတော့ ၀န်ခံမိပါတယ်။

အိမ်ပြန်ရောက်တော့လည်း ခုနက ဖြစ်ပျက်လာတာတွေကို မေ့ပြီး ငှားလာတဲ့ စာအုပ်ကို စိတ်ဝင်တစား ဖတ်မိတယ်။ ပုညခင်ရဲ့ ချစ်သူရှိတဲ့မိန်းမတဲ့။ ချစ်သူရှိတဲ့ မိန်းမတစ်ယောက်ရဲ့ ချစ်သူနဲ့ ပတ်သက်ပြီး စိတ်ထဲက ခံစားရတဲ့ ခံစားချက်တွေ၊ ဖြစ်တတ်တဲ့ သဘာဝတွေကို အခြေခံထားတဲ့ ဇာတ်လမ်းလေးပေါ့။ ဇာတ်လမ်းလေးမှာ မျောပါပြီး အိပ်ပျော်သွားလိုက်တာ နိုးတဲ့အခါ နာရီကို ကြည့်မိတော့ မနက်၇း၃၀တောင် ရှိပါပေါ့။ အိပ်ရာထဲကထလို့ မီးဖိုချောင်ထဲမှာ မေမေများ ရှိနေမလားလို့ ရှာတော့လည်း တစ်အိမ်လုံး ဘယ်သူမှမတွေ့။ ဒါဆိုရင်တော့ သေချာပါပြီ။ ဆောင်းတွင်း မနက်စောစော လမ်းလျှောက်ထွက်ကြတာ ပြန်မရောက်ကြသေးတာ ဖြစ်မှာပေါ့လို့ တွေးပြီး ချမ်းချမ်းနဲ့ ပြန်အိပ်ဖို့ အိပ်ရာထဲကို ပြန်အ၀င် အိမ်ရှေ့က လူခေါ်ခေါင်းလောင်း မြည်သံကြားလို့ ထွက်ကြည့်မိတဲ့အခါ နီနီမျက်လုံးလေးတွေ ၀ိုင်းစက်သွားရတယ်လေ။

"ဘာကိစ္စများလဲရှင့်"

နီနီ့ အမေးကိုဖြေဖို့ မျက်လုံးလှန်အကြည့်မှာ သူလဲ အံ့သြသွားမယ် ထင်ပါတယ်။ ခဏကြာ မှင်သက်နေပြီးမှ ရယ်ပြီး စကားပြန်ပြောတော့တယ်။

"ဟာ...နီနီ မဟုတ်လား။ ကျွန်တော် ချမ်းငြိမ်းလေ။ မနေ့က စက်ဘီးနဲ့ တိုက်မိမလို ဖြစ်တာ။ တိုက်ဆိုင်လိုက်တာဗျာ။ ကျွန်တော်က ဟိုဘက်ရပ်ကွက်မှာ နေတာပါ။ မေမေက သဇင်ပန်း လိုချင်တာ၊ ဒီအိမ်မှာ ရတယ်ဆိုပြီး ညွှန်တဲ့သူက ညွှန်တာနဲ့ ကျွန်တော်လည်း မနက်စောစော စက်ဘီးစီးပြီးအပြန် ၀င်မေးကြည့်တာပါ။ ဟိုလေ...ဟုတ်ရောဟုတ်ရဲ့လား မသိဘူးနော်။ ကျွန်တော် အိမ်များမှားသလားဟင်။"

ကိုယ်တော်ချောကတော့ လုပ်ပြန်ပါပြီ။ သူပြောချင်ရာကို ပြောပြီးမှ အားနာတဲ့ ပုံစံနဲ့ အိမ်မှားသလားတဲ့။ စောစောစီးစီး အိပ်ချင်မူးတူးနဲ့ နီနီတောင် မျက်လုံးကျယ်သွားတယ်။

"မှားတော့မမှားဘူး။ ဒီအိမ်က သဇင်ပန်း ၀ယ်ချင်ရင် ရောင်းတယ်ဆိုတာတော့ ဟုတ်တယ်။ ဒါပေမယ့် အခုတော့ မရဘူး။ အိမ်မှာ မေမေမရှိဘူး။ နီနီ့မေမေက ပန်းပင်တွေကို ကိုယ်တိုင်ပဲ ကိုင်တွယ်ပါတယ်။ ဘယ်သူမှ ပေးကိုင်လေ့မရှိပါဘူး။ လက်ဆိပ်တက်မှာစိုးလို့ပါ။ အဲ့ဒါကြောင့် စောင့်လို့ရရင်စောင့်ပါ။ ခဏနေရင်တော့ ပြန်လာလိမ့်မယ်။ မစောင့်နိုင်ရင်လည်း ညနေမှဖြစ်ဖြစ် လာခဲ့ပေါ့။ မေမေ့ကို ပြောထားပေးပါ့မယ်။"

နီနီလည်း ဘယ်ရမလဲ။ ပြောချင်ရာတွေ တရစပ်ပြောလိုက်တာပေါ့။ ဒီတော့မှ သူလည်း ဟုတ်ကဲ့ စောင့်ပါ့မယ်ဆိုပြီး ငြိမ်သွားတော့တယ်။ သူရှိနေတော့ နီနီ ပြန်အိပ်လို့ မရတဲ့အတွက် စိတ်တော့ ကသိကအောက် ဖြစ်ရတယ်။ ဒါပေမယ့် မတတ်နိုင်ဘူးလေ။ ဧည့်ခံရမှာက ကိုယ့်တာဝန်ဖြစ်နေပြီ။ ဒီတော့လည်း မျက်နှာသစ်ဖို့ ခဏလို့ပြောပြီး သူ့ကို ခြံထဲမှာ ထားခဲ့ပြီး အိပ်နောက်ထဲ မြန်မြန်ဝင်ခဲ့မိတယ်။နီနီပြန်လာတော့ သူက ပန်းပင်တွေ ကြားထဲမှာ။ သူ့ကိုကြည့်လိုက်ရင်တော့ အမြဲပြုံးနေတာပါပဲ။ သေချာစကားပြောမိတော့လည်း သူက သဘောကောင်းသား။ စကားပြောပြီး နည်းနည်းအရှိန်ရလာတော့ နီနီလည်း မိန်းကလေးသဘာဝ စပ်စုမိတာပေါ့။

"ကိုချမ်းငြိမ်းက အရင်က ဘယ်မှာနေတာလဲ။ နီနီတို့ ဒီအိမ်ကိုပြောင်းလာတာ တစ်နှစ်ကျော်ပဲ ရှိသေးတယ်။ ကိုချမ်းငြိမ်းနဲ့ တစ်ခါမှ မဆုံဖြစ်ဖူးနော်။ အခုမှ ဆုံတာ။"

နီနီက စကားစပေးလိုက်တယ်။

"သြော်...ဟုတ်တယ် နီနီ။ ကျွန်တော့ ဖေဖေနဲ့မေမေကတော့ ဒီမှာနေတာကြာပါပြီ။ ကျွန်တော်ကတော့ အခုမှပဲ အိမ်ပြန်ရတယ်ဆိုပါတော့ဗျာ...ဟဲဟဲ"

ရယ်ကျဲကျဲနဲ့ သူ့အမူအရာက တစ်ခုခုကို ထိန်ချန်ထားသလိုလို။ နီနီလည်း သိချင်စိတ် တော်တော်ပေါက်သွားတော့ ဆက်မေးမိတယ်။

"ဟင်..ကိုချမ်းငြိမ်းက အရင်က မိဘနဲ့ အတူမနေလို့လား။ ဒါဆိုဘယ်မှာ နေတာလဲဟင်။"

"ကျွန်တော်က တပ်ထဲမှာ နေတာပေါ့ နီနီရယ်။ ကျွန်တော်က စစ်သားလေ။ တစ်နှစ်နေလို့မှ အိမ်ကို တစ်ခါပြန်မရောက်နိုင်တဲ့ စစ်သားဘ၀ပါဗျာ။"

"သြော်...ရှင်က စစ်သားကိုး..."

နီနီ ဘာမှ ဆက်မမေးရသေးခင် မေမေပြန်ရောက်လာတာနဲ့ စကားစပြတ်ပြီး အိမ်ထဲဝင်လာခဲ့တယ်။ မေမေကတော့ သူ့ကို စိတ်တိုင်းကျ သဇင်ခက်လေးတွေဖြတ်ပေးနေလေရဲ့။ နီနီမြင်ဖူးတဲ့ စစ်သားတွေထဲမှာတော့ သူ့ကိုကြည့်ရတာ တော်တော်နုပုံရတယ်။ ပုံစံက ဖြူဖြူသန့်သန့်လေးနဲ့။ စစ်သားတဲ့...ဘယ်လို စစ်သားပါလိမ့်နော်။ စစ်သားတစ်ယောက်ကို ရုပ်ရှင်တွေထဲမှာက လွဲလို့ အနီးကပ်မြင်ဖူးတာဆိုလို့ ဒါဟာ ပထမဆုံးအကြိမ်ပါပဲ။ ဒီလောက် နုတဲ့လူက စစ်သားတဲ့။ အပြောအဆိုကလည်း နူးညံ့ပါ့။ အရပ်အမောင်းကတော့ ကျားကျားလျားလျားပုံပဲ။ သူ...ဘယ်လိုလူလဲ။

နေနီနီဆိုတဲ့ အင်ဂျင်နီယာမလေးတစ်ယောက် တစ်သက်လုံး စာကြမ်းပိုးလုပ်ခဲ့တာ ယောက်ျားတစ်ယောက်ကို ဒီတစ်ခါလောက် ဘယ်တုန်းကမှ စိတ်မ၀င်စားခဲ့ဖူးပါဘူး။ ယောက်ျားတစ်ယောက်အပြင် သူကများ သူ့ကိုယ်သူ စစ်သားတဲ့လေ။ စစ်သားဆိုတဲ့ လူကလည်း နီနီမြင်လိုက်ရင်တော့ စက်ဘီးတစ်စီးနဲ့ လျှောက်သွားနေတာချည်းပဲ။ ဘယ်လိုပါလိမ့်။ ဟင်း...မတွေးတော့တာပဲ ကောင်းပါတယ်။ သူများအကြောင်းတွေးရတာ အကုသိုလ်ကလည်း များပါတယ်။

သဇင်ပန်းလာဝယ်တဲ့ နေ့ကစလို့ နီနီနဲ့သူ တစ်ယောက်နဲ့တစ်ယောက် ပိုပြီး ခင်မင်ခဲ့ကြတယ်။ နှစ်ရက် သုံးရက်လောက် နီနီရုံးပြန်ချိန်မှာ လမ်းမှာတွေ့တွေ့ နေရတတ်တော့ ခင်လည်းခင်လာတဲ့အခါ ဆုံလို့ ပြုံးပြနှုတ်ဆက်တာမျိုးမဟုတ်ပဲ နီနီ့အိမ်အထိပါ သူလိုက်ပို့တတ်လာခဲ့တယ်။ ဘယ်ဘ၀က ရေစက်ရယ်တော့ နီနီမပြောတတ်ပေမယ့် နီနီသူ့ကို ခင်ပါတယ်။ ငယ်ပေါင်းကြီးဖေါ်လိုကို စိတ်ထဲက ခံစားခဲ့ရတယ်။ သူအနားမှာ ရှိနေရင်ကို နီနီ့စိတ်ထဲမှာ ပျော်နေမိတယ်။ ဒါပေမယ့် နီနီ့အနားမှာ သူကြာကြာ မနေခဲ့နိုင်ပါဘူး။ နှစ်ပတ်လောက်ကြာပြီးတဲ့ တစ်ညနေမှာ နီနီ့ကို အိမ်အပြန်လိုက်ပို့တဲ့အခါ စကားတစ်ခုကို သူပြောခဲ့တယ်။

"နီနီ...ခဏလောက် စကားအေးအေးဆေးဆေး ပြောလို့ ရမလားဟင်..."

"ပြောလေကိုချမ်းငြိမ်းရဲ့...ထူးထူးဆန်းဆန်း"

သူ့မျက်နှာကို သေချာကြည့်တော့ ပါးစပ်က မပွင့်တပွင့်၊ အမှားလုပ်ထားတဲ့ ကလေးငယ်လို ထိတ်လန့်ခြင်းနဲ့ နီနီ့ရှေ့မှာ ရပ်နေတဲ့ သူ့ကို အားမရစွာနဲ့ နီနီကပဲ စမေးမိတယ်။ ဟင်း...စစ်သားတဲ့နော်၊ ဘယ်လိုပါလိမ့်...

"ကိုချမ်းငြိမ်း...ရှင် ဘာပြောမလို့လဲဟင်။ ဘာဖြစ်လို့လဲ။"

"ကျွန်တော် တပ်ကို ပြန်ရတော့မယ် နီနီ..အဲ့ဒါပြောမလို့ပါ။"

"ဟင်..."

နီနီ့နားထဲမှာ မိုးကြိုးပစ်လိုက် သလိုပါပဲ။ နီနီ အဆင်သင့် မဖြစ်သေးဘူးလေ။ ဒီလိုစကားမျိုးကြားရမယ်လို့ သိနေခဲ့ပေမယ့် ဒီလောက် မြန်မြန်ကြီး မဖြစ်နိုင်ဘူးလို့ပဲ ထင်ခဲ့မိတာ။ သူအိမ်ကို ပြန်လာတာကလည်း နှစ်ပတ်ပဲ ရှိသေးတာတဲ့။ ဘယ်လိုဖြစ်လို့ပါလိမ့်။ နီနီဘာမှ နားမလည်ပါဘူး။ နီနီကတော့ သူ့ကို မသွားစေချင်သေးတာ အမှန်ပါပဲ။

"ဘာလို့လဲဟင်... အရေးကြီးလို့ ပြန်ခေါ်တာလား။ ဟုတ်လား။ ဘယ်တော့ ပြန်ရမှာလဲ။"

သိချင်ဇောနဲ့ အမောတကော မေးမိတယ်။

"မဟုတ်ဖူးနီနီ။ ကျွန်တော်တို့ ဘ၀ကို နီနီနားလည်မှာ မဟုတ်ပါဘူး။ နီနီက ကျွန်တော့်ကို ခင်နေတယ်ဆိုတာ လူကို ခင်နေတာပါ။ စစ်သားကို မုန်းတဲ့သူရှိသလို...ချစ်ခင်လေးစားတဲ့သူလဲရှိတယ်လေ..ကျွန်တော်ကြုံဘူးသလောက်ကတော့ စစ်သားမုန်းတဲ့သူက ပိုများတယ် နီနီရဲ့...။ နီနီလဲ မုန်းချင်မုန်းခဲ့မှာပါ။ ဒါကြောင့်လည်း ကျွန်တော့် အကြောင်းကို စစ်သားဆိုတာကလွဲလို့ ဘာမှ မပြောပြခဲ့မိတာပါ။ ဒါပေမယ့် အခုတော့ ကျွန်တော် မပြောမဖြစ် ပြောပြပါ့မယ်နီနီ။ နီနီ စိတ်ဝင်စားမယ် ဆိုရင်ပေါ့။"

စကားတွေ အရှည်ကြီးပြောနေတဲ့ သူ့ကို နီနီ ဘာကြောင့်မှန်းမသိ၊ သနားနေမိတယ်။

"ပြောပါ ကိုချမ်းငြိမ်းရယ်။ နီနီ စိတ်ဝင်စားပါတယ်။ စစ်သားကို မုန်းတယ် ဆိုပေမယ့် လူနဲ့ပဲ ဆိုင်ပါတယ်။ စစ်သားတိုင်း မုန်းစရာမကောင်းသလို မုန်းစရာကောင်းတဲ့ သူတွေတိုင်းဟာလည်း စစ်သားမဟုတ်ကြပါဘူး။ လူတစ်ယောက်ရဲ့ အခြေခံ စိတ်သဘောထားနဲ့သာ ဆိုင်ပါတယ်။ စစ်သားထဲမှာလည်း စိတ်သဘောထား ပြည့်ဝတဲ့သူတွေ ရှိနိုင်မှာပါ။ အဲ့ဒီလူ ဘာဖြစ်တယ်ဆိုတာထက် အဲ့ဒီလူရဲ့စိတ်က ဘယ်လိုရှိတယ် ဆိုတာကိုသာ နီနီ စိတ်ဝင်စားပါတယ်။"

နီနီ့စကားကို ကြားတဲ့အခါ သူ့မျက်နှာဟာ ခုနကထက် ပိုပြီး လန်းလာတယ်လို့ ထင်ရပါတယ်။

"ကျေးဇူးတင်ပါတယ် နီနီ။ တကယ်တော့ ကျွန်တော်က သေနတ်ထက် စာအုပ်တွေနဲ့ပဲ ရင်းနှီးတဲ့ စစ်သားပါ။ ကျွန်တော်မြန်မာပြည်ကို ပြန်ရောက်တာ တစ်လတောင် မရှိသေးပါဘူး။ သုံးနှစ်လောက် ပညာတော်သင်သွားပြီး ပြန်လာတဲ့ စစ်သားတစ်ယောက်၊ မိဘအိမ်ကို နှစ်ပတ်ခွင့်ပြန်ခဲ့တယ်။ အခုကျွန်တော် တပ်ကို ပြန်ရတော့မယ် နီနီ။"

"ကိုချမ်းငြိမ်းကရော...ပြန်ချင်လို့လား..."

"ဗျာ...ဘယ်လိုမေးလိုက်တာလဲ နီနီရယ်။ ပြန်ချင်တယ်၊ မပြန်ချင်ဘူး ဆိုတာ ကျွန်တော်တို့ ဆုံးဖြတ်ခွင့် ရှိတဲ့အရာမှ မဟုတ်တာ။ ပြန်ချင်ချင်၊ မပြန်ချင်ချင်ကျွန်တော် ပြန်ရမှာပါ။ မနက်ဖြန်မနက် ပြန်တော့မယ်။ အဲ့ဒါ ကျွန်တော် နီနီ့ကို နှုတ်ဆက်ပါတယ်။ ကျွန်တော် ဘယ်တော့မှ အိမ်ကိုပြန်ရဦးမယ်ဆိုတာ မပြောနိုင်တဲ့အတွက် ကံဆုံရင် ပြန်တွေ့ရဦးမှာပါလို့ပဲ ပြောပါရစေ။ မထင်မှတ်ပဲ တွေ့ဆုံခဲ့ရတဲ့ နေနီနီဆိုတဲ့ မိန်းကလေးကိုတော့ ကျွန်တော့ နှလုံးသားထဲမှာ စွဲစွဲမြဲမြဲ မှတ်သွားပါရစေ။ ကိုယ့်ကိုယ်ကိုတောင် မပိုင်တဲ့ စစ်သားတစ်ယောက်မို့ ကျွန်တော် ဘာမှ မတောင်းဆိုချင်ပါဘူး။ ကျွန်တော် နှုတ်ဆက်ခဲ့ပါတယ်။"

ဆို့နင့်တဲ့ အသံနဲ့ ကြေကွဲတဲ့ မျက်ဝန်းတွေ...နီနီ ဘယ်လို ခံစားနိုင်မှာလဲ။ စစ်သားဘ၀ဆိုတာကို နီနီ ကောင်းကောင်း နားမလည်ပါဘူး။ ဒါပေမယ့် သူ့ကိုတော့ နီနီ သံယောဇဉ်တွယ်မိပါတယ်။ သနားမိတယ်။ ပြောပြောဆိုဆို စက်ဘီးစီးပြီး သွားတော့မယ့် သူ့ကို နီနီ ဟန့်လိုက်တယ်။

"ကိုချမ်းငြိမ်း...ခဏ"

သူနားမလည်စွာ ပြန်ကြည့်တဲ့အခါ... မြင်မိမှာပါ...နီနီ့ မျက်ဝန်းက မျက်ရည်စတွေကိုလေ...။

"ရှင့်လိပ်စာ အပြည့်အစုံ နီနီ့ကို ပေးထားခဲ့လို့ မရဘူးလားဟင်။ နီနီ စာရေးပါ့မယ်။ ဖုန်းဆက်လို့ ရရင်လည်း ဆက်မယ်လေ...နော်။"

သူမမျှော်လင့်ထားတဲ့ စကားမိုလို့လားတော့ မသိ။ ကြောင်သွားပြီးမှ ဘောပင်ကိုထုတ်ပြီး နီနီ့မှတ်စုစာအုပ်လေးထဲမှာ သေသေသပ်သပ် ရေးချပေးခဲ့ရဲ့။

ဗိုလ်ကြီးစစ်အေးချမ်းငြိမ်း
ကြည်း xxxxx
ခ.လ.ရ ( xx )
ရှမ်းပြည်တောင်ပိုင်း
မိုင်းနော်မြို့။

"အဲ့ဒါ ကျွန်တော့ လိပ်စာ အပြည့်အစုံပါပဲ နီနီ။ ဖုန်းတော့ ဆက်လို့ မရဘူး။ ကျွန်တော် အလျဉ်းသင့်တဲ့အခါ နီနီ့ဆီကို ဖုန်းဆက်ပါ့မယ်။ စာကတော့ ရောက်တဲ့အခါလည်း ရောက်တယ်။ တစ်ချို့လည်း ပျောက်တတ်တယ်။ သွားမယ်နော် နီနီ။ ကံမကုန်ရင် ပြန်ဆုံမှာပေါ့။"

နှုတ်ဆက်ထွက်ခွာသွားတဲ့ သူ့ကျောပြင်ကို ကြည့်ရင်း နီနီတစ်ယောက် တွေဝေစွာ ကျန်ခဲ့တော့တယ်။ သံယောဇဉ်ရယ်... ဘာကြောင့်များ အချိန်တိုတိုလေးမှာ ငြိတွယ်ခဲ့ရတာလဲ။ ဘာကြောင့်များ ကိုယ့်အနားမှာ အမြဲမရှိနေနိုင်မယ့်သူကို သံယောဇဉ် တွယ်ရတာလဲ။ နီနီဘာမှ မတွေးတတ်ဘူး။ ရှင်းလည်း မရှင်းပြတတ်ဘူး။ စစ်သားဆိုတာလည်း နီနီ့ခေါင်းထဲမှာ မရှိဘူး။ နီနီတစ်ခုပဲ သိတယ်။ အဲ့ဒါက နီနီ သူ့ကို အမှန်တကယ် သံယောဇဉ် တွယ်သွားမိတယ်။ နီနီ့အနားမှာ သူ့ကို အမြဲရှိနေစေချင်တာ အရိုးသားဆုံး စိတ်ကလေးတစ်ခုပါပဲ။ ပြန်ဆုံနိုင်ဖို့ နီနီမျှော်လင့်နေပါတယ် ကိုချမ်းငြိမ်းရယ်...။
........................

( ၃ )

ရက်တွေကို လက်ရေချိုးတော့ သူပြန်သွားတာ ဒီနေ့ဆိုရင် တစ်ပတ်ရှိပြီလို့ နီနီတွေးမိတယ်။ နေ့တိုင်း ရုံးကပြန်ချိန်မှာ ကိုယ့်ဘေးက လိုက်ပါနေတတ်တဲ့ သူ့ကို နီနီ သတိရနေမိတယ်။ ဖုန်းသံကြားလိုက်တိုင်း သူများဖုန်းဆက်နေမလားလို့ နီနီ မျှော်လင့်မိတယ်။ နီနီ့အဖြစ်က ရယ်ရမလို ငိုရမလိုပါပဲ။ မိန်းကလေးတစ်ယောက်ကို ခွဲခွာဖို့ ပြောတဲ့အချိန်မှာ တစ်ခါတည်း ချစ်ခွင့်ပန်ခဲ့တဲ့ အဖြစ်အပျက်။ ကိုယ်က ပြန်ချစ်ချင်ရင်တောင် သူ့ကိုလိုက်ရှာပြီး အဖြေပေးရမလို။ ဒါတောင် သူက ဘာမှမတောင်းဆိုရဲပါဘူးလို့ ဆိုသေးတယ်။ သူများတကာတွေ မိန်းကလေးတစ်ယောက်ကို ချစ်ပြီဆိုရင် အဲ့ဒီမိန်းကလေးကို မျက်စိအောက်က အပျောက်မခံပဲ ကြိုးစားပမ်းစား အဖြေရဖို့ ကြိုးစားကြတာ တွေ့ဖူးပါရဲ့။ ရုပ်ရှင်တွေ၊ စာအုပ်တွေမှာလည်း ဖတ်ဖူးပါရဲ့။ အခုဟာက...သမရိုးကျနဲ့တော့ နဲနဲလွဲနေပြီလို့ နီနီအောက်မေ့မိတယ်။ ဘယ်တတ်နိုင်မလဲ။ ချစ်မိတာကိုး။ သူကမှ ဆက်သွယ်လို့မရရင်တော့၊ ကိုယ်ကပဲ ဆက်သွယ်ရတော့မှာပေါ့လို့ ဖြေတွေးတွေးရတယ်လေ။

ဒီလိုနဲ့ နှစ်ပတ်လောက်ကြာတော့ နီနီ စိတ်ကိုတင်းပြီး စာတစ်စောင် ရေးဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် သူ့ဆီကိုတော့ ဒီစာလေး ရောက်လောက်မှာပါလို့ မျှော်လင့်မိတယ်။ ပြန်စာကိုလည်း စောင့်ရတာ မောပါပေါ့။ တစ်ပတ်စောင့်တယ်။ ခရီးကဝေးလွန်းတော့ ကြာနေတာနေမှာပါလို့ ထင်ရတယ်။ နှစ်ပတ်နေတော့လည်း မျှော်ရတဲ့သူသာ မောတယ်။ အဆိုတော် ထားဆိုခဲ့တဲ့ သီချင်းတစ်ပုဒ်လိုပေါ့။ စာချွန်တော် မောင်ကြီးရှင့် မေ့စာပါရဲ့လားလို့ မေးရမှာတောင် မရှက်နိုင်ပေါင်ရှင် ဆိုတာမျိုးလေ။ စာပို့သမား အိမ်ရှေ့ကဖြတ်တိုင်း ကိုယ့်နံမည်များ ခေါ်မလားလို့ လည်တဆန့်ဆန့်နဲ့။ ကြာတော့ အိမ်က လူတွေကတောင် နီနီတစ်ယောက် ဘယ်ကစာများ မျှော်နေသလဲလို့ စိတ်ဝင်စားကြပြီလေ။ ယောက်ျားကြိုက်တော့ ဆိုက်ဆိုက်လာတဲ့၊ မိန်းမကြိုက်တော့ မျှော်လိုက်တာတဲ့။ တတ်နိုင်ဘူး။ မျှော်ရမှာပဲ။

တစ်ရက်တော့ ရုံးကအပြန် စာတိုက်ပုံးထဲမှာ နီနီ့နာမည်နဲ့ စာလေးတစ်စောင် တွေ့တော့ ထခုန်မိမတတ် ပျော်လိုက်သည့်ဖြစ်ခြင်း။ အမောတကော ဖောက်ဖတ်ရတယ်။ စာထဲမှာတော့ နီနီ့ကို သူအမြဲသတိရနေတဲ့ အကြောင်းတွေပေါ့။ နီနီရေးလိုက်တဲ့စာက သူ့ဆီကို သုံးပတ်လောက်နေမှ ရောက်တယ်တဲ့လေ။ သူမအားတာရယ် ပြန်စာကြာတာရယ် ပေါင်းလိုက်ရင်...စာ တစ်စောင်နဲ့ တစ်စောင်ကြားမှာ နှစ်လလောက်တော့ အနည်းဆုံးကြာနိုင်တယ်။ နီနီစိတ်ပျက်မိတယ်။ သူများတွေများ ကိုယ်ချစ်နေတဲ့ မိန်းကလေးတစ်ယောက်ဆီမှာ အမှတ်တွေရဖို့ ၂၄နာရီ ဂရုတစိုက်နဲ့ အရိပ်လို နေကြတာ။ သူ့မှာတော့ အမြဲတမ်း လွမ်းနေပါတယ်ဆိုတဲ့ စာလေးတောင် နှစ်လလောက်နေမှ တစ်ခါရောက်ဖို့တောင် မလွယ်။ နီနီရယ် ဘာကြောင့်များ သူလိုလူကို ရွေးချယ်မိပါလိမ့်နော်။

အချစ်ဆိုတာ ဝေးလေလေ ပိုချစ်လေလေဆိုပေမယ့် ဒီလိုဝေးနေတာမျိုးတော့လည်း နီနီစိတ်ညစ်တယ်။ နီနီလည်း မိန်းကလေးတစ်ယောက်ပါ။ ကိုယ့်ကိုချစ်ခွင့်ပန်ထားတဲ့ ယောက်ျားတစ်ယောက်ရဲ့ ဂရုစိုက်မှု၊ အလိုက်သိတတ်မှုတွေတော့ နီနီလိုချင်မိတယ်ဆိုတာ ၀န်ခံပါတယ်။ သူများတွေ ရုံးဆင်းတဲ့အခါ ချစ်သူက ရုံးလက်ကိုင်ခြင်းလေးကို လာဆွဲပေးတတ်တာကို မြင်ရင် နီနီလည်း အဲ့ဒီလို ဂရုစိုက်မှုမျိုး လိုချင်မိတယ်။ နေမကောင်းလို့ သူများချစ်သူတွေက ရုံးကိုဖုန်းတွေဆက်ပြီး နေကောင်းရဲ့လား၊ ဆေးသောက်ပြီးပြီလား၊ ဘာစားပြီးပြီလဲ အဲ့ဒီလို ယုယတာမျိုးကို နီနီအားကျတယ်။ တစ်နေရာရာကို သွားရလို့ ချစ်သူက အဖော်လိုက်ပေးတဲ့ အခါတိုင်း သူတို့လို အဖော်ဆိုတာကို နီနီတောင့်တတယ်။ အရေးအကြောင်းရှိလို့ တိုင်ပင်ဖော်တိုင်ပင်ဖက် လိုအပ်လာတိုင်း နီနီသူ့ကို သတိရတယ်။ အခုကျတော့ နီနီတစ်ယောက်တည်း။

စစ်သားတစ်ယောက်ကို ချစ်မိခြင်းရဲ့ အစမှာကတည်းက သာမာန်မိန်းကလေး တစ်ယောက်ထက် ပေးဆပ်ရမှု၊ သည်းခံခွင့်လွှတ်မှု၊ နားလည်မှုတွေ လိုအပ်တယ်ဆိုတာကို နီနီနားလည်ခဲ့တယ်။ ဒါပေမယ့် ချစ်တဲ့သူအတွက်ဆိုရင် နီနီ နားလည်ပေးနိုင်မယ်လို့ မျှော်လင့်မိလို့ စာသုံးစောင်မြောက်မှာ ချစ်တုံ့ပြန်ခဲ့မိတယ်။ မမြင်ကွယ်ရာမှာ သူဘာတွေလုပ်နေမလဲ ကိုယ်မသိနိုင်ပေမယ့် ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ ယုံကြည်ခဲ့တယ်။ ချစ်သူဘ၀ ပျော်ရွှင်မှုဆိုတာ နီနီ့အတွက်တော့ စာလုံးလေးတွေပါပဲ။ ချစ်သူအသံကို ကြားချင်လွန်းရင်တောင် သူဖုန်းဆက်ပါမှ ကိုယ်ကကြားရတဲ့အဖြစ်။ တစ်ခါတစ်လေ စဉ်းစားမိတယ်။ ဘ၀တစ်သက်လုံး လက်တွဲရမယ့် ချစ်သူဆိုတာ တစ်ယောက်နဲ့တစ်ယောက် အေးအတူ၊ ပူအမျှတဲ့။ စစ်သားတစ်ယောက်ရဲ့ ချစ်သူ၊ နီနီ့ဘ၀ကရော။

အရေးအကြောင်းဆိုရင် ချစ်သူဆိုတာ ဘယ်ရောက်လို့ ဘယ်ပျောက်နေမှန်းမသိ။ သင်တန်းတွေပဲ တက်နေရသလား၊ ရှေ့တန်းပဲ ထွက်သွားပြီလား။ ဘာတွေဖြစ်နေလို့ ဖြစ်နေမှန်းမသိရတဲ့ဘ၀။ ဘယ်နေ့ဘယ်ရက် ဖုန်းဆက်မယ်လို့လည်း အတိအကျမပြောနိုင်။ အဆင်ပြေသလိုပေါ့နီနီရယ်၊ ဘာမှကြိုပြောလို့ မရလို့ပါ ဆိုတာနဲ့ပဲ နားလည်ပေးလိုက်ရတယ်လေ။ ရုံးကပြန်လာရင် နီနီ့ဖုန်း လာသေးလားလို့ အိမ်ကလူတွေကို မေးရတာလည်း ရှက်တောင် ရှက်ပါတယ်။ တစ်ခါတစ်လေတော့ အဒေါ်အပျိုကြီးတွေက ပြောတတ်သေးတယ်။ ညည်းကသာ ဖုန်းလာလားလို့ မျှော်နေတာပါအေ။ ညည်းလူကဖြင့် တစ်လနေလို့ တစ်ခါတောင် ဆက်တာမဟုတ်ဖူးတဲ့။ နီနီဘယ်လို ရှင်းပြရမလဲ။ ကိုယ်ကတော့ ချစ်သူမို့ အပြစ်မမြင်ပေမယ့်၊ နားလည်ပေမယ့် ပတ်ဝန်းကျင်ဆိုတာ သမရိုးကျပါပဲ ချစ်သူရယ်။

စစ်သားချစ်သူဆိုတာကို ဘယ်သူက နားလည်ပေးနိုင်မှာလဲ။ ပတ်ဝန်းကျင်က ဘယ်လို ပြောပြော ချစ်သူသာ ကိုယ့်အပေါ်မှာ သစ္စာရှိရှိ ချစ်နေတယ်၊ သတိတရ ရှိနေတ်ာဆိုရင် ဘေးပယောဂတွေကို နီနီ ရင်ဆိုင်ရဲပါတယ်လေ။ တစ်ခါတစ်လေ မန္တလေးသွားမယ်လို့ ပြောသွားပြီး တောင်ကြီးရောက်ချင် ရောက်သွားတတ်တာ။ အမိန့်ပဲလေ။ မင်းခယောက်ျား၊ ကမ်းနားသစ်ပင်။ ထားရာနေ စေရာသွားပါတဲ့။ ချစ်သူဆိုပြီး သူ့လက်ကလေးတွေတောင် ကိုင်ဖူးဖို့မပြောနဲ့၊ ချစ်သူအသား ဖြူနေလား၊ မည်းနေလားတောင် နီနီသေချာမမြင်ရသေးတဲ့ဘ၀ပါ။ ချစ်မိမှတော့ သက်ဆုံးတိုင်ပေါ့ ချစ်သူရယ်။ စစ်သားချစ်သူမို့ ပေဖူးကို ဆီမလူးနိုင်ပါလို့ပဲပြောပြီး ဂုဏ်ယူတတ်အောင်ပဲ လေ့ကျင့်ထားလိုက်ပါတော့မယ်။

တကယ်တော့လည်း နီနီ သူ့ကို သနားမိတယ်။ သူတို့ခမျာလည်း ယောက်ျားတွေထဲက ယောက်ျားပါပဲ။ သူများတွေလို ချစ်သူဘ၀ ပျော်ချင်မှာပေါ့။ ချစ်သူလက်ကိုတွဲပြီး အရပ်ရှစ်မျက်နှာ နေရာအနှံ့ လည်ချင်ရှာမှာပေါ့။ ကိုယ့်ချစ်သူအပေါ် ယုယကြင်နာမှုတွေ အပြည့်အ၀ ပေးချင်ရှာမှာပေါ့။ ဒီလို ယုယမှုတွေ မပေးနိုင်တဲ့အတွက် မိန်းကလေးတစ်ယောက် စိတ်ပျက်ပြီး စွန့်ခွာသွားမှာကိုလည်း စိတ်ပူနေရှာပြန်တယ်။ သူ့ထက်စာရင် ပြည့်စုံမှုတွေ ပေးနိုင်မယ့်သူကို မရွေးချယ်လိုက်ပါနဲ့လို့ မတားရက်ပေမယ့် ထားသွားပါလို့လည်း မစွန့်လွှတ်ရက်ဖူးတဲ့လေ။ ချစ်နိုင်တာခြင်း တူပေမယ့် ပေးဆပ်နိုင်တာခြင်း ကွာခြားတဲ့အခါ အနည်းနဲ့အများတော့ ခံစားကြရတာပါပဲ။

ဒါပေမယ့် နီနီ့ချစ်သူဟာ စစ်သားပါ။ နှစ်ဆယ့်လေးနာရီ တာဝန်အပြည့်ရှိနေတဲ့ သူတစ်ယောက်မို့ သူများလို ချစ်သူအတွက် အချိန်များများ မပေးနိုင်တာကို နီနီနားလည်တတ်ပါတယ်။ စစ်သားနှလုံးသားလည်း ချစ်တတ်ပါသေးတယ်။ အခွင့်အရေးဆိုတာ မရသေးလို့ပါ နီနီရယ်လို့ နှစ်သိမ့်တတ်တဲ့ ချစ်သူကို သနားနေမိတယ်။ အဲ့ဒီအတွက်လည်း ကိုယ့်ကိုယ်ကို စိတ်မာအောင် လေ့ကျင့်ရမယ်လို့ နီနီသိတတ်ခဲ့တယ်။ သူများတွေလို ချစ်သူရင်ခွင်မှာ ပါးအပ်ပြီး ငိုနေဖို့ နီနီ့မှာ အခွင့်အရေး မရှိသလောက် နည်းပါးတယ်လေ။ ချစ်သူရင်ခွင်မှာ ချွဲနွဲ့နေဖို့၊ ချစ်သူပုခုံးကိုမှီပြီး ငိုရှိုက်နေဖို့ ချစ်သူရဲ့ပုခုံးမှာ တာဝန်ဆိုတာကြီးက နီနီ့ရှေ့မှာ အမြဲတမ်း အရင်ရောက်နေခဲ့တယ်။ သူများတကာတွေ ချစ်သူသက်တမ်း တစ်နှစ်ပြည့်တို့၊ နှစ်နှစ်ပြည့်တို့မှာ တူတူတွဲပြီး အမှတ်တရ တွေ့ဆုံတတ်ကြပေမယ့် နီနီ့ချစ်သူကတော့ နီနီဘယ်နေ့က သူ့ကို အဖြေပေးခဲ့လဲဆိုတာတောင် အမှတ်ရပါ့မလားမသိ။ တစ်လပြည့်လည်း နီနီတစ်ယောက်တည်း။ ခြောက်လပြည့်လည်း နီနီတစ်ယောက်တည်းပါပဲ။ စစ်သားချစ်သူ အသည်းနုပေမယ့် စိတ်တော့မာမှ ရတော့မပေါ့။

တပ်မှာနေရင်လည်း နေထိုင်ကောင်းပါရဲ့လား၊ အလုပ်တွေပဲ များနေလားလို့ စိတ်ပူပြီး နီနီတစ်ယောက် မနေတတ်မထိုင်တတ်ဖြစ်ရတယ်။ ရှေ့တန်းသွားတယ်လို့ သတင်းကြားမိရင်လည်း စိတ်ပူရပြန်တယ်။ ဘုရားမှာ ဆုတောင်းရတာလည်း သူများတောင် အမြင်ကတ်ပါတယ်။ သူတို့မှ မခံစားဖူးတာနော်။ ဘယ်နားလည်ကြမလဲ။ ယတြာတွေ ချေရတာလည်း စုံလို့ပါပဲ။ နီနီ့ရင်ထဲက အပူကို ဘယ်သူမှ မသိနိုင်ကြဖူးလေ။ သည်းတယ်၊ ကဲတယ်လို့ ပြောခံရတဲ့အခါ နီနီအပြောမခံချင်ပေမယ့် ခံရတယ်။ သူများတွေ ချစ်သူရှိလို့ ချစ်သူနဲ့ အမြဲတတွဲတွဲနေကြတိုင်း ချစ်သူရှိရက်နဲ့ နီနီ့ချစ်သူဟာ ဘယ်သူလဲ ဆိုတာတောင် ထုတ်ပြစရာ လူက ဘယ်နားက သွားဆွဲခေါ်လို့ ခေါ်ရမှန်း မသိတဲ့အခါ ယောက်ျားတစ်ယောက်က ခဏတာ အပျော်တွဲခဲ့ပြီး ခြေရာဖျောက်ခံနေရတဲ့ မိန်းကလေးတစ်ယောက်လို့လည်း မြင်ကောင်းမြင်ကြတယ်။ သူ့ဆီက စာမလာ၊ သတင်းမကြားတာ ကြာနေလို့ ကိုယ်က စိတ်ပူပြီး စုံစမ်းမိရင်လည်း မိန်းကလေးတစ်ယောက်က အရာရှိတစ်ယောက်ကို ကောက်ကောက်ပါအောင် လိုက်နေရသလိုလည်း ပြောခံကောင်းခံရရဲ့။ သြော်... စစ်သားချစ်သူလေ။ အစက ဒီလိုတွေ မသိခဲ့ပါဘူး ချစ်သူရယ်။ နီနီသိတာ သူ့ကို ချစ်တာ တစ်ခုတည်းပါပဲ။ သူ့ကို ချစ်တာ တစ်ခုတည်းအတွက် အစစအရာရာ နီနီ ပေးဆပ်ထားရပြီ။

ချစ်သူသက်တမ်း ခြောက်လတဲ့။ ဝေးရတဲ့ ရက်တွေ ကြာရှည်တော့ နီးချင်ပြီ ချစ်သူရယ်။ လွမ်းရတယ်။ ဆွေးရတယ်။ အားငယ်တယ်။ မိန်းကလေးတစ်ယောက်အတွက် ကိုယ့်ချစ်သူကိုသာ အာကိုးချင်တာ သဘာဝပါပဲ။ ချစ်သူအနားမှာ ဘယ်တော့မှ နေခွင့်ရနိုင်မလဲ။ ချစ်သူအနားမှာ ချစ်သူကို ပြုစုယုယရင်း ကြင်နာမှုတွေကို ပေးချင်ပါရဲ့။ ချစ်သူရဲ့ ချစ်ခင်ယုယမှုတွေကို ရိုးသားစွာ တောင့်တမိပါရဲ့။ ချစ်သူရင်ခွင်မှာ ကလေးလေးတစ်ယောက်လို မှေးစက်ချင်ပါရဲ့။ ဘယ်တော့များမှ ဒီအခွင့်အရေးကို ရနိုင်ပါ့မလဲ။
...................................

( ၄ )

ချစ်သူသက်တမ်းခြောက်လပြည့်မို့ အရင်နေ့တွေထက်ပိုပြီး သတိရနေမိမှာ စိုးတာကြောင့် နီနီ အိပ်ရာစောစော ၀င်ခဲ့ပေမယ့် အခုတော့ မနက်မိုးလင်းခဲ့ပါပြီ။ ဘယ်တတ်နိုင်မလဲနော်။ မည်သူမပြု မိမိမှုပေါ့။ စစ်သားတစ်ယောက်ရဲ့ ဘ၀ကို ချစ်သူတစ်ယောက်အနေနဲ့ နီနီနားလည်ပေးရမယ်။ စစ်သားတစ်ယောက်ရဲ့ ပါရမီဖြည့်ဘက်အဖြစ် ဂုဏ်ယူတတ်အောင် နီနီလေ့ကျင့်ထားရမယ်။ အေးအတူ ပူအမျှ ခံစားနိုင်အောင် နီနီ အားမွေးထားရမယ်။ ဒါပေမယ့် ချစ်သူရယ်...အဲ့ဒီအတွက် ချစ်သူမျက်နှာလေးကိုတော့ အားအင်အဖြစ် မြင်စမ်းချင်ပါရဲ့။

ညက အိပ်ရေးပျက်ထားတာကြောင့် ရုံးမသွားခင် ဘီစစ်တစ်လုံး သောက်လိုက်ပြီး ထမင်းချိုင့်ကိုဆွဲလို့ အိမ်ပေါ်က ဆင်းလိုက်တယ်။ အိပ်အ၀အရောက် နားထဲကို ကလင် ကလင်ဆိုပြီး မြည်လာတဲ့ ဖုန်းသံကြောင့် ခြေလှမ်းတွေ တုံ့ကနဲ ရပ်သွားပြီးနားစွင့်လိုက်မိတယ်။

"နီနီရေ...သမီးဖုန်းလာတယ်။ မသွားနဲ့ဦး။"

မေမေ့အသံကိုကြားတော့ အပြေးတစ်ပိုင်း အိမ်ပေါ်ကို ပြေးတက်ခဲ့မိတယ်။ ခုနက မူးချင်ချင် ဖြစ်နေတာတွေဘယ်ရောက်သွားပါလိမ့်။ ပြီးတော့ ပတ်ဝန်းကျင်ကို ဂရုမစိက်နိုင်ပဲ ဖုန်းကို ကသုတ်ကရက် ကောက်ကိုင်လိုက်တယ်။

"ဟဲလို...ဟဲလို"

xxxxxx

"မောင်ရယ်...ဘယ်ရောက်နေတာလဲဟင်....နီနီ့ကို အကြာကြီး မပစ်ထားပါနဲ့တော့။ မောင့်ကို တွေ့ချင်တယ်..."

ပြောရင်းနဲ့ နီနီမထိန်းနိုင်တော့ပဲ ငိုချလိုက်မိပါတယ်။ စိတ်ထဲမှာ တင်းထားသမျှ ချစ်သူအသံ ကြားရတဲ့အခါ အားကိုးစိတ်နဲ့အတူ ၀မ်းနည်းသွားတတ်တာ မိန်းကလေးတွေရဲ့ မသိစိတ်မှာ ရှိနေတတ်တဲ့ အားငယ်မှုတစ်ခုပါပဲ။

ဒါပေမယ့် ဒီတစ်ခါ ကြားရတဲ့ ဖုန်းသံဟာ နီနီ့အတွက်တော့ မင်္ဂလာသတင်းတစ်ခုပါ။ သူတပ်ပြောင်းရမယ်တဲ့လေ။ အရင်လို အဝေးကြီးမှာ မနေရတော့ဘူးတဲ့။ မဟာသိပ္ပံဘွဲ့အထိ ပညာသင်သွားခဲ့ရပြီး ပြန်လာခဲ့ရတဲ့အတွက် ပြင်ဦးလွင် စစ်တက္ကသိုလ်မှာ နည်းပြအဖြစ်နဲ့ ပြောင်းလဲ တာဝန်ထမ်းဆောင်ရမယ်တဲ့။ တစ်လောကလုံး မေ့သွားလောက်အောင် နီနီပျော်ပါတယ် ချစ်သူရယ်။ ဘာပဲဖြစ်ဖြစ် အရင်လို ဝေးကွာနေမှာ မဟုတ်တော့တာတော့ သေချာပါတယ်။ သူခွင့်မရလည်း ဘာအရေးလဲနော်။ နီနီလိုက်သွားမှာပေါ့။ ယောက်ျားတစ်ယောက်နောက်ကို ကောက်ကောက်ပါအောင် မနေနိုင်မထိုင်နိုင်နဲ့ လိုက်သွားမှာမျိုးတော့ မဟုတ်ဘူးပေါ့။ နီနီ့ချစ်သူဟာ နှစ်ဆယ့်လေးနာရီ တာဝန်ချိန်အပြည့်ရှိနေတဲ့ စစ်သားတစ်ယောက်လေ။ ပျော်ရာမနေသာတဲ့ မင်းခယောက်ျားတစ်ယောက်ကို ချစ်ခဲ့တဲ့အတွက် ချစ်သူအနားမှာ နေနိုင်ဖို့ ကြိုးစားရခြင်းတစ်ခုရယ်သာ။

ချစ်သူသာ အနားမှာ ရှိရင် ဘာတွေပဲ ရင်ဆိုင်ရ ရင်ဆိုင်ရ မိန်းကလေးတစ်ယောက်အတွက် လုံခြုံပြီးသားပါ။ ချစ်သူအနားမှာသာ နေခွင့်ရမယ်ဆိုရင် ဆူးခင်းလမ်း မပြောနဲ့ မိုင်းတောထဲလည်း လျှောက်ရဲပါတယ်။ ကျည်ဆံတွေကြားလည်း ဖြတ်ရဲပါတယ်။ ဗုံးဆံတွေကြားလည်း ချစ်သူလက်ကို တွဲလို့ ရဲရဲကြီး ဖြတ်ရဲပါတယ်။ချစ်သူရဲ့ ချစ်ခြင်းမေတ္တာတစ်ခုတည်းသာ မိန်းကလေးတစ်ယောက်အတွက် အရာရာကို ကျော်ဖြတ်ရဲတဲ့ အားအင်သတ္တိပါ ချစ်သူရယ်။ ခွဲနေရတဲ့ အချိန်တွေမှာ ဘယ်လောက်လွမ်းရတယ်၊ ဆွေးရတယ်၊ ရင်မောရတယ်၊ အားငယ်ရတယ် ဆိုတာတွေကိုတော့ တွေ့တော့မှပဲ ရင်ခွင်ထဲမှာ ခေါင်းလေးဝှေ့လို့ အတိုးချပြီး ချွဲချွဲနွဲ့နွဲ့ ပြောပြချင်တယ် ချစ်သူမောင် စစ်သားကြီးရယ်...။

........................

လွမ်းသုရင်
၁၆.၈.၂၀၀၈

စာကြွင်း။ ။လိုတာရှိတယ်ဆိုရင်တော့ နားလည်ပေးစေချင်ပါတယ်။ ခံစားမိသလောက် ဇာတ်အိမ်ဆင်ထားခြင်းသာ ဖြစ်ပါတယ်။ လွမ်းသုရင် Professional တစ်ယောက်မဟုတ်ပါ။

8 comments:

အညာသား said...

အချစ်ရဲ့အဓိပ္ပါယ်က “ရယူခြင်းလား၊
ပေးဆပ်ခြင်းလား၊ သ၀န်တိုခြင်းလား..” ကွဲကွဲပြားပြားမသိပေမယ့်... အရာရာကို
ရင်ဆိုင်နိုင်မယ့်ခွန်အားတွေ ဖြစ်ပေါ်လာဘို့
အတွက်... အကောင်းဆုံးတွန်းအားတွေ
ပေးနိုင်စွမ်းတာတော့ သေချာတယ်။

ဇီးကုန်းသာယာ said...

ama layyyyyyy... !! Phit nay lite tar ...!
eye ko; naught tal... GAL pae Gal pae

Anonymous said...

အမည်မသိ.....
ဖတ်ရတဲ့သူကိုတော့ ခံစားမှုလေး တစ်မျိုး တော့ ဖြစ်စေပါတယ်....ဒါပေမယ့် အိပ်မက်ဇာတ်လမ်း မျိုး ဖြစ်နေသလားလို့ပေါ့...ဘယ်လို ချစ်တာလည်း ဘယ်လို တွေ့လည်း ဘယ်လို ခွဲရတာလည်း မပါတော့ ...ကျွန်တော်တို့လို့ ဘာမှမသိတဲ့ သူအတွက် နားမလည်အောင်ပဲ...ပြည်ပြည်စုံစုံလေးပေါ့နော်...အခုဟာ က စကတည်းက လွမ်းဆွေးနေရတာလေ...ပျော်ခဲ့တဲ့ အချိန်တွေလည်း ရှိကောင်းရှိမှာပေါ့နော်...ကျွန်တော်က
တော့ ဘာမှ မသိပါဘူး ...

လွမ်းသုရင် said...

ကိုအညတရရေ...စာထဲမှာပါပြီးသားလေ။ ဘယ်လိုတွေ့တဲာ၊ ဘယ်လိုချစ်တာလဲ၊ ဘယ်လိုခွဲရတာလဲဆိုတာ အကုန်ပါပါတယ်ရှင်။ လိုတာရှိတယ်ဆိုရင်တော့ နားလည်ပေးစေချင်ပါတယ်။ ကျွန်မခံစားမိသလောက် ဇာတ်အိမ်ဆင်ထားခြင်းသာ ဖြစ်ပါတယ်။ Professional မဟုတ်ပါဘူးရှု။ ဝေဖန်ဖတ်ရှုပေးတာကို ကျေးဇူးတင်ပါတယ်နော်။

Unknown said...

အရမ်းကောင်းပါတယ်။ခံစားမှုတွေကတော့ ပေါင်းစုံပါပဲ။
သေချာတာတစ်ခုကတော့ တော်တော်လေးကောင်းပါတယ်။

puluque said...

ကျတော် ပထမတော့ အိပ်တော့မ်လို့. မလွမ်းသုရင် အရေးအသားကောင်းတာနဲ့ပဲ့ စာတွေကို ဆက်ဖက်ဖြစ်သွားတယ်. စကားလုံးလေးတွေကလည်း ထိတယ်. ဇာတ်လမ်းထဲက ခံယူချက်တချို့ဟာ မလွမ်းသုရင်ရဲ့ ခံယူချက်လို့ ထင်ပါတယ်. လူတိုင်းဒီလိုခံယူချက်မျိုးရှိနိုင်ရင် ကောင်းတာပေါ့။

Unknown said...

aww,i think so!
Whatever with up to you,i understand your feelings.Your beloved soilder will come soon!
Har Har,just kid!

Unknown said...

aww,i think so!
Whatever with up to you,i understand your feelings.Your beloved soilder will come soon!
Har Har,just kid!