ဆန္ဒ

လူတိုင်းလူတိုင်းရဲ့ရင်ထဲမှာ

သိတတ်စအရွယ်ကတည်းက

တစ်နေ့နေ့ငါအရွယ်ရောက်လာရင်ဆိုတဲ့

ဆန္ဒလေးတွေ ရှိနေတတ်ကြပါတယ်။

သူမမှာလည်း ရှိခဲ့တာပေါ့။

အခုထိလည်းဆက်လက်ပြီးရှိနေဆဲပါပဲ။

အဲ့ဒီဆန္ဒလေးတွေကဘာလည်းဆိုတော့....

Sunday, October 18, 2009

သို့... တစ်ရံတစ်ခါဆီ...

( ၁ )

"ချစ်သူနဲ့ လက်ချင်းချိတ်ပြီး သွားတဲ့အခါ ဘယ်လောက်ဝေးဝေး ပင်ပန်းတယ်လို့ မထင်ရဘူးတဲ့။ အဲ့ဒီစကားကို ဘယ်သူပြောသလဲ။ ခုတော့လည်း မောတာပါပဲနော်..."

လူကူးတံတားတစ်ခုကို ဖြတ်ကျော်ရင်း သူ့မျက်နှာကိုတွေတွေလေးကြည့်ကာ သူမညည်းမိခြင်း ဖြစ်၏။

မိုးရွာပြီးခါစ ပတ်ဝန်းကျင်က အနည်းငယ် စိမ့်နေသော်လည်း သူမ၏နဖူးလေးမှာတော့ ချွေးပေါက်လေးများ သီလို့နေသည်။ လက်ဖ၀ါးနုနုကို အားမရစွာ ဖျစ်လိုက်သည့် သူ့အပြုံးက သူမ၏ ညည်းညူခြင်းကို သဘောကျသော အပြုံးမျိုး...။

"ကံဆိုးမိုးမှောင်ကျတဲ့အခါ ချစ်သူလက်ကိုဆွဲကိုင်ထား... အကျင့်ပါသွားခဲ့တာ ချစ်သူမရှိတော့ လက်မှိုင်ချ.."

စိုင်းစိုင်းခမ်းလှိုင်ရဲ့ "အချစ်သီချင်း"ကို စိတ်ထဲမှ သတိရမိသည်။ တကယ်တော့ ဒီလမ်းဒီခရီးတွေကို သူမတစ်ယောက်တည်း သွားမြဲသွားနေကြဖြစ်ခဲ့သည်။ တခါတလေမဟုတ်ခဲ့၊ တစ်နေ့တလေ မဟုတ်ခဲ့။ နှစ်နှင့်လနှင့်ချီပြီး လှုပ်ရှားရုန်းကန်ခဲ့ရာ ဒီလမ်းလေးတွေမှာ သူမ၏ခြေရာပေါင်း မြောက်များစွာ ထင်ကျန်ရစ်ဖူးမည်။

တစ်နေ့တစ်နေ့ လူကူးတံတား လက်ရမ်းကို အားပြုပြီး အတက်အဆင်းပြုခဲ့ရသည့် နေ့တွေကို သူမသတိရသွားမိ၏။

"အဲ့ဒီတုန်းကအဖြစ်တွေ ပြန်စဉ်းစားရင် မျက်စိသူငယ်နားသူငယ်နဲ့ ကိုယ့်အဖြစ်ကိုကိုယ် သနားနေမိတယ် သိလား... "

Bus ကားတွေအများကြီး စုဝေးနေသည့် ကားဂိတ်တစ်နေရာကိုကြည့်ပြီး သူမရေရွတ်မိပြန်သည်။

"စိတ်မကောင်းစရာ အတိတ်တွေကို ဆက်မယူလာနဲ့တော့လေ။ လက်ရှိအချိန်မှာ ပျော်အောင်နေမှပေါ့..."

သတိရတိုင်း အတိတ်ကို ပြန်လည်တူးဆွတတ်သည့် သူမကို သူက သတိပေးသည်။ တကယ်တော့လည်း အတိတ်ဆိုတာ ပြန်လည်တူးဆွတိုင်း ကောင်းတတ်သည့် အရာမှမဟုတ်ဘဲ။ သို့သော်လည်း သူမအတွက်တော့ ဘ၀မှတ်တမ်းတစ်ခု...။

"ပြန်တူးဆွနေတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မမေ့သွားအောင် ကိုယ့်ကိုယ်ကို ပြန်သတိပေးနေတာပါ။ ဒီနေ့ ဒီလိုအခြေအနေရောက်လာတာဟာ အဲ့ဒီအတိတ်တွေကို ဖြတ်ကျော်ခဲ့လို့ပဲပေါ့။ အဲ့ဒီလောက်ထိ ဆိုးရွားတဲ့ အခြေအနေထိတောင် ငါတစ်ယောက်တည်း ရုန်းကန်ခဲ့ရဖူးတယ် ဆိုတာကို သတိရတိုင်း ခုလက်ရှိ ဖြစ်ပျက်နေတာဟာ မပြောပလောက်တဲ့အရာတွေပါလို့ တွေးမိပြီး ကိုယ့်စိတ်ကိုယ်ကို အားပြန်မွေးနေရတာ..."

ဒီတစ်ခါတော့ သူနှုတ်ဆိတ်သွား၏။

ဝမ်းနည်းစရာတွေကို ပြန်မစဉ်းစားစေချင်သည့် ချစ်သူ၏စေတနာကို သူမ နားလည်သည်။ သို့သော်လည်း...

~ ~ ~ ~

မနက်စောစောစီးစီး မျက်နှာသစ်ပြီး အသေပိတ်ထားသည့် ဇီးရောင် မှန်တံခါးမှ အပြင်သို့ မျှော်ကြည့်မိသည်။ ကြည့်မိတော့မှ သူမနားနေရာ အခန်းကျဉ်းကလေးသည် လမ်းမကြီးကို မျက်နှာမူထားသည် မဟုတ်ဘဲ တိုက်နောက်ဘက် Car Parking တစ်ခုကို မျက်နှာမူထားမှန်း သူမသတိထားမိ၏။ ညက မောမောနှင့် အိပ်ပျော်သွားသောကြောင့် သူမသတိမထားမိခြင်း ဖြစ်လိမ့်မည်ထင်သည်။ အခန်းဖော်နှစ်ယောက်ကတော့ အခုထိ အိပ်မောကျဆဲ...။

"ဒီလိုအခန်းလေးကိုပဲ ငါ့အိမ်လို့ သတ်မှတ်ရတောမယ်နဲ့ တူပါရဲ့..."

ဆယ့်နှစ်ပေ ပတ်လည်လောက်ရှိမည့် လေးထောင့်အခန်းကျဉ်းကလေး...။ အိပ်စက်စရာ လူလေးယောက်အိပ်စာ နှစ်ထပ်ခုတင်တစ်လုံး ရှိသည်။ အပျင်းပြေ ကြည့်စရာ ရုပ်မြင်သံကြားစက်တစ်ခုရှိသည်။ ရေချိုးခန်း၊ အိမ်သာတွဲလျက်ရှိသောကြောင့် အိမ်မကြီးသို့ အကြောင်းမရှိလျင် ခဏခဏထွက်ရန်မလို။ သူမနှင့်ပါဆိုလျှင် စုစုပေါင်းမိန်းကလေး သုံးယောက်နေထိုင်ရမည့် အခန်းကလေးထဲတွင် အ၀တ်အစားအိတ်များ၊ စာအုပ်စာတမ်းများဖြင့် ပြည့်ကျပ်နေ၏။ ညအိပ်ခါနီး အဖော်ရအောင် ဘေးနားမှာထားထားသည့် အရုပ်ကလေးက ခုတင်ပေါ်မှာ ငြိမ်သက်လို့...။

အိပ်ရာထထခြင်း Car Parking မှာထိုးထားသည့် ကားတွေကိုမြင်တော့ အဖေ့ကားလေးကို သတိရသည်။ ဒီအချိန်ဆိုလျှင် အဖေ့ကားစက်နှိုးသံကို ကြားရတတ်သည်။ သားသမီးတွေကို အိပ်ရာထဖို့ ဗျစ်တောက်ဗျစ်တောက် နှိုးနေသည့် အမေ့ရဲ့ နံနက်ချိန်ခါတေးသံသာကို ကြားယောင်နေမိသည်။ နှစ်ယောက်အိပ်ခုတင်မှာ တစ်ယောက်တည်း အိပ်စက်နေမည့် ညီမငယ်ကိုမြင်ယောင်မိသည်။ ခုတော့လည်း ဒီအခန်းကျဉ်းလေးထဲမှာ သူစိမ်းတစ်ရံဆံတွေနဲ့ သူမတစ်ယောက်တည်းရယ်...။ အားငယ်စိတ်ကြောင့် မျက်ရည်ဝဲတက်လာမိသည်။

"ဒီမြေဒီရေမှာ ငါ့ကိုယ်ငါပဲ အားကိုးရမယ်။ ငါ့မှာ ဘယ်သူမှ အားကိုးစရာ မရှိဘူးပဲ...။"

ကိုယ့်စိတ်ကိုကိုယ် အားတင်းလိုက်ရင်း ရေချိုးဖို့ပြင်လိုက်တော့မှ ဗိုက်ထဲမှ "ဂွီ"ကနဲ အသံကိုကြားလိုက်ရ၏။ သည်အချိန်ထိ သူမနံနက်စာမစားရသေး။ ရေချိုးထားတုန်း ခေါက်ဆွဲပြုတ်ထားမှဖြစ်မည်။ စားစရာသပ်သပ်ထည့်လာသည့် အိတ်ထဲမှ ခေါက်ဆွဲခြောက်တစ်ထုပ်ကို နှိုက်ယူပြီး မီးဖိုထဲရှိ ဆူပြီးဟန်ရှိသော ရေနွေးပူပူနှင့် ပန်းကန်လုံးထဲထည့်ရောကာ အဖုံးအုပ်ထားလိုက်သည်။ ဒီနေ့အဖို့ သူမအတွက် အမေ့ရိက္ခာခြောက်တွေနှင့်သာ အသက်ဆက်စရာရှိသည်။ ဒီပတ်ဝန်းကျင်မှာ သူမ မကျင်လည်သေး။ ထမင်းဆိုင် ဘယ်နားမှာရှိသလဲ သူမမသိသေး။ ဈေးဘယ်နားမှာ ၀ယ်ရမည်လဲ၊ ဘယ်လိုဝယ်ရမည်လဲ သူမ မသိသေး။ မီးရထား၊ ကားဘယ်လိုစီးရမည်လဲ သူမ မတတ်သေး။

သက်ပြင်းတစ်ချက်ကို ခပ်ပြင်းပြင်းမှုတ်ထုတ်ရင်း လေးလံသောခြေလှမ်းဖြင့် ရေချိုးခန်းသို့ ၀င်ခဲ့သည်။ ရေချိုးပြီးလျှင် အလုပ်နှင့်နီးသည့် ရပ်ကွက်တစ်ခုမှာ ပြောင်းနေဖို့ သူမကို လိုက်ပို့သည့် မိတ်ဆွေဦးလေး လာခေါ်သည်ကို စောင့်ရဦးမည်။ တကယ်တော့ သူမ နေရမည့်အခန်းက လက်ရှိအခန်း။ အလုပ်နှင့်အိမ် လေးဆယ့်ငါးမိနစ်ခန့် ရထားစီးရမည် ဆိုသည့်ခရီးကြောင့် ဒီအိမ်ကနေ ရွှေ့ဖို့သူမဆုံးဖြတ်ခဲ့သည်။ အသွားအပြန် တစ်နာရီခွဲခန့်ကြာမည့် အချိန်နှင့် ခရီးစရိတ်ကို တွက်ဆမိတော့ ဆက်နေလို့မဖြစ်နိုင်မှန်း သေချာသွားသည်။ သူမအတွက် အခုအချိန်မှာ ငွေကိုချွေတာနိုင်မှ တန်ကာကျမည် မဟုတ်လား။

ပထမဆုံးအကြိမ်တစ်ယောက်တည်း စားရသည့် ထိုနေ့ကနေ့လည်စာအတွက် သူမ မျက်ရည်ကျမိသည်။ သူမလိုပဲ အမေလည်း ငိုနေမည်လားမသိ။ ကိုယ်တိုင်ရွေးခဲ့သည့် လမ်းက ရာနှုန်းပြည့်မချောမွေ့နိုင်မှန်းတော့ အစကတည်းက သိခဲ့သော်လည်း လက်တွေ့မှာ ရင်ဆိုင်နိုင်ပါ့မလားဆိုသည့် အတွေးတို့က ရောက်ရောက်လာသည်။ ကိုယ့်ကိုယ်ကို မှားသလား၊ မှန်သလား ဝေခွဲလို့မရ ဖြစ်လာရသည်။

"မှန်ရင်လည်း ငါစံရမှာပဲ၊ မှားရင်လည်း ငါတစ်ယောက်တည်း ခါးစည်းခံရမှာပဲ။ ခုချိန်မှာ နောက်ပြန်ဆုတ်လို့မှ မရနိုင်တော့ပဲ။ ဒီခရီးကို ငါကိုယ်တိုင် အစပျိုးမိခဲ့ပြီလေ..."

သူမ၏ဆန္ဒတစ်ခုအတွက် အရင်းအနှီးဘယ်လောက် ကြီးသလဲဆိုတာ သူမအသိဆုံးဖြစ်သည်။ မိသားစုတစ်ခုလုံး၏အခြေအနေသည် သူမ၏အဆုံးအဖြတ်တစ်ခုပေါ် မူတည်နေပြီ။ နောက်ဆုတ်ဖို့ မဖြစ်နိုင်။ ဘယ်နည်းနှင့် ဖြစ်ဖြစ် ရှေ့ဆက်ဖို့သာရှိသည်။

နေ့လည်ရောက်တော့ မိတ်ဆွေဦးလေးက အိမ်ရွှေ့ဖို့လာခေါ်၏။ ဒီအခန်းလေးထဲမှာ မနေရတော့သည်ကတော့ သေချာသွားပြီ။ ပါလာသမျှ အထုပ်အပိုးတွေကို ဆွဲပြီး ဦးလေးခေါ်ရာကို သူမလိုက်ခဲ့သည်။ တက္ကစီစီးလာရာ လမ်းတစ်လျှောက် လမ်းဘေးဝဲယာရှုခင်းတွေက အမြင်ဆန်းသလို ရှိသော်လည်း အေးစက်စက်နိုင်သလို ထင်မိသေး၏။ မိခင်မြေနှင့်တော့ ဆီနှင့်ရေလို ကွာခြားနေသည်။

ဒီမြေသည် မိခင်မြေထက် မွမ်းမံပြင်ဆင်မှုတွေ များကောင်းများမည်။ Artificial အလှအပတွေနှင့် ပိုမိုသပ်ရပ်လှပသယောင် ရှိချင်လည်းရှိမည်။ ပိုမိုတိုးတက်သည်ဟုလည်း ထင်ကောင်းထင်စရာရှိလိမ့်ဦးမည်။

မည်သို့ပင်ဖြစ်စေကာမူ သူမအတွက်တော့ မိခင်မြေကိုသာ တမ်းတနေမိတော့သည်။ စွဲစွဲလမ်းလမ်း ဖတ်ခဲ့ဖူးသည့် ဆရာတက္ကသိုလ်ဘုန်းနိုင်၏ "စိမ်းနေဦးမည့် ကျွန်တော့မြေ"မှ နိဒါန်းစာပိုဒ်လေးတစ်ပိုဒ်ကိုလည်း ပြန်လည်သတိရနေမိသည်။

"မြင်မြင်ရာရာ စိမ်းစိုလှပနေသည့် မိခင်မြေ..."

တစ်နေ့နေ့ပြန်ရမည် ဆိုသည်ကို သိသော်လည်း အဲ့ဒီတစ်နေ့နေ့သည် မည်မျှကြာသွားနိုင်သည်ကို သူမ မခန့်မှန်းတတ်။

"မပျော် သုံးနှစ် ပျော်သုံးနှစ်ပေါ့ အမေရယ်... သမီး ပြန်လာမှာတော့ သေချာပါတယ်..."

တက္ကစီလေးကတော့ အဝေးပြေးလမ်းမလို လမ်းမကျယ်ကြီးတစ်လျှောက် တရွေ့ရွေ့ပြေးကာနေတော့သည်။

~ ~ ~ ~

( ဆက်ပါဦးမည်။ )

လွမ်းသုရင်
၁၈ အောက်တိုဘာ ၂၀၀၉

12 comments:

မီးငယ် said...

တူတူပါပဲမမရယ်...
ဟုတ်တယ်မမ..လွန်ရောကျွံရောနေ ၅ နှစ်ပဲ...

Anonymous said...

မပျော်သုံးနှစ် ပျော်သုံးနှစ်
ပေါင်းလိုက်တော့ ခြောက်နှစ်
:(

Touch Me Not said...

ဆက်ပါဦး လွမ်းသုရင်။

သို့ တရံတခါဆီက ခိုင်ထူးသီချင်းရှိတယ်။

မဆုမွန် said...

အရင်းအနှီးဘယ်လောက် ကြီးသလဲဆိုတာ သူမအသိဆုံးဖြစ်သည်။ မိသားစုတစ်ခုလုံး၏အခြေအနေသည် သူမ၏အဆုံးအဖြတ်တစ်ခုပေါ် မူတည်နေပြီ။ နောက်ဆုတ်ဖို့ မဖြစ်နိုင်။ ဘယ်နည်းနှင့် ဖြစ်ဖြစ် ရှေ့ဆက်ဖို့သာရှိသည်။
..............ဘ၀ချင်းထပ်တူ ခံစားသွားတယ် ညီမလေးရေ ဒါပေမယ့် ပြန်ချိန်ဆိုတာတော့ ...

MANORHARY said...

မတွေ့တာကြာပြီဖြစ်တဲ့ လွမ်းသုရင်ကို ပြန်တွေ့ရတာ
ဝမ်းသာစရာ ..
စိမ်းရေ ဆက်ဖတ်ဖို့စောင့်နေမယ်။

မိုးခါး said...

တနေ့တော့ ပြန်ရောက်ကြမှာပေါ့ အစ်မရယ် ..
ဆက်ရန်ကို မျှော်နေပါမယ်နော် ..

ရိုးမြင့်အောင် said...

ကဲ... ခက်ပြီ။ ဖတ်ကောင်းတဲ့အချိန်မှ ဆက်ပါဦးမည် ဆိုပဲ။ ဆက်ရန်... ဆက်ရန်...။

Unknown said...

ခိုင်ထူးသီချင်းကို ကျောင်းတက်တုန်းကသိပ်ကြိုက်ခဲ့တာ
ရန်ကုန်ဘူတာကြီးရောက်ယင် လွမ်းခဲ့ရတဲ့သီချင်းပေါ့
ဆက်ရေးပါအုံး မကြာခင်ဆက်ဖတ်ရမယ်ထင်ပါတယ်စောင့်နေပါ့မယ်နော

Moe Myint Tane said...

အခုတော့ပျော်နေလောက်ပြီ ထင်ပါတယ်။

"ကံဆိုးမိုးမှောင်ကျတဲ့အခါ...ချစ်သူလက်ကိုဆွဲကိုင်ထား"

ဟဲ ဟဲ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

အိမ်လေး said...

ချစ်မ !
အချစ်သီချင်းတဲ့လား...

သဒ္ဓါလှိုင်း said...

မင်္ဂလာပါ..
အလည်လာရောက်ပြီး စာတွေဖတ်သွားပါတယ်နော်။
ကျန်းမာပျော်ရွှင်ပါစေရှင်..
ခင်မင်လေးစားလျက်
သဒ္ဓါလှိုင်း

ရွှေပြည်သူ (ShwePyiThu) said...

ထပ်တူခံစားမိပါတယ် ညီမလေးရေ... တခါတခါ ကိုယ်တစ်ယောက်ထဲဆိုတာကို မေ့ချင်ယောင် ဆောင်ထားမိတယ်... စလုံးမှာက မြန်မာသူငယ်ချင်းတွေ အများကြီးရှိနေတော့ တော်ပါသေးတယ်လို့ပဲ ကိုယ့်ဘာသာ အားပေးနေရတယ်...း)