ဆန္ဒ

လူတိုင်းလူတိုင်းရဲ့ရင်ထဲမှာ

သိတတ်စအရွယ်ကတည်းက

တစ်နေ့နေ့ငါအရွယ်ရောက်လာရင်ဆိုတဲ့

ဆန္ဒလေးတွေ ရှိနေတတ်ကြပါတယ်။

သူမမှာလည်း ရှိခဲ့တာပေါ့။

အခုထိလည်းဆက်လက်ပြီးရှိနေဆဲပါပဲ။

အဲ့ဒီဆန္ဒလေးတွေကဘာလည်းဆိုတော့....

Friday, May 30, 2008

နှလုံးသား၏ စေစားရာ

ငယ်ငယ်တုန်းကပေါ့ ... ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနစ်နှစ်သမီးလောက်က ကိုယ့်အထက်က ၀မ်းကွဲအစ်ကို၊ အစ်မတွေ ချစ်သူရှိကြတာကို သိခဲ့ရဖူးတယ်။ ချစ်သူနဲ့ လက်ထပ်ရလို့ သူတို့ ပျော်ရွှင်နေတာကိုလည်း မြင်ဖူးတယ်။ ချစ်သူနဲ့ ဝေးရလို့ အသည်းကွဲနေတာကိုလည်း ကြားခဲ့ရဖူးတယ်။ အဲ့ဒီတုန်းကတော့ အချစ်ဆိုတာ ဘယ်လိုအရာမို့လို့ သူတို့တွေ ဒီလောက် အရေးတယူ ခံစားနေကြတာလဲလို့ စဉ်းစားမိခဲ့ဖူးတယ်။ ကိုယ်ကတော့ ချစ်ရတဲ့သူဆိုလို့ ဖေဖေရယ်၊ မေမေရယ်ပဲသိတတ်ခဲ့တာကိုး...။

ဒီလိုနဲ့ တက္ကသိုလ်တက်တော့ သူငယ်ချင်းတွေ ချစ်သူထားတာကို ကြုံရပြန်ရော။ ချစ်သူတွဲလို့ ပျော်လိုက်ကြ၊ ချစ်သူနဲ့ကွဲလို့ လွမ်းလိုက်ကြနဲ့။ ဘာတွေမှန်းကို မသိခဲ့ပါဘူး။ အဲ့ဒီအချိန်မှာ အမေက တဖွဖွမှာတယ်။ ငါ့သမီး ချစ်သူမထားချင်နဲ့ဦးနော်တဲ့။ အချိန်မတန်ခင် မဖြစ်သင့်တာ မဖြစ်စေချင်ဘူးတဲ့လေ။ ပညာရေးမှာ အနှောက်အယှက် မဖြစ်စေချင်ဘူးတဲ့။ ချစ်သူထားမိတာနဲ့ မဖြစ်သင့်တာ ဖြစ်ရောလား။ ပညာရေးမှာ ထိခိုက်ရောလား။ နားမလည်တတ်ခဲ့ဘူး။ အချစ်ဆိုတာ အဲ့ဒီလောက်တောင် ဆိုးသလားလို့တော့ အမေ့ကို မမေးရဲခဲ့ပါဘူး။ ကိုယ့်ကို ချစ်တယ်လို့ ပြောခဲ့ဖူးတဲ့ ကောင်လေးတွေကိုလည်း ပြန်ချစ်ရကောင်းမှန်း မသိခဲ့ပါဘူး။ ကိုယ်ကတော့ သူစိမ်းတရံဆံဆိုလို့ သူငယ်ချင်းတွေကိုပဲ ချစ်တတ်ခဲ့တယ်လေ။ တော်ကြာ ချစ်သူထားလို့ အမေဆူရင်ရော... ကြောက်ပါတယ်နော်။

တစ်ယောက်တည်း ဒီလိုပဲ နေ့ရက်တွေကို ကျော်ဖြတ်လာတာ အလုပ်တစ်ခုရတဲ့အထိ အဖော်ဆိုတာ ကိုယ့်အတွက် သူငယ်ချင်းတွေပဲ ရှိတယ်။ ချစ်စရာဆိုလို့ ကိုယ့်မိသားစုလေး ရှိတယ်လေ။ တစ်ခါတစ်လေတော့လည်း တွေးမိသား။ သူများတွေကျတော့ ချစ်တတ်လိုက်ကြတာ၊ ကိုယ်ကျတော့ ဘာလို့ ဘယ်သူကိုမှ ချစ်သူရယ်လို့ မချစ်တတ်တာလဲလို့လေ။ စိတ်ရှုပ်ခံပြီးတော့လည်း မတွေးတတ်တော့ပါဘူး။ အမေကတော့ အချိန်တန်ရင် ချစ်သူဆိုတာ ကိုယ့်ရှေ့ ရောက်လာလိမ့်မယ်တဲ့။ လိုက်ရှာစရာမလိုဘူးတဲ့။ နဖူးစာဆိုတာ ပါပြီးသားတဲ့။ မှန်ထဲမှာ ကြည့်တော့လည်း ကိုယ့်နဖူးပေါ်မှာ ဘာစာမှလည်း မတွေ့ပါဘူး။ အဲ့ဒီနဖူးစာဆိုတာ တော်တော်ဆန်းတယ်နဲ့ တူတယ်နော်...။

ကလေးလိုလို၊ လူကြီးလိုလို၊ ရူးသလို ပေါသလိုနဲ့ ကိုယ့်ဘ၀လေးက တကယ်ကို တည်ငြိမ်ခဲ့တယ်။ အလုပ်ထဲမှာဆိုရင် ကိုယ့်ပုံစံက လူကြီးလေးလိုပဲပေါ့။ အိမ်ပြန်ရောက်တော့လည်း ကိုယ့်ဘ၀က ကလေးသာသာပဲလေ။ မေမေနဲ့ ဖေဖေကတော့ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ တွေ့တိုင်း သမီးလေးက အခုထိ အိမ်မှာဆိုရင် ကလေးလုပ်တုန်း၊ လူကသာ အသက် ၂၅နှစ်၊ စိတ်က ကလေးလိုပဲလို့ ဂုဏ်ယူပြီးပြောတတ်လာတယ်။ တစ်ခါတစ်လေတော့ အဲ့ဒီလိုပြောတာကြီးကို ကိုယ်မကြိုက်ပါဘူး။ ကိုယ်က ကလေးလေးမှ မဟုတ်တော့ပဲနော်။ တစ်ခါတစ်ခါ မေမေက ကိုယ့်ကို စိတ်တိုတဲ့အခါတောင် ပြောတတ်တယ်မဟုတ်လား။ အခုနေ အိမ်ထောင်ကျရင် ကလေးနှစ်ယောက်လောက် မွေးပြီးလောက်ပြီ... ဒါနဲ့များ ကလေးလုပ်နေတယ် ဆိုပြီးတော့လေ။ ကလေးမွေးလို့တောင် ရတယ်ဆိုတော့ လူကြီးမိုလို့ပေါ့။ ကလေးဆိုရင် ဘယ်လိုလုပ် မွေးမှာလဲနော်။ ကိုယ် ကလေးလေး မဟုတ်တော့ပါဘူး။
...................................

လတစ်လရဲ့ နောက်ဆုံးရက်ဆိုတာ ငွေစာရင်းဌာနက ကိုယ်တို့ဝန်ထမ်းတွေ အားလုံးသိပ်ကို အလုပ်များတဲ့ နေ့ပေါ့။ ညနေမစောင်းခင် ၀န်ထမ်းအားလုံးကို လခပေးနိုင်ဖို့က ကိုယ်တို့တာဝန်ပဲလေ။ လစာတွေကို စာအိတ်နဲ့ တစ်အိတ်ချင်း သေချာထုပ်ပြီး ၀န်ထမ်းဦးရေနဲ့ စာအိတ်အရေအတွက် သေချာစစ်လိုက်တယ်။ စာအိတ်တစ်အိတ်ချင်းပေါ်က နာမည်တွေကို မှတ်မိအောင် ရေရွတ်နေမိတယ်။ "ထက်မြက်ထွန်း" ဆိုပဲ။ ဒီနာမည်ကို တစ်ခါမှတော့ ၀န်ထမ်းစာရင်းထဲမှာ မမြင်ဖူးခဲ့ဘူးပါလား။ ၀န်ထမ်းအသစ်နဲ့ တူပါရဲ့။ သေချာစစ်ဆေးပြီးတော့ ရုံးအပေါ်ထပ်ကနေ အောက်ထပ်က ၀န်းထမ်းတွေကို လစာပေးဖို့ ကိုယ်တာဝန်ယူပြီး ဆင်းလာခဲ့တယ်။ အရင်လတွေက ဒီလိုအောက်ထပ်ဆင်းပြီး လစာပေးတဲ့အလုပ်ကို ကိုယ့်အထက်က စီနီယာအစ်မတစ်ယောက် လုပ်နေကြပေမယ့် ဒီနေ့ကျမှ
သူကလည်း ဖျားပြီး ရုံးမတတ်နိုင်တာနဲ့ ဒီတာဝန်ကို ကိုယ်ယူခဲ့ရတယ်။

အောက်ထပ်ရောက်တော့ တစ်ယောက်ချင်း နာမည်ခေါ်ပြီး စာအိတ်နဲ့ လူနဲ့တိုက်လို့ လစာရရှိကြောင်း လက်မှတ်ထိုးခိုင်းပြီး လစာပေးတဲ့ အလုပ်ကို ကျင့်သားမကျတကျနဲ့ ကိုယ့်တာဝန်ကိုယ်ကျေအောင်တော့ လုပ်နေရတယ်။ နောက်ဆုံးကျန်တဲ့ အိတ်ပေါ်က နာမည်ကို ခေါ်ပြီး လစာမှတ်တမ်းစာအုပ်ထဲမှာ သူ့နာမည်ကို လိုက်ရှာနေမိတယ်။ အဲ့ဒီလိုရှာနေတုန်း ကိုယ့်ရှေ့ကို ကိုယ်နဲ့ ရွယ်တူလောက်ရှိမယ်လို့ ထင်ရတဲ့ အသားခတ်လတ်လတ်၊ အရပ်ကောင်းကောင်းနဲ့ ယောက်ျားတစ်ယောက် မတ်တပ်ရပ်နေတာကို သတိထားလိုက်မိတယ်။ မော့ကြည့်လိုက်တော့ သူ့မျက်လုံးတွေထဲက တည်ကြည်မှုကို ကိုယ်မြင်လိုက်တယ်။ ကိုယ်သူ့ကို ရုံးမှာ တစ်ခါမှ မမြင်ဖူးခဲ့တာတော့ သေချာပါတယ်။ နာမည်သေချာအောင် ပြန်မေးတော့ "ကျွန်တော် ထက်မြတ်ထွန်းပါ ခင်ဗျာ.." တဲ့။ သွားစွယ်လေး နှစ်ဖက်ပေါ်လို့ ခပ်ပြုံးပြုံးလေးနဲ့ သူ့မျက်နှာကလည်း အပြစ်ကင်းလှချည်လားကွယ်...။

ရုတ်တရက် ငေးကြည့်နေရင်းက သတိဝင်သွားပြီး သူ့လစာအိတ်ကို မြန်မြန်ပေးလိုက်ကာ အပေါ်ထပ်ကို ကိုယ်မြန်မြန်ပြန်တက်ခဲ့တယ်။ လက်ထဲမှာ ဘာယူလာလို့ ယူလာခဲ့မှန်း ကိုယ်သတိမထားခဲ့မိဘူးလေ။ ကိုယ်သိခဲ့တာကတော့ ကိုယ့်ပါးပြင်နှစ်ဖက်လုံး ပူနွေးနေတယ်။ ရင်ထဲမှာလည်း တုန်ရင်နေတယ်။ ကိုယ့်နေရာကို ပြန်ရောက်လို့ မိနစ်ပိုင်းတောင် မရှိသေးပါဘူး။ ရုံးရှေ့ခန်း စုံစမ်းရန်နေရာက ကိုယ့်ကိုခေါ်တဲ့ အသံကို ကြားလိုက်ရတယ်။ ဘယ်ကဧည့်သည်များပါလိမ့်လို့ ထွက်ကြည့်လိုက်တော့... ကိုယ်မျက်လုံးတွေ ပြာသွားတယ်။ နေရာမှာတောင် မရပ်နိုင်တော့ပါဘူး။ သူဘာကြောင့်များ ကိုယ့်ကိုရှာပါလိမ့်နော်။ ဒါပေမယ့် ကိုယ်အတွေးလွန်သွားတယ်။ သူ့လက်ထဲမှာ လစာမှတ်တမ်း စာအုပ်လေးပါလား။ ကိုယ်ရှက်ရှက်နဲ့ အောက်ထပ်မှာ ကျန်ခဲ့တယ်ပေါ့။ ရယ်ချင်သွားမိတယ်။ သူကတော့ စာအုပ်လေးပေးပြီးတာနဲ့ အောက်ထပ်ကို ပြန်ဆင်းသွားလေရဲ့...။

သူစိမ်းယောက်ျားတစ်ယောက်ရှေ့မှာ ကိုယ်ရှက်ဖူးတာ ဒါပထမဆုံးအကြိမ်ပါပဲ။ ဘာလို့များ ရှက်သွားရတာလဲ။ ကိုယ်မစဉ်းစားတတ်ခဲ့ပါဘူး...။ ဒါပေမယ့် ရုံးကိုရောက်တိုင်း သူရုံးတက်မတက် ကိုယ်သိချင်လာမိတယ်။ ရုံးတက်ရုံးဆင်းမှတ်တမ်းမှာ သူလက်မှတ်ထိုးထားလား၊ မထိုးထားလား ကိုယ်စပ်စုတတ်လာတယ်။ သူအပေါ်ထပ်ကိုများ အကြောင်းတစ်ခုခုနဲ့ ရောက်လာလေမလားလို့ မှန်းဆတတ်လာတယ်။ ကိုယ့်ကိုဘာအကြောင်းနဲ့များ အောက်ထပ်ကို ဆင်းခိုင်းမလဲလို့ တွေးတတ်လာတယ်။ နောက်လတွေလည်း လစာပေးရက်တွေမှာ စီနီယာအစ်မ ရုံးမတက်ရင် ကောင်းမှာပဲလို့ မတွေးစကောင်း တွေးမိတယ်။ အောက်ထပ်က တစ်ယောက်ယောက်တက်လာတိုင်း သူများဖြစ်နေမလားလို့ ခိုးကြည့်တတ်လာတယ်။ ဧည့်သည်လာတယ်လို့ ခေါ်ခံရတိုင်း ကိုယ်ရင်ခုန်တတ်လာတယ်။ အလုပ်ကိစ္စတစ်စုံတစ်ခုကြောင့် ကိုယ်နဲ့သူဆုံဖြစ်ရင်တောင် သူ့ကိုမျက်နှာချင်းဆိုင်ရမှာ ကိုယ်ရှက်နေမိတယ်။ ဒါပေမယ့် သူ့ကိုတွေ့လိုက်ရတဲ့ နေ့တွေဆိုရင် ကိုယ်သိပ်ကို ပျော်ရပါတယ်။ တစ်စုံတစ်ယောက်က သူ့အကြောင်းပြောသံကို ကြားရရင်တောင် ကိုယ်စိတ်ပျော်နေတယ်။ အလုပ်တွေ ဘယ်လောက်ပင်ပန်းပါစေ ကိုယ့်မှာ အားတွေအလိုလို ရှိနေသလိုပဲ။ သူ့ကိုမတွေ့ရတာ ကြာရင် ကိုယ့်စိတ်က အလိုလိုနွမ်းလာသလိုပဲ။ အလုပ်လုပ်ရတာတောင် စိတ်မပါချင်တော့ပါဘူး။ အဲ့ဒါတွေဟာ ကိုယ်နားမလည်ခဲ့တဲ့ အချစ်ဆိုတာရဲ့ အစပျိုးခြင်းတွေလား။ ကိုယ်ဘာတွေ ဖြစ်နေခဲ့ပြီလဲ...။

ကိုယ်မရင်းနှီးသေးတဲ့ အချစ်ဆိုတဲ့အရာက ကိုယ့်ဆီကို ဘယ်တုန်းကမှန်းမသိ၊ ဘယ်လိုရောက်လာမှန်းမသိ ရောက်လာခဲ့ပေမယ့် ဖွင့်ဟ ၀န်ခံဖို့တော့ ကိုယ်မရဲခဲ့ပါဘူး။ မမျှော်လင့်တာတွေက မမျှော်လင့်တဲ့အချိန်မှာ ရောက်လာတတ်တယ် မဟုတ်လား။ ငယ်ငယ်က မေမေပြောခဲ့တဲ့ နဖူးစာဆိုတာ အခုမှပေါ်ခဲ့ပြီလား။ ကိုယ့်ရှေ့ကို တည့်တည့်မတ်မတ် ရောက်လာတော့လည်း ကိုယ်သူ့ကို ချစ်နေတာကို သူသိမသွားစေချင်ခဲ့ဘူး။ ယောက်ျားတစ်ယောက်ကို မြင်မြင်ချင်း ချစ်ခဲ့မိတဲ့ မိန်းမတစ်ယောက် ဖြစ်ရမှာကို ကိုယ်ရှက်မိပါတယ်။ ယောက်ျားတစ်ယောက်က ချစ်ရေးမဆိုခင်မှာ ကိုယ်ကအရင် သူ့ကို ချစ်နေပြီဆိုတာ သူသိသွားရင် ကိုယ့်ကိုအညှာလွယ်တဲ့မိန်းမလို့ အထင်သေးသွားမှာ ကိုယ်သိပ်ကြောက်ခဲ့တယ်။ ကိုယ်ချစ်နေတာကို သူသိလို့များ ငါပြောရင် ရမှာပဲဆိုတဲ့ စိတ်နဲ့များ ကိုယ့်ကိုဒီလို ချစ်ရေးဆိုခဲ့လေသလားလို့ တွေးပြီးစိုးရိမ်စိတ်တွေ ပိုခဲ့တယ်။ မိန်းမတစ်ယောက်ရဲ့ သိက္ခာကို ထိခိုက်ခံပြီးတော့ ယောက်ျားတစ်ယောက်ကို မချစ်ရဲပါဘူး...။ မိန်းမသားဆိုတာ ဘယ်ဘက်ကကြည့်ကြည့် နာတဲ့ဘက်ကပဲ မဟုတ်လား။ ထိန်းသိမ်းနိုင်မှ တော်ကာကျမယ်တဲ့။ယောက်ျားဆိုတာ ကိုယ်ပြန်မချစ်လို့ တစ်သက်လုံး အိမ်ထောင်မပြုတော့မယ့်သူတော့ မရှိကြပါဘူးနော်။ ကိုယ်မချစ်လဲ နောက်တစ်ယောက် ပြောင်းသွားမှာပေါ့လေ...။

ရုံးတက်ရုံးဆင်းမှတ်တမ်းမှာ သူ့လက်မှတ်ကို မတွေ့တာ တစ်ပတ်လောက်တောင် ရှိသွားပြီဆိုတော့ ကိုယ်နည်းနည်းစိတ်ဝင်စားမိတယ်။ တစ်ပတ်လောက် သူခွင့်ယူသွားတာလား။ အလုပ်ပဲထွက်သွားပြီလား။ ကိုယ်စဉ်းစားမိတယ်။ မမြင်တာကြာတော့လည်း ကိုယ်သူ့ကို သတိရသလိုလို၊ လွမ်းသလိုလိုရယ်။ သူ့ပုံရိပ်တွေကို မြင်နေမိတယ်။ လစာပေးတဲ့နေ့လည်း သူမလာတော့ ကိုယ်တကယ်မနေတတ်တော့ပဲ အောက်ထပ်က လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေကို မေးမိတယ်။ အားလုံးက တအံ့တသြ မေးကြတာက နင်မသိဘူးလား၊ သူအလုပ်ထွက်သွားပြီလေတဲ့။ အဲ့ဒီနေ့က အိမ်ကိုပြန်ရောက်တော့ ကိုယ်ငိုမိတယ်။ တကယ်ပဲ ကိုယ်သူ့ကို ဘယ်တော့မှ မတွေ့ရတော့ဘူးလား။ မိန်းမတစ်ယောက်ရဲ့ သိက္ခာကို ကာကွယ်ပြီး သူ့ကိုချစ်ရက်နဲ့ ချစ်တုံ့မပြန်ခဲ့တာဟာ ကိုယ်မှားခဲ့ပြီလား။ ကိုယ်မတွေးတတ်တော့ဘူး။ ချစ်သူဆိုတာကို မပိုင်ဆိုင်ရသေးခင် အချစ်ဆိုတဲ့အရာကပေးတဲ့ ပျော်ရွှင်မှု၊ လွမ်းဆွေးမှုတွေကို ကိုယ်နားလည်တတ်ခဲ့ပြီ။
.............................................

လူတွေရှုပ်လွန်းတဲ့ ပလာဇာလို နေရာမျိုးတွေကို ကိုယ်ဘယ်တုန်းကမှ သွားဖို့ ၀ါသနာမပါခဲ့ဘူး။ ဈေးဆိုင်ခန်းတွေနဲ့ ပစ္စည်းတွေကကြပ်၊ ဈေးဝယ်သူတွေက ရှုပ်ကရှုပ်နဲ့ ခေါင်းနောက်လွန်းလို့ပါ။ ငယ်သူငယ်ချင်းတစ်ယောက်က အတင်းခေါ်လို့သာ ကိုယ်လိုက်လာခဲ့ရတယ်။ ဘာမှစိတ်ဝင်တစား မကြည့်ဖြစ်ခဲ့ဘူး။ သူဝယ်ချင်တာတွေ လျှောက်ကြည့်လိုက် ကြိုက်တာတွေ့ရင် ၀ယ်လိုက်နဲ့ ဆိုင်တစ်ဆိုင်ကိုရောက်တော့ ကိုယ့်ကုမ္ပဏီက ထုတ်တဲ့ပစ္စည်းကို ဖြန့်တဲ့ဖြန့်ချီရေး ကိုယ်စားလှယ်ဆိုင် ဖြစ်နေတာကြောင့် သူငယ်ချင်းကို ပြောပြမိတယ်။ ကိုယ်ပြောမိမှ စပ်စုတတ်တဲ့သူကလည်း ဆိုင်ကိုဝင်ကြည့်ချင်တယ် ဆိုတာနဲ့ နှစ်ယောက်သား ဆိုင်ထဲဝင်ခဲ့ကြတယ်။ ကိုယ်ကတော့ ကိုယ့်ကုမ္ပဏီက ပစ္စည်းဆိုတော့ ဘယ်လိုကုန်ကြမ်းသုံးရတယ်၊ ဘယ်အမျိုးအစားက
ဘယ်လိုကောင်းတယ်ရယ်လို့ ညွှန်းနေတာလေ။ ဆိုင်ထဲက ၀န်ထမ်းဖြစ်ဟန်တူတဲ့ သူတွေကတော့ ကိုယ့်ကိုဘယ်သိမှာလဲလို့ ကိုယ်ထင်ခဲ့တယ်။

စကားပြောရင်းက ဘာများအလိုရှိပါသလဲဆိုတဲ့ အသံတစ်သံက ကိုယ့်နားထဲကို ၀င်လာခဲ့တယ်။ ကြားကြားချင်းမှာပဲ ကိုယ့်တစ်ကိုယ်လုံး ထူပူသွားတယ်။ ဘယ်တော့မှ မကြားရတော့ဘူးလို့ ထင်ခဲ့တဲ့ ဒီအသံကို မမျှော်လင့်ပဲ ကြားခဲ့ရပြီ။ သူဘာကြောင့် ဒီကိုရောက်နေတာပါလိမ့်။ သူလည်း ကိုယ့်ကိုမြင်လိုက်တော့ နည်းနည်းတော့ အမ်းသွားတယ်။ ကိုယ်လည်း ကြာကြာမနေချင်တာနဲ့ ဘာမှမဟုတ်ပါဘူး၊ သူငယ်ချင်းကို လိုက်ပြတာပါဆိုပြီး ဆိုင်ထဲကနေ ပြန်ထွက်ခဲ့တယ်။ ကိုယ့်ဆီက အပြီးအပိုင် ထွက်ခွာသွားပြီလို့ ထင်တဲ့ အချစ်ဆိုတာက ကိုယ့်ဆီကို ပြန်ရောက်လာချင်ခဲ့ပြီလား။ ကိုယ်ဆိုင်အပြင်ရောက်မှ သူနောက်က လိုက်လာပြီး အရင်ရုံးမှာပဲလားဟင်၊ ကျွန်တော် ဖုန်းဆက်ပါရစေနော်တဲ့။ ကိုယ်လည်းခေါင်းငြိမ့်မိလား၊ မငြိမ့်မိလား မသိလိုက်ပဲ သူငယ်ချင်းကို လက်ဆွဲပြီး ထွက်ပြေးလာခဲ့မိတယ်။ ကိုယ် သူနဲ့ ကြာကြာရင်မဆိုင်ရဲပါဘူး။ ကြာကြာနေရင် ကိုယ့်မျက်လုံးတွေကို သူဖတ်တတ်သွားလိမ့်မယ်...။

နေ့တိုင်းလိုလို ဖုန်းသံကြားတိုင်း ကိုယ့်ဆီကို ဆက်တဲ့ဖုန်းဖြစ်မလားလို့ မသိစိတ်က မျှော်တတ်နေတယ်။ ကိုယ်မျှော်ရကြိုး နပ်ခဲ့ပါတယ်။ သူ ကိုယ့်ဆီကို ဖုန်းဆက်ခဲ့တယ်လေ။ ကိုယ့်ကို တွေ့ချင်ပါသေးသတဲ့။ သူ့ကို စိတ်မဆိုးခဲ့ဘူးဆိုရင် မိတ်ဆွေလိုတော့ တွေ့ခွင့်ပြုပါတဲ့။ ကိုယ်ဘယ်လို ရှင်းပြရမလဲ။ ကိုယ်သူ့ကို စိတ်မဆိုးခဲ့ပါဘူး။ ကိုယ့်ကိုယ်ကိုသာ စိုးရိမ်စိတ်တွေနဲ့ ကာကွယ်ပြီး ညာခဲ့တာပါ။ တွေ့ခွင့်ပေးနိုင်တာပေါ့။ ကိုယ်လည်း သူ့ကို မေ့မရပဲ သတိတရရှိနေခဲ့တယ်ဆိုတာ သူမှမသိခဲ့ပဲနော်။ တကယ်သာ ကိုယ့်မှာ အခွင့်အရေး နောက်တစ်ကြိမ်ရှိဦးမယ် ဆိုရင်တော့ ကိုယ်မညာတော့ပါဘူး။ ကိုယ်သူ့ကို ချစ်ခဲ့ပြီပဲ...။

တစ်နေ့ သူရုံးမှာ ဆိုင်အတွက် ယူတဲ့ပစ္စည်းတွေအတွက် ငွေလာချေရင်း ကိုယ်ရုံးဆင်းချိန်နဲ့ တိုက်နေတာကြောင့် ခဏလောက် စကားပြောပါရစေဆိုတာနဲ့ ကိုယ်ခွင့်ပြုမိတယ်။ ကိုယ်မထင်မှတ်ခဲ့တာတွေ ကိုယ့်ဆီကို ထပ်ရောက်ခဲ့ပြန်ပြီလေ။ ကိုယ်တောင် မမှတ်မိတော့တဲ့ ကိုယ့်အကြောင်းတွေကို သူသိနေခဲ့တယ်ပေါ့။ သူက ကိုယ့်ကုမ္ပဏီက ဖြန့်ချီရေးကိုယ်စားလှယ်။ စီးပွားရေးပညာနဲ့ ဘွဲ့ရပြီး မိဘလုပ်ငန်းကို ဆက်ခံခဲ့တယ်။ ကိုယ့်ရုံးကို လာရင်းက ကိုယ့်ကိုသူမြင်ဖူးခဲ့တယ်။ မြင်မြင်ချင်း သူ့စိတ်ထဲက မြတ်မြတ်နိုးနိုးချစ်ခဲ့တဲ့ ကိုယ့်ကို ချဉ်းကပ်ဖို့ ကိုယ်နဲ့တန်းတူ ရုံးဝန်ထမ်းတစ်ယောက်အဖြစ် သူကိုယ့်ဆီကို ရောက်လာခဲ့တယ်လေ။ အဲ့ဒီတုန်းက သူ့အနေနဲ့ စီးပွားရေးကို ဦးဆောင်ခဲ့တာမဟုတ်ဘဲ မိဘကို ကူရင်းအတွေ့အကြုံ ယူနေဆဲဆိုတော့ ရုံးက၀န်ထမ်းတွေလည်း သူ့ကို ကိုယ်စားလှယ်အဖြစ် ထင်ထင်ရှားရှား မသိခဲ့ဘူးပေါ့။ ကိုယ့်ကို သူစတွေ့တဲ့နေ့က ဘယ်အ၀တ်အစား ၀တ်ခဲ့တယ်၊ ဘယ်နေ့ ဘယ်လ ဆိုတာတောင် သူမှတ်မိခဲ့တယ်။ ကိုယ်နဲ့ပတ်သက်တဲ့ အမှတ်တရ အကြောင်းအရာတွေရောပေါ့။ ကိုယ်သူ့ကို လစာပေးတဲ့နေ့က ကိုယ့်ကျန်ခဲ့တဲ့ စာအုပ်နဲ့ဘောပင်ကို စာအုပ်ပဲပြန်ပေးခဲ့ပြီး ဘောပင်လေးကိုတောင် သူသိမ်းထားခဲ့တယ်လေ။ မျက်တောင်တစ်ခက် မခတ်ပဲ စေ့စေ့ကြည့်နေတဲ့ သူ့မျက်လုံးရွဲတွေကို ကိုယ်ရင်မဆိုင်ရဲပါဘူး။ ထမင်းချိုင့်ကိုင်ထားတဲ့ ကိုယ့်လက်လေးတွေကို ခပ်ဖွဖွထိတွေ့လာတဲ့ အေးစက်စက်သူ့လက်ဖ၀ါးကို ကိုယ်မဖယ်ပစ်နိုင်တော့ဘူး။ ကိုယ့်ရင်ဘတ်ထဲက နှလုံးသားတစ်ခုလုံး အပြင်ကို ခုန်ထွက်လာတော့မတတ်ပါပဲ...။

အချစ်ဆိုတာကို လူတွေဘာလို့ အရေးတယူခံစားနေကြလဲဆိုတာ အခုတော့ ကိုယ်နားလည်သွားပြီ။ မေမေကဘာလို့ ပညာသင်ချိန်မှာ ချစ်သူမထားစေချင်လဲဆိုတာ သဘောပေါက်ခဲ့ပြီ။ သူစိမ်းယောက်ျားတစ်ယောက်ကို ကိုယ်ချစ်တတ်ခဲ့ပြီ။ ကိုယ်တကယ်ချစ်ခဲ့မိတော့ ချစ်သူထားလို့ မေမေဆူမှာ ကိုယ်မကြောက်တော့ဘူး။ ကိုယ့်အနားမှာ သူရှိရင် ကိုယ့်အတွက် အရာရာ ပြည့်စုံတတ်နေပြီ။ သူမရှိရင် ကိုယ်အားငယ်တတ်နေပြီ။ သူ့မျက်လုံးက စကားတွေကို ကိုယ်နားလည်တတ်ခဲ့ပြီ။ ကိုယ့်မျက်နှာကို မြင်ရုံနဲ့ ကိုယ့်စိတ်ကို သူဖတ်တတ်ခဲ့ပြီ။ သူပျော်ရင် ကိုယ်လည်းပျော်တတ်နေပြီ။ သူစိတ်ညစ်တဲ့နေ့ဟာ ကိုယ့်အတွက် ကမ္ဘာပျက်မတတ်ပါပဲ။ သူ့အနားမှာ တစ်သက်လုံး နေနိုင်ဖို့ ကိုယ့်မှာ သတ္တိတွေ ရှိခဲ့ပြီ။ ဘယ်သူမှ အဆွတ်မခံခဲ့တဲ့ ကိုယ့်နှလုံးသားကို သူ့ကိုပေးဆွတ်ခဲ့ပြီ။ တစ်သက်လုံး ထိန်းသိမ်းခဲ့တဲ့ ကိုယ့်ရဲ့ဘ၀တစ်ခုလုံးကို သူ့အတွက် အပ်နှင်းမိပြီ။ ဘယ်လိုအခြေအနေမှာမဆို သူ့လက်ကို ကိုယ်တွဲလို့ ဘ၀ကို ရင်ဆိုင်ရဲခဲ့ပြီ။ ဒါတွေအားလုံးဟာ အချစ်ပါသော နှလုံးသားရဲ့ စေစားခြင်းတွေပါ။ တစ်ဦးကိုတစ်ဦး ယုံကြည်စိတ်ချမှုတွေနဲ့ လိမ်ညာခြင်းကင်းတဲ့ ရိုးသားပွင့်လင်းမှုတွေနဲ့ နှစ်ဦးသဘောတူ ချစ်ခဲ့မိပြီလေ။ နူးညံ့ခြင်း၊ ဖြူစင်ခြင်း၊ သိမ်မွေ့နက်နဲခြင်းတွေ၊ အားအင်အရှိဆုံး အချစ်စိတ်တွေ၊ သစ္စာတရားတွေနဲ့ပေါ့...။
...............................................


လွမ်းသုရင်
၃၀ မေ ၂၀၀၈

1 comment:

Unknown said...

စာရေးတော်တယ်။ အစအဆုံး ဖတ်ဖြစ်သွားတယ်။