ဆန္ဒ

လူတိုင်းလူတိုင်းရဲ့ရင်ထဲမှာ

သိတတ်စအရွယ်ကတည်းက

တစ်နေ့နေ့ငါအရွယ်ရောက်လာရင်ဆိုတဲ့

ဆန္ဒလေးတွေ ရှိနေတတ်ကြပါတယ်။

သူမမှာလည်း ရှိခဲ့တာပေါ့။

အခုထိလည်းဆက်လက်ပြီးရှိနေဆဲပါပဲ။

အဲ့ဒီဆန္ဒလေးတွေကဘာလည်းဆိုတော့....

Sunday, May 18, 2008

နှလုံးသားပေါ်မှ ခြေရာလေးများ

ဒီနေ့ ရုံးအားရက်မို့ သူမအိမ်သန့်ရှင်းရေး လုပ်ဖို့ ဆုံးဖြတ်ထားတယ်။ ပထမဆုံး အ၀တ်ဗီဒိုရှင်းမယ်လို့ ရည်ရွယ်ပြီး ဗီဒိုထဲက အ၀တ်တွေအကုန်လုံး ဗီဒိုဘေးက အိပ်ရာပေါ်ကို အထပ်လိုက်သေသေချာချာ ထုတ်ပြီး စီလိုက်တယ်။ တစ်ယောက်တည်း ခြောက်ကပ်နေတဲ့ အိပ်ခန်းကို သီချင်းလေးဖွင့်လို့ တိတ်ဆိတ်မှုကို ဖျက်ဆီးလိုက်တယ်။ အနည်းငယ်ကျေမွနေတဲ့ အကျီ င်္တွေကို မီးပူနဲ့ တိုက်ပြီး အိမ်နေရင်းဝတ်နဲ့ ရုံးဝတ်သပ်သပ်စီ ခွဲလို့ ဗီဒိုထဲကို ပရုပ်လုံးတွေထည့်လိုက်တယ်။ ဗီဒိုကို သေချာရှင်းပြီး ခုနကခွဲထားတဲ့ အကျီ င်္တွေကို သပ်သပ်ရပ်ရပ် ပြန်စီထည့်လိုက်တယ်။ နောက်ဆုံးအကျီ င်္တစ်ထပ်ကို ယူလိုက်မှ သူမလက်ထဲကနေ ပျော့အိနေတဲ့ အကျီ င်္ပါးလေးတစ်ထည် ကြမ်းပြင်ပေါ်သို့ လျှောကျသွားတယ်။

အဖြူရောင်အခံမှာ အပြာရောင် ပန်းပွင့်လေးတွေနဲ့ ပျော့အိနေတဲ့ သူမရဲ့ အကျီ င်္လေး...။ သူမ၀တ်နေကြ မြန်မာအကျီ င်္တွေနဲ့ ပုံစံကွဲလို့ ခါးမှာ ကြိုးစည်းလေးနဲ့ ခေါင်းလောင်းလက်ပုံစံ လက်ဖျားမှာ ဘီတင်အလှလေးတွေထည့်ပြီး ဒီဇိုင်းဆန်းဆန်းလေး ချုပ်ခဲ့တယ်။ အိမ်မှာတောင် မထားခဲ့ဘဲ သူမသွားလေရာကို ယူလာခဲ့တယ်။ လက်ဖျားက ဘီတင်တွေမှာ ချုပ်ရိုးတွေပြေနေလို့ သူမမ၀တ်မိတာတောင် ကြာနေပြီပေါ့။ ဒီအကျီ င်္ကို ပထမဆုံးဝတ်ခဲ့တဲ့နေ့ကို သူမမှတ်မိနေပါသေးတယ်...။

တနင်္လာကနေ သောကြာအထိ ရုံးတက်ရတဲ့ သူမ... စနေ၊တနင်္ဂနွေ ရုံးအားရက်မှာ အင်္ဂလိပ်စကားပြောသင်တန်းတွေ တက်ခဲ့သလို၊ အလယ်တန်းနဲ့ အထက်တန်း ကျောင်းသားတွေကိုလည်း စာပြသေးတယ်။ တနင်္ဂနွေလို ရက်မျိုးတွေဆိုရင် သူမသင်တန်းတက်ရာ နေရာတွေ၊ သူမစာပြရာနေရာတွေကို သူရောက်ရောက်လာတတ်ပါတယ်။ အကြောင်းမကြားဘဲ ရောက်လာတာမျိုးတော့ မဟုတ်ဘူးပေါ့လေ။ အဲ့ဒီလိုလာရင်လည်း သူမကို တွေဖို့ ရာနှုန်း သိပ်နည်းတယ်ဆိုတာကို သူသိနေတာကြောင့်ပါ။ သူမရဲ့ အချိန်ဇယားကလည်း အမြဲပြောင်းလဲနေတတ်တာကိုး။ ဒါကြောင့်လည်း လာမယ်ဆိုရင် ကြိုတင်ပြီး သူမဘယ်မှာရှိနိုင်မလဲ၊ ဘယ်အချိန်အားမလဲဆိုတာကို ကြိုတင်မေးတတ်ပါတယ်။

ကြိုတင်မေးတယ်လို့သာ ဆိုရတာပါ။ တကယ်တမ်းကျတော့ သူလာမယ့်နေ့မှာ သူမမအားရင်လည်း ဘယ်တော့မှ မအားဘူးရယ်လို့ မငြင်းခဲ့ဖူးပါဘူး။ မအားရင်အားအောင်၊ တစ်ချိန်မဟုတ်တစ်ချိန် အဆင်ပြေအောင် သူမအမြဲ စီစဉ်ပေးလေ့ရှိပါတယ်။ သူမကအချိန်ကို ပြောင်းရွှေ့စီစဉ်ဖို့ အဆင်ပြေတဲ့သူ၊ သူ့အတွက်ကတော့ အပြင်ထွက်လို့ ရတဲ့အချိန်မှာ လုပ်ချင်တာကို အဆင်ပြေသလို စီစဉ်ပြီး လုပ်ရတဲ့သူလေ။ သူ့အချိန်ကို သူမပိုင်တဲ့စစ်သားတစ်ယောက်ကို ချစ်မိတော့လည်း အချိန်နဲ့ ပတ်သက်လာရင် သူမအနေနဲ့ သူ့ကို ဦးစားပေးတာဟာ သူမဘက်က အလျှော့ပေးလွန်းရာ၊ အလိုလိုက်လွန်းရာ မကျဖူးလို့ သူမမှတ်ယူခဲ့ပါတယ်။

အဲ့ဒီနေ့ကလည်း တနင်္ဂနွေမနက်ပိုင်း သူမစာပြချိန်အပြီး သူလာမယ်ရယ်လို့ စနေနေ့ကတည်းက သူကြိုပြီး ဖုန်းဆက်ထားခဲ့တယ်။ တစ်ပတ်ခြားတစ်ခါလောက် တွေ့ဖြစ်နေကြဖြစ်လို့ဒီတစ်ပတ်သူလာမယ်ဆိုတော့ နှစ်ပတ်ဆက်တိုက်တော့ ဖြစ်နေတာပေါ့လေ။ ဒါပေမယ့် သူလက်ဆောင်ပေးထားပြီး ဓါတ်ခဲကုန်သွားတဲ့ နာရီလေးကို အရင်တစ်ပတ် သူလာတုန်းက ယူသွားပြီး ဓါတ်ခဲပြန်ထည့်ပေးထားပြီးပြီမို့ ဒီတစ်ပတ်သူလာပေးမယ်လို့ ပြောနေတာကြောင့် သူမရဲ့ အချိန်ဇယားကို သူလာဖို့ အစဉ်ပြေအောင် စာပြချိန်တွေကို ရှေ့တိုးနောက်ဆုတ်လုပ်လို့ ပြုံးနေတဲ့မျက်နှာလေးနဲ့ သူမပျော်နေခဲ့ပါတယ်။

အချိန်တွေကို ရှေ့တိုးနောက်ဆုတ် လုပ်တယ်ဆိုပေမယ့် သူမအမြဲပြုလုပ်လေ့ရှိတာကတော့ အချိန်တွေအားလုံးကို သူလာမယ့်အချိန်နဲ့ကိုက်ပြီးရှေ့တိုးပစ်ခြင်းပါ။ သူနဲ့တွေ့ရတဲ့အချိန်ခဏလေးမှာ ဘယ်လိုစိတ်အနှောက်အယှက်မှ မဖြစ်ချင်တာကြောင့် သူနဲ့တွေ့ပြီးပြန်မှ စာပြရမယ့် အချိန်မျိုးကို အတတ်နိုင်ဆုံးရှောင်ခဲ့တယ်။ မနက်ပိုင်းမှာ အားလုံးကို အချိန်စေ့အောင် စီစဉ်ပြီးမှ သူလာတဲ့ အချိန်ဟာလည်း အမြဲလိုလို နေ့လည် ၁၂း၀၀ ပတ်ဝန်းကျင်လောက်ပဲ ဖြစ်ခဲ့ပါတယ်။ သူနဲ့တွေ့တဲ့ အချိန်မှာ မိနစ်တိုင်း၊ စက္ကန့်တိုင်းဟာ သူ့အတွက်ပဲ ဖြစ်စေချင်ခဲ့တယ်။ သူမရဲ့အသိစိတ်ထဲမှာလည်း သူပဲရှိနေချင်ခဲ့တယ်။ ဒါကြောင့်လည်း အလုပ်တွေကို ခေါင်းထဲက ထုတ်ထားနိုင်အောင် သူမလာခင် အားလုံးပြီးအောင် စီစဉ်ထားရခြင်းရယ်ပါ။ အဲ့ဒီလောက်ထိ သူမတစ်ယောက် သူ့အပေါ်မှာ ပုံပြီးအချိန်တွေကို ပေးခဲ့ပါတယ်။ အချိန်ဆိုတာလည်း ချစ်လို့ပေးခဲ့တာပေါ့။ သူမ အရမ်းချစ်ခဲ့တယ်လေ...။

ပြောထားခဲ့သလိုပဲ တနင်္ဂနွေနေ့ နေ့လည် ၁၂း၀၀မှာ သူမစာပြရာ တိုက်ခန်းရှိတဲ့ ၄၆လမ်းထိပ်ကို သူရောက်လာခဲ့တယ်။ အဲ့ဒီနေ့က အဖြူရောင်အောက်ခံမှာ အပြာရောင်ပန်းပွင့်လေးတွေပါတဲ့ ခါတိုင်းဝတ်နေကျ မြန်မာအကျီ င်္တွေနဲ့မတူပဲ ဒီဇိုင်းဆန်းဆန်းလေးချုပ်ထားတဲ့ အကျီ င်္အသစ်လေးနဲ့ မိုးပြာရောင်ပြောင်လုံချည်ကို သူမ၀တ်ဆင်ခဲ့တယ်လေ။ ချစ်သူအမြင်မှာ ကိုယ့်ကိုအမြဲတမ်း ရိုးမသွားစေချင်တာ မိန်းကလေးတိုင်းရဲ့ သဘာဝပဲ မဟုတ်ပါလား။

နှစ်ယောက်ဆုံမိတော့ ပထမဆုံး နေ့လည်စာစားဖို့ ၄၆လမ်းအနီး၊ ဗိုလ်ချုပ်လမ်းမပေါ်က နန်းထိုက်ရှမ်းစားသောက်ဆိုင်ကို ၀င်ခဲ့ကြတယ်။ ထုံးစံအတိုင်းပဲ နှစ်ယောက်လုံး ရှမ်းခေါက်ဆွဲတစ်ပွဲစီနဲ့ နက်စ်ကော်ဖီပလိန်း တစ်ခွက်စီ မှာခဲ့ကြတယ်။ တူနဲ့စားရမယ့် အစားအစာမှန်သမျှ သူအဆင်သင့် ပလတ်စတစ်ချွတ်ပေးထားတဲ့ တူကိုမှ သူမအသုံးပြုချင်ခဲ့တယ်။ ရေနွေးပန်ကန်ထဲက လက်တစ်လုံးလောက် ရေနွေးကို သွန်လိုက်ပြီးမှ နက်စ်ကော်ဖီမစ်အထုပ်ကို ရေနွေးထဲဖောက်ထည့်ပြီး သေသေချာချာ သူဖျော်ပေးတဲ့ နက်စ်ကော်ဖီပလိန်းကို သူမစွဲလန်းခဲ့တယ်။ ရေနွေးပန်းကန်လေးတွေကို သေချာရေကျင်းပြီးမှ ဓါတ်ဘူးထဲက ရေနွေးကိုထည့်ကာ အအေးခံပေးတတ်တဲ့ ရေနွေးကိုမှ သူမသောက်တတ်ခဲ့တယ်။ အစအစအရာ အသေးအဖွဲလေးတွေကို ဂရုတစိုက်လုပ်ပေးတတ်တဲ့ သူ့ရဲ့ ချစ်ခြင်းတွေကို သူမကျေကျေနပ်နပ်နဲ့ ခံယူခဲ့ပါတယ်။

စားသောက်ပြီးတော့ ဘယ်သွားကြမလဲလို့ စဉ်းစားကြတော့ ၄၆လမ်းနဲ့ အနီးဆုံး ရွှေဘုန်းပွင့်ဘုရားကို သွားမယ်လို့ ဆုံးဖြတ်ပြီး ဘုရားဖက်ကို လမ်းလျှောက်ခဲ့ကြတယ်။ ဘုရားအေးအေးဆေးဆေးဖူးပြီး ရေကျော်ရပ်ကွက်ထဲကနေ ပတ်ပြီး လမ်းလျှောက်မိကြတော့ နေကလည်းပူလွန်းနေတာကြောင့် ဘယ်မှမသွားတော့ပဲ ပြန်ဖို့ ဘတ်စ်ကားမှတ်တိုင်ကို လာခဲ့ကြတယ်။ တကယ်ဆိုရင် သူမစီးရမယ့် ဘတ်စ်ကားမှတ်တိုင်ဟာ ဘုရားနဲ့ နီးနီးလေးပါ။ ဒါပေမယ့်နှစ်ယောက်အတူ ဆုံရတဲ့အချိန်လေးတွေကို နှမြောတဲ့အတွက် ခုနက၄၆လမ်း ကားမှတ်တိုင်ကိုပဲ ပြန်လာခဲ့တယ်။ နေကတော့ နားထင်ကနေ ချွေးပေါက်ပေါက်စီးကျနေအောင် ပူပြင်းလို့ နေပါတယ်။ ဆောင်းထားတဲ့ထီးကို ကိုင်ပေးထားတဲ့ သူ့လက်ဖ၀ါးလေးတွေတောင် ချွေးတွေနဲ့ စိုလို့...။

အချစ်စိတ်ဆိုတာလည်း ပြောရခက်သားနော်။ ဝေးလေလေလွမ်းလေလေ။ တွေ့ရလေလေ ပိုပြီးတွေ့ချင်လေလေ။ နီးလေလေ ပိုပြီးနီးစပ်ချင်လေလေ။ အတူတူနေရလေလေ ပိုပြီးမခွဲချင်လေပဲတဲ့။ အဲ့ဒီစကားဟာ မှန်နေပြီလားတော့ သူမနားမလည်ခဲ့ဘူး။ သူမနားလည်ခဲ့တာက လမ်းလျှောက်မိလို့ ဘတ်စ်ကားမှတ်တိုင်ကို ရောက်ခါနီးလေလေ မပြန်ချင်လေလေပါပဲ။ သူ့မျက်နှာကို ကြည့်မိတော့လည်း သူ့မျက်ဝန်းတွေကလည်း သူမကို မပြန်ဖြစ်အောင် တောင်းပန်နေသလိုပါပဲ။ နှစ်ယောက်တွေ့ရတဲ့ အချိန်လေးတွေဟာ သိပ်ကိုတိုတောင်းလွန်းတဲ့ တန်ဖိုးအရှိဆုံး အချိန်လေးတွေဆိုတာကို သူမတို့ နှစ်ယောက်လုံး နားလည်ခံစားတတ်ခဲ့ကြတယ်လေ။

နောက်ဆုံးတော့ ဘတ်စ်ကားစီးပြီး အိမ်ပြန်မယ့် ဦးတည်ချက်ကနေ အတူတူရှိနေနိုင်မယ့် အချိန်လေးတွေကို ကြာရှည်အောင် ဆွဲဆန့်ကာ စကားတပြောပြောနဲ့ ဗိုလ်ချုပ်လမ်းမကြီးအတိုင်း လမ်းလျှောက်ဖြစ်ခဲ့ကြတယ်။ လမ်းပြောင်းပြန် ပြန်ခဲ့ကြခြင်းပါပဲ။ ၄၆လမ်းကနေ ပန်းဆိုးတန်း၊ မဟာဗန္ဓုလပန်းခြံလမ်း၊ ရုပ်ရှင်ရုံတန်းတွေကို ဖြတ်လို့လသာလမ်း၊ရန်ကုန်ပြည့်သူ့ဆေးရုံကြီး၊ဗိုလ်ချုပ်ဈေးတွေကိုပါဖြတ်ကျော်ပြီးသရက်တောကျောင်းတိုက်ရှေ့
စံပြကားမှတ်တိုင်ထိအောင် မမောမပန်း လမ်းလျှောက်မိတယ်။ သူကတော့ မေးခဲ့ရှာပါတယ်။ သူမလမ်းလျှောက်နိုင်ရဲ့လားလို့လေ။ သာမန်တစ်ယောက်တည်းဆိုရင် သူမလည်းဒီလောက် လျှောက်နိုင်ချင်မှ လျှောက်နိုင်မှာပါ။ အခုကတော့ ဘေးနားမှာ ချစ်ရသူတစ်ယောက်လုံး မားမားမတ်မတ်ရှိနေခဲ့တာကိုး။ အချစ်ဟာ တစ်ခါတစ်ရံမှာ မထင်မှတ်တဲ့ အားအင်ကိုလည်း ဖြစ်စေတတ်တယ်နော်။ ၄၆လမ်းကနေ စံပြကားမှတ်တိုင်ထိ ၄၅မိနစ်ကြာအောင် နှစ်ယောက်အတူတူ လမ်းလျှောက်ခဲ့ကြတယ်။ အဲ့ဒီအတွက် နှစ်ယောက်လုံးဟာ ပင်ပန်းရမယ့်အစား ပျော်နေခဲ့ကြတယ်။ ကားမှတ်တိုင်မှာ ကားလာတာတွေကို လိုက်မသွားသေးပဲ နာရီဝက်လောက်ကြာမှ ၂၀၅ဘတ်စ်ကားကိုစီးပြီး သူမအိမ်ကိုပြန်ခဲ့တယ်။ ဘယ်လိုအချိန်ဖြစ်ပါစေ၊ ဘယ်နေရာမှာဖြစ်ပါစေ သူမကားပေါ်တက်သွားပြီး ကားထွက်တဲ့အထိ စောင့်ပေးတတ်တာဟာလည်း သူရဲ့နှစ်သက်စရာ အမူအကျင့် တစ်ခုပါပဲ...။

အဲ့ဒီတုန်းကတော့ ဗိုလိချုပ်လမ်းမကြီးတစ်လျှောက် နေပူပူကို မထေမဲ့မြင်ပြုလို့ ချစ်ရသူမျက်နှာကို တမော့မော့ကြည့်ကာ မမောမပန်း လမ်းလျှောက်ခဲ့တဲ့ သူမ...အခုတော့လည်း တစ်ယောက်တည်း အိမ်ပေါ်နဲ့အိမ်အောက် ဓါတ်လှေကားနဲ့ အတက်အဆင်းပြုရတာကိုတောင် မောတယ်လို့ ထင်နေပြီပေါ့။ တစ်ယောက်တည်း လမ်းတွေကို လျှောက်ရတိုင်း သူ့ကို သတိရမိပါရဲ့။ တွဲခေါ်မယ့် သူ့လက်တစ်စုံကို တောင့်တမိပါရဲ့။ ဘေးနားမှာ အရိပ်လေးလို အစဉ်အမြဲ ရှိနေစေချင်ပါရဲ့။ သူလည်းပဲ လမ်းတွေကို တစ်ယောက်တည်း လျှောက်နေမလား၊ ဒါမှမဟုတ် တခြားတစ်ယောက်ကိုပဲ အဖော်ပြုလျှောက်လှမ်းနေပြီလား။
တွေးမိတဲ့စိတ်မှာ နာကျင်လာရတယ်။ ဖြစ်နိုင်ရင် သူ့အနားက ခွဲပြီး သူမဘယ်ကိုမှ မသွားဖို့ ဆုံးဖြတ်ခဲ့တာပဲ။ ဒါပေမယ့် ကံကြမ္မာဆိုတာ ကိုယ်ဖန်တီးလို့မှ မရနိုင်ပဲလေ။

အိမ်ထောင်ရယ်လို့ မထူထောင်သေးခင်မှာ မိဘကို အတတ်နိုင်ဆုံး ကျေးဇူးဆပ်ခဲ့ချင်သေးတဲ့၊ စီးပွားတစ်ခုကို ခိုင်ခိုင်မာမာ အခြေချဖို့ ကြိုးစားချင်သေးတဲ့၊ သူမရဲ့ စိတ်ကူး၊ ရည်ရွယ်ချက်တွေနဲ့ အခွင့်အရေးကို လက်လွှတ်မခံချင်တဲ့အခါ အရာရာပုံပြီး ချစ်မြတ်နိုးခဲ့ရတဲ့ ချစ်သူရဲ့နာကြည်းစွာ စွန့်လွှတ်ခြင်းကို ခံခဲ့ရပြီလေ။
သူ့အနားက ခဏခွဲခွာပြီး နိုင်ငံရပ်ခြားမှာ ဘ၀အတွက် စီးပွားရှာဖို့ကို သူခါးခါးသီးသီးငြင်းဆန်ခဲ့တယ်။ ချစ်သူကို ယုံကြည်ပေမယ့် ကံကို သူစိတ်မချခဲ့ဖူး။ သူ့အခြေအနေက ချစ်သူရှိရာကို လိုက်သွားဖို့လည်း မဖြစ်နိုင်ခဲ့တော့ သူမကို တားမြစ်ခဲ့ခြင်းဟာ သူ့ဘက်ကလည်း မမှားခဲ့ပါဘူး။ သူမရဲ့ ခဏတာခွဲခွာခြင်းဟာ သူ့အတွက် တစ်သက်စာ ဖြစ်မသွားနိုင်ဘူးလို့ သူမအာမခံနိုင်ခဲ့ပေမယ့် သူလက်မခံနိုင်ခဲ့ဘူး။ ချစ်သူနဲ့ ယှဉ်တဲ့ ရွေးချယ်မှုတစ်ခုမှာ ဦးနှောက်ကို အသုံးပြုပြီး ရွေးချယ်ခဲ့တဲ့အတွက် သူမရဲ့နှလုံးသား တစ်စစီကြေကွဲခဲ့ရတယ်။ အချစ်ဆုံးသူရဲ့ အမုန်းဆုံးသူ ဖြစ်ခဲ့ရတယ်။

ပါးပြင်မှာ စိုစွတ်နေတဲ့ အထိအတွေ့ကို ရလိုက်တော့မှ သူမငိုနေမိခဲ့မှန်း သတိထားမိလိုက်တယ်။ အချိန်တွေဘယ်လောက် ကြာခဲ့ကြာခဲ့ သူမအသည်းက ဒဏ်ရာက အသားမကျသေးခဲ့ပဲကိုး။ သူနဲ့ပတ်သက်သမျှ အရာရာတိုက်ဆိုင်တိုင်း အတိတ်က ချစ်သူအရိပ်ကို မြင်ယောင်မိနေဆဲပါပဲ။ အကျီ င်္လေးက ဟောင်းနွမ်းသွားပေမယ့်လည်း သူမရဲ့ အချစ်တွေကတော့ လတ်ဆတ်နေဆဲပါ။ ဗိုလ်ချုပ်လမ်းက ခြေရာလေးတွေက အချိန်ကြာလာတာနဲ့အမျှ ပျောက်ပျက်သွားနိုင်ခဲ့ပေမယ့် သူမနှလုံးသားမှာ ကျန်ခဲ့တဲ့ အချစ်ရဲ့ ခြေရာလေးတွေကတော့ ဘယ်တော့မှ ပျောက်ပျက်တော့မှာ မဟုတ်တော့ပါဘူး...။ ထင်ကျန်နေဆဲ၊ ချစ်နေဆဲ၊ သတိရနေဆဲ၊ တမ်းတနေဆဲ။ သူမရဲ့ နှလုံးသားထဲမှာလည်း သူ့နာမယ်ကို ခေါ်နေဆဲ။ တစ်ယောက်တည်း ငြိမ်သက်လွန်းနေတဲ့ အိမ်ခန်းထဲမှာတော့ ခုနကဖွင့်ထားတဲ့ သီချင်းသံက ဆိတ်ငြိမ်မှုကို ဖြိုခွဲလို့ သူမနားထဲအထိ တိုးဝင်လွင့်ပြန်ဆဲ...။

~~မင်းမရှိတဲ့ နေ့တွေညတွေ တစ်ယောက်တည်းရူး... ဟိုးတုန်းက အဖြစ်အပျက်လေးတွေ မမေ့ပါဘူး... ထားရှိခဲ့ဖူးတဲ့တို့ရဲ့ ကတိနဲ့စကားတွေ အရာမထင်နိုင်တော့ဘူး... ~~

..........................................

လွမ်းသုရင်
၁၈ မေ ၂၀၀၈

3 comments:

အညာသား said...

ကောင်းတယ် အမ
မိန်းကလေး တစ်ယောက်ရဲ့ လွမ်းဆွတ်တမ်းတမှုကို ပေါ်လွင်အောင် ရေးထားတယ်။
“သတိရလိုက်တာဗျာ...”

လွမ်းသုရင် said...

ကျေးဇူး...အစ်မလည်း သတိရတယ် :(

မင်းကျန်စစ်။ said...

ယောင်္ကျားလေးပဲ ဖြစ်ဖြစ် မိန်းကလေးပဲ ဖြစ်ဖြစ် ချစ်ရသူနဲ့ ရပ်ဝေးကို ရောက်ရရင်တော့ လွမ်းဆွတ်ရတာပဲဗျာ။ တခါတခါကျတော့လဲ ပြန်တွေးနေရင်း မိန်းမောနေမိတယ်။ ခုလည်း ဖတ်ရင်း လွမ်းလာရပြန်ပီဗျာ။ ဝတ္ထုတိုလေးတွေ ရေးပါလား။