ဆန္ဒ

လူတိုင်းလူတိုင်းရဲ့ရင်ထဲမှာ

သိတတ်စအရွယ်ကတည်းက

တစ်နေ့နေ့ငါအရွယ်ရောက်လာရင်ဆိုတဲ့

ဆန္ဒလေးတွေ ရှိနေတတ်ကြပါတယ်။

သူမမှာလည်း ရှိခဲ့တာပေါ့။

အခုထိလည်းဆက်လက်ပြီးရှိနေဆဲပါပဲ။

အဲ့ဒီဆန္ဒလေးတွေကဘာလည်းဆိုတော့....

Sunday, May 11, 2008

အဖိုးမဖြတ်နိုင်သော လက်ဆောင်

မနက် ၈း၃၀ပြီ။ ညီမလေးကို မေမေ ကျောင်းသွားပို့ပြီ။


အဲ့ဒီအချိန်လေးတွေဟာ သူမအတွက် အိမ်အပေါ်ထပ်က စာအုပ်စင်က စာအုပ်တွေကို ဖတ်ဖို့ အကောင်းဆုံးအချိန်လေးတွေပါ။ သူမရဲ့ ဖေဖေဟာစာအုပ်တွေ အများကြီးဖတ်သလို စာအုပ်တွေ အများကြီးကိုလည်း စုဆောင်း သိမ်းဆည်း ထားတတ်ပါတယ်။ အင်္ဂလိပ်စကားပြော၊ အင်္ဂလိပ် ၀တ္ထုစာအုပ်လေးတွေက အစ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ မြန်မာဝတ္ထုရှည်တွေ အများကြီး....။

သူမရဲ့ နွေရာသီ ကျောင်းပိတ်ရက်တွေဟာ ဖေဖေ့စာအုပ်စင်ကြီးကို မွှေနှောက်ရင်း ကုန်လွန်ခဲ့တယ်။ ကျောင်းတက်ရက်တွေမှာ အပြင်စာအုပ်ဖတ်ခြင်းကို အနည်းငယ် အချိန်တင်းကြပ်လိုက်တဲ့အခါ စာအုပ်မက်တဲ့သူမအတွက် စိတ်ညစ်စရာ ဖြစ်သွားတယ်။ အဲ့ဒီအချိန်က ကလေးစာအုပ်တွေသာ ဖတ်ခွင့်ရတဲ့ သူမအတွက် ၀တ္ထုဆိုတာ အထူးအဆန်းတစ်ခုပေါ့။ တဖြည်းဖြည်းနဲ့ အခုဖတ်၊ အခုပြီးတဲ့ ကလေးစာပေတွေ ဖတ်ရတာကို သူမပျင်းရိလာခဲ့တယ်။ အပြင်စာအုပ်ဆိုင်က စာအုပ်ငှားခြင်းကိုလည်း ခွင့်မပြုလေတော့ သူမအတွက် အားကိုးရာဟာ ဖေဖေ့စာအုပ်စင်ကြီးပါပဲ။

စာအုပ်စင်ကို လက်ကမ်းမိတာနဲ့ သူမလိုက်ရှာတဲ့ စာအုပ်တွေက တထိုင်တည်း ဖတ်လို့ပြီးမသွားမယ့် စာအုပ် ထူထူကြီးတွေ...။ တစ်အုပ်ကိုင်မိလည်း သူမစိတ်ဝင်စားမယ့်ပုံမရှိ၊ နောက်တစ်အုပ်ကိုင်မိလည်း သူမနဲ့ မဆိုင်သလို။ ဒီလိုနဲ့ နောက်ဆုံး သူမရွေးချယ်ခဲ့တဲ့ စာအုပ်က စာအုပ်အဖုံးမှာ ပစ်တိုင်းထောင် အရုပ်လေးတွေနဲ့ မောင်သာရနဲ့ မစန္ဒာ နှစ်ယောက်ပေါင်းရေးတဲ့ စာအုပ်ဖြစ်တဲ့ "ငရုတ်မှန်လျှင် စပ်ရမည်၊ မစပ်သောငရုတ်"...။ ခေါ်င်းစဉ်ကို သူမစိတ်ဝင်စားခဲ့တယ်။ အိမ်မှာ ဘယ်သူမှ မရှိတဲ့အချိန်လေးတွေမှာ ဒီစာအုပ်လေးကိုဖတ်ဖို့ သူမကြိုးစားခဲ့တယ်။ ကျောင်းစာကျက်ရမယ့် အချိန်ကိုဖဲ့ပြီး အပြင်စာကို ဖတ်တဲ့အတွက် လူကြီးတွေ ဆူမှာကို သူမကြောက်ခဲ့တယ်။


တတိတိနဲ့ မစပ်သောငရုတ်ကို ဖတ်ခဲ့တယ်။ သူမစာအုပ် အရွေးမှန်ခဲ့တယ်ဆိုတာ တဖြည်းဖြည်းသိလာခဲ့တယ်။ မောင်သာရရဲ့ ဘ၀သရုပ်ဖော် အရေးအသားကို သူမ အားကျခဲ့တယ်။ မစန္ဒာဖန်တီးထားတဲ့ ဇာတ်ကောင် မနွဲ့ရည်လို ဘ၀ကို ဒူပေဒဏ်ပေခံပြီး ရင်ဆိုင်ဖို့ အားအင်တွေဖြစ်စေခဲ့တယ်။ အရင်တုန်းကတော့ အင်ဂျင်နီယာ မနွဲ့ရည်၊ အခုတော့ ငါးပွဲစားမနွဲ့ရည် ဘယ်သူဘာပြောချင်သေးလဲ... ဘာဖြစ်သေးလဲ... ဆိုတဲ့ စိတ်ဓါတ်မျိုးကို သူမလေးစားခဲ့တယ်။

ပစ်တိုင်းထောင်လေးတွေကို အတုယူကြရမယ်။ လူတိုင်းဟာ လောကဓံကို ကြုံကြရဦးမှာပဲ၊ တစ်ယောက်တည်းခါးစည်းပြီး ခံရင်လည်း ခံကြရမှာပဲ။ အဲ့ဒီအခါမှာ ဟောဒီပစ်တိုင်းထောင်လေးတွေကို သတိရကြ။ တည့်တည့်ကျကျ စောက်ထိုးကျကျ၊ မှောက်လျက်ကျကျ၊ ပက်လက်ကျကျ ပြန်ပြီး ထကြ ထောင်ကြ ဆိုတဲ့ မနွဲ့ရည်ရဲ့ အဖေဆုံးမတဲ့ ဥပမာလေးက လောကဓံကို ဘယ်လိုအနေအထားနဲ့ပဲ ဖြစ်ဖြစ် အားငယ်မနေပဲ ရင်ဆိုင်နိုင်ရမယ်ဆိုတဲ့ သတ္တိကို သူမနှလုံးသားထဲရောက်အောင် ရိုက်သွင်းပေးလိုက်တယ်။ တင်ကျီးလည်း တစ်ဝမ်းပဲ၊ ဗျိုင်းလည်းတစ်ဝမ်းပဲ၊ ဒါပေမယ့် တင်ကျီးက ရေငုပ်ရတယ်။ ရေငုပ်ရှာမှပဲ ငါးရတယ်။ ပင်ပင်ပန်းပန်း စွန့်စားရတယ်။ ဗျိုင်းကတော့ ရေငုပ်ဖို့မလိုဘူး၊ ကတွတ်ပေါက်က စောင့်နေရုံပဲ။ ငါးထွက်လာရင် ကိုက်ချီလိုက်ရုံပဲ။ လွယ်တယ် ဆိုတဲ့ မောင်သာရရဲ့ အရေးအသားက လူချင်းတူပေမယ့် အသက်ရှူချင်းမတူနိုင်တဲ့ သဘောကို သူမကို နားလည်တတ်စေခဲ့တယ်။


သူမ ပထမဆုံးဖတ်မိတဲ့ ဒီဝတ္ထုစာအုပ်လေးဟာ သူမဘ၀အတွက် ဖေဖေပေးတဲ့ အဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်လေးပါ။ အခုထိ သတိရတိုင်း ပြန်ပြန်ဖတ်လို့ တစ်ယောက်တည်း ရပ်တည်နေရတဲ့ သူမဘ၀အတွက် အားရှိစေတာပေါ့။ စာအုပ်ရဲ့ ရှေ့ဆုံးစာမျက်နှာပေါ်က ဖေဖေ့လက်မှတ်နဲ့ စာအုပ်ဝယ်ယူခဲ့တဲ့ နေ့စွဲကို မြင်တိုင်း ဒီစာအုပ်ထဲက သူမနှစ်သက်တဲ့ စာသား၊ ဇာတ်ကောင်စရိုက်လေးတွေဟာ ဖေဖေက တိုက်ရိုက်ဆုံးမနေသလိုပဲ သူမခံစားခဲ့ရတယ်။


စာအုပ်လေးကို ခိုးဖတ်ခဲ့တုန်းက သူမအသက် ၁၂နှစ်၊ ငါးတန်းကျောင်းသူ...။ အခုတော့ သူမအသက် ၂၆နှစ်၊ အလုပ်အကိုင်တစ်ခုနဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်တိုင်ရပ်တည်ဖို့ အရှိန်ယူနေဆဲ...။ စာအုပ်လေးလည်း ခြကိုက်ရာတွေစွဲလို့ အဖုံးတောင် ပြုတ်လုဆဲဆဲ။ သူမ နှလုံးသွေးထဲမှာလည်း ရှေ့ဆက်ရမယ့် ဘ၀ခရီးအတွက် ပစ်တိုင်းထောင်လေးလိုပဲ အားအင်တွေထည့်လို့ သတ္တိတွေ တရဲရဲ...။


လွမ်းသုရင်
၁၁ မေ ၂၀၀၈ ခုနှစ်

4 comments:

Unknown said...

စာအုပ်စာပေရဲ့ တန်ဖိုးဟာ သေသေချာချာ ခံစားလေ ပိုမိုနားလည်နိုင်လေပါပဲ အစ်မရေ...။ အဲဒါကို မိဘမေတ္တာနဲ့ ထပ်ပြီးပေါင်းစပ်ခံစားလိုက်တော့ တကယ်ကို ကြည်နူးဖို့ကောင်းပါတယ်ဗျာ...။

Unknown said...

ဟုတ်တယ်နော် ... အခုအစ်မရေးထားတဲ့စာအုပ်ကို Scan ဖတ်ပြီး တင်ပေးဖို့ ကြိုးစားနေပါတယ် :)

ဆူးနစ် said...

အဲဒီစာအုပ်လေး ဖတ်ချင်ပါတယ်ခင်ဗျာ..ဖြစ်နိုင်ရင် pdf ဒါမှမဟုတ် Scan ဖတ်ပြီး တင်ထားပေးစေချင်ပါတယ်..
ပို့စ်တခုအနေနဲ့ပဲဖြစ်ဖြစ် တင်ပြပေးစေလိုပါတယ်..

လွမ်းသုရင် said...

@ဆူးနစ် > ဟုတ်ကဲ့ပါရှင်။ စာအုပ်တင်ပေးဖို့ ကြန့်ကြာနေတဲ့အတွက် အားနာမိပါတယ်။ တင်ဖြစ်အောင် စီစဉ်နေပါပြီ။