ဆန္ဒ

လူတိုင်းလူတိုင်းရဲ့ရင်ထဲမှာ

သိတတ်စအရွယ်ကတည်းက

တစ်နေ့နေ့ငါအရွယ်ရောက်လာရင်ဆိုတဲ့

ဆန္ဒလေးတွေ ရှိနေတတ်ကြပါတယ်။

သူမမှာလည်း ရှိခဲ့တာပေါ့။

အခုထိလည်းဆက်လက်ပြီးရှိနေဆဲပါပဲ။

အဲ့ဒီဆန္ဒလေးတွေကဘာလည်းဆိုတော့....

Saturday, May 10, 2008

လွမ်းသုရင်ပြောသော လွမ်းသုရင်အကြောင်း

လွမ်းသုရင်... လွမ်းနေသူ တစ်ယောက်ရဲ့ ရင်ထဲက ခံစားချက်တွေကို သိစေချင်တဲ့ ဆန္ဒတစ်ခုတည်းနဲ့ အသုံးပြုဖြစ်ခဲ့တဲ့ သူမရဲ့ ကလောင်နာမည်လေး...

ငယ်ငယ်တုန်းကတော့ အတန်းထဲမှာ စာစီစာကုံး အရေးကောင်းတယ်လို့ ဆရာ၊ဆရာမတွေက ပြောကြတယ်။ သူမက စကားပြောတဲ့နေရာမှာတော့ မကျွမ်းကျင်ခဲ့ဘူး။ ဒါပေမယ့် ဘာအကြောင်းအရာကိုမဆို စာပိုဒ်တစ်ခုအနေနဲ့ ရေးခိုင်းရင်တော့ စိတ်တိုင်းကျ စီကာပတ်ကုံး ရေးလေ့ရှိတယ်။ တဖြည်းဖြည်းနဲ့ အထက်တန်းကျောင်းသူဘ၀ကို ရောက်လာတော့ သူမရဲ့ အားသာချက်တစ်ခုက ကျက်စာထက် ကိုယ်တိုင်စာစီပြီးရေးလို့ရတဲ့ ဘာသာရပ်မျိုးမှာ ပိုပြီး စိတ်ဝင်စားခဲ့တယ်။ ဘောဂဗေဒလို ၏သည်မလွဲ ကျက်ရတဲ့ ဘာသာရပ်ထက် နားလည်အောင်ဖတ်ပြီး ကိုယ့်စာကြောင်းနဲ့ကိုယ် ပြန်ပြီးတင်ပြရေးသားလို့ရတဲ့ မြန်မာစာ စကားပြေ၊ ကဗျာ၊ ဘာသာရပ်တွေမှာ ပိုပြီး အာရုံစူးစိုက်မှု ပြင်းထန်ခဲ့တယ်။ စာစီစာကုံး ရေးအားလည်း ကောင်းခဲ့တယ်။

သူမရဲ့ စရိုက်ကိုက ဘောပင်တစ်ချောင်း၊ စာတစ်အုပ်နဲ့ အလုပ်လုပ်နေတာကိုပဲ နှစ်သက်တယ်ထင်ပါရဲ့။ မြန်မာစာမှာ စာစီစာကုံး ရေးနေရတာကို နှစ်သက်သလို အမြဲတွက်နေရတဲ့ သင်္ချာဘာသာကိုလည်း သူမ မွေ့လျော်ပါသတဲ့။ ပုံလေးတွေ ဆွဲနေရတဲ့ ဇီဝဗေဒဘာသာရပ်မျိုးကို စိတ်ဝင်စားနေတတ်တယ်။ ဒါကြောင့်ပဲလားတော့ မပြောတတ်ပါဘူး။ တက္ကသိုလ်ဝင်တန်းအောင်တော့ မြန်မာစာနဲ့ သိပ္ပံဘာသာရပ် ဂုဏ်ထူးနဲ့ အောင်ခဲ့တယ်။ သူမ မွေ့လျော်တဲ့ အားအခဲထားခဲ့ဆုံးသင်္ချာဘာသာကတော့ ဂုဏ်ထူးမပါခဲ့ဘူး။

ဒီလိုနဲ့ တဇွတ်ထိုးသမား သူမရွေးချယ်ခဲ့တဲ့ လမ်းက အစိုးရနည်းပညာကောလိပ်၊ မြို့ပြအင်ဂျင်နီယာ ဘာသာရပ်...။ T-Square တစ်ခု၊ ခဲတံတစ်ချောင်း၊ စာရွက်တစ်ရွက်နဲ့ အိမ်ပုံစံလေးတွေကို သူမစိတ်ဝင်တစ်စား ရေးဆွဲခဲ့တယ်။ ဂဏာန်းပေါင်းစက်တစ်ခု၊ အိမ်ပုံစံတစ်ခုနဲ့ အိမ်တစ်လုံးရဲ့ ခန့ှ်မှန်းချေ ကုန်ကျစရိတ်တွေကို တိတိကျကျ တွက်ချက်ခဲ့တယ်။ သစ်တွေ၊ သံမဏိတွေရဲ့ သဘာဝတွေ၊ သတ္တိတွေ၊ ခံနိုင်အားတွေကို တွက်ချက်ခဲ့တယ်။ ဘာပဲဖြစ်ဖြစ် အင်ဂျင်နီယာတစ်ယောက်ဆိုတဲ့ ဘ၀ကို သူမမြတ်မြတ်နိုးနိုး ခံယူချင်ခဲ့တယ်။ အုတ်တွေ၊ သဲတွေနဲ့ လက်တွေ့လုပ်ရခြင်းကို ပျော်ပိုက်ခဲ့တယ်။ နေပူမိုးရွာမရှောင် ကျောင်းဝင်းထဲမှာ မြေတိုင်းဆင်းရတဲ့ အချိန်တွေကို သူမ ဂုဏ်ယူခဲ့တယ်။

အဲ့ဒီအချိန်မှာ သူမရဲ့ အပြင်းထန်ဆုံး ဆန္ဒက နည်းပညာဘွဲ့ကိုရယူဖို့။ မြို့ပြဘာသာရပ်ကို ရေဆုံး မြေဆုံးလေ့လာဖို့။ တစ်နေ့မှာ နည်းပညာတက္ကသိုလ်က မွေးထုတ်လိုက်တဲ့ အင်ဂျင်နီယာကျောင်းသားတွေကို ဘွဲ့အပ်နှင်းရတဲ့ ပါမောက္ခချုပ်...။

ဂျီတီအိုင် ကျောင်းသူဘ၀မှာ သူမရဲ့ စိတ်ကူးတွေ၊ ရင်ခုန်သံတွေ ကနေဖြစ်တည်လာတာက ကဗျာလေးတွေ။ စိတ်ကူးပေါက်ရာလေးတွေကို ဘောပင်လေးနဲ့ ချရေးလိုက်တော့ ကာရံလေးတွေ စီစီရီရီကျလို့ ကဗျာလေးတွေ စာရွက်ပေါ်မှာ ဖြစ်လာခဲ့တယ်။ သူမ အဲ့ဒီလို လျှောက်ရေးတတ်တာကို သိတဲ့ သူငယ်ချင်းတွေက ၀ါသနာတူ သူငယ်ချင်းတွေ စုပြီး ကဗျာစာအုပ်လေးလုပ်ကြတော့ အတင်းခေါ်ပြီး ကဗျာရေးခိုင်းတာနဲ့ ကလောင်နံမယ်လေးတစ်ခု ရွေးဖြစ်ခဲ့တယ်။ သူမရဲ့ ကဗျာလေးတွေက အလွမ်းကဗျာလေးတွေ များခဲ့တော့ လွမ်းနေသူ တစ်ယောက်ရဲ့ ရင်ထဲက ခံစားချက်တွေကို သိစေချင်တဲ့ ဆန္ဒတစ်ခုတည်းနဲ့ 'လွမ်းသုရင်' ရယ်လို့ဖြစ်လာခဲ့တယ်။

သူမရဲ့ မသိသာတဲ့ အရည်အသွေးတစ်ခုကို ထပ်ပြီး သိသာစေတာက စာရေးခြင်းပါပဲ။ မြန်မာစာ စာစီစာကုံးမရေးရတော့ပေမယ့် အဝေးက သူငယ်ချင်းတွေဆီကို စာအမြဲရေးဖြစ်ခဲ့တယ်။ ရေးရတဲ့ လူကတော့ စိတ်ထဲရှိသလို ရေးလိုက်ပေမယ့် ဖတ်ရတဲ့သူတွေက တဖြည်းဖြည်းပြောလာတဲ့ စကားတွေက သူမစာရေးကောင်းသတဲ့လေ။ ပြောချင်တဲ့ အကြောင်းအရာတစ်ခုကို စီကာပတ်ကုံးဖွဲ့နွဲ့လို့ ဖတ်ချင်အောင် ဆွဲဆောင်ပါသတဲ့။ သူမကတော့ ကိုယ့်ကိုယ်ကို အထူးတဆန်းပေါ့။ ဒါပေမယ့် ကိုယ်ရေးတဲ့စာကို သူများက ဖတ်ချင်စရာ ဖြစ်တယ်ဆိုတော့လည်း သူမ စိတ်ကျေနပ်မိတာ အမှန်ပါပဲ။

ကံကြမ္မာက အကြောင်းမပါလေတော့ အခုအချိန်မှာ သူမတစ်ယောက် ပါမောက္ခချုပ် ဖြစ်ခွင့်မရတော့ဘဲ စင်ကာပူဆိုတဲ့ နေရာကိုရောက်ခဲ့တယ်။ သူမမြတ်နိုးတဲ့ မြို့ပြအင်ဂျင်နီယာတစ်ယောက်အဖြစ် ရပ်တည်ခဲ့တယ်။ပညာလောဘကြီးရာကနေ၊ အခြေအနေအရ စီးပွားရေး သောင်းကျန်းရတော့တယ်။ အင်တာနက်တွေ လိုသလိုအသုံးပြုလို့ ရနေလေတော့ ဘလော့ခ်တွေ ခေတ်စားလာတဲ့အခါ သူမအကြောင်းကိုသိတဲ့ သူငယ်ချင်းတွေက စာရေးဖို့ တိုက်တွန်းခဲ့တယ်။ ဒီလိုနဲ့ အားပေးမှုအမျိုးမျိုးကြားမှာ အစိမ်းရောင်မိန်းကလေးဆိုတဲ့ စာရေးသူတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်လာခဲ့တယ်။

အစိမ်းရောင် မိန်းကလေးအဖြစ် သိလာခဲ့ပြီးမှ တစ်ချိန်က ထားခဲ့ဖူးတဲ့ ဆန္ဒလေးတစ်ခုကို အကောင်အထည်ဖော်ဖို့ လွမ်းသုရင်ကိုပြန်လည် အသက်သွင်းခဲ့ပါတယ်။ လွမ်းသုရင်ကို ပြန်လည်ရှင်သန်စေသလို အစိမ်းရောင် မိန်းကလေးကိုလည်း ဆက်လက်ပြုစုပျိုးထောင် နေမှာပါ။ နှစ်ကိုယ့်တစ်စိတ်ဖြစ်တဲ့ လွမ်းသုရင်နဲ့ အစိမ်းရောင် မိန်းကလေးအတွက် သူမ အစွမ်းကုန် ကြိုးစားသွားမှာ ဖြစ်ပါကြောင်း...။

2 comments:

Anonymous said...

ကိုယ့်ကိုယ်ကို မိတ်ဆက်ထားတာ တော်၂ကောင်းတာပဲ စိတ်ဝင်စားဖို့ ကောင်းတယ် စာရေးကောင်းတယ်ဆိုတာကိုတော့ ယုံသွားပြီး အားပေးနေပါတယ်ဗျား)

Unknown said...

အားပေးတာကို ကျေးဇူးတင်ပါတယ်၊ နောက်လည်း လာလည်ပါဦးနော် :)