ဆန္ဒ

လူတိုင်းလူတိုင်းရဲ့ရင်ထဲမှာ

သိတတ်စအရွယ်ကတည်းက

တစ်နေ့နေ့ငါအရွယ်ရောက်လာရင်ဆိုတဲ့

ဆန္ဒလေးတွေ ရှိနေတတ်ကြပါတယ်။

သူမမှာလည်း ရှိခဲ့တာပေါ့။

အခုထိလည်းဆက်လက်ပြီးရှိနေဆဲပါပဲ။

အဲ့ဒီဆန္ဒလေးတွေကဘာလည်းဆိုတော့....

မေတ္တာရပ်ခံချက်

လွမ်းသုရင် သည် သာမာန်အရပ်သူတစ်ယောက် ဖြစ်သည်။ ၀ါသနာအရ အပျော်တမ်း စာရေးသည်။ မည်သည့် နိုင်ငံရေး အဖွဲ့အစည်းနှင့်မှ ပါဝင်ပတ်သက်ခြင်း မရှိ။ နိုင်ငံရေးနှင့်ပတ်သက်၍လည်း မည်သည့်ခံယူချက်မှ မရှိ။ လူသားအားလုံးကို လူသားခြင်း အတူတူဆိုသည့် စိတ်နှင့် ကျွန်မ ခင်မင်၊တန်ဖိုးထားပါသည်။ အပြင်လောကမှဖြစ်စေ၊ အွန်လိုင်းမှဖြစ်စေ မိတ်ဆွေ၊ သူငယ်ချင်းအားလုံးကို လူသားအချင်းချင်းဆိုသည့် စိတ်နှင့်သာ ကျွန်မ ခင်မင် ပါသည်။ မည်သည့် ပုဂ္ဂိုလ်ရေး၊ နိုင်ငံရေးကိစ္စမျှ ပတ်သက်ခြင်း မရှိပါ။ ကျွန်မ၏ ကိုယ်ရေးကိုယ်တာ ခံစားချက်များသည် စိတ်ခံစားမှုတစ်ခု အရသာ ခံစားတင်ပြခြင်းမျိုး ဖြစ်သည်။ မည်သူ တစ်ဦးတစ်ယောက် လက်ခံရန်အလို့ငှာ ရေးသားတင်ပြခြင်း မဟုတ်။ စာဖတ်သူအား မထေမဲ့မြင်ပြုခြင်း တစ်စုံတစ်ရာ မပါဝင်ခဲ့။ ကျွန်မ၏ ခံစားတင်ပြမှုနှင့် စာဖတ်သူ၏ ခံစားတတ်မှု တိုက်ဆိုင်သည့် အခါ ကျွန်မ၏ စာရေးသားခြင်းကို အသိအမှတ်ပြုလိမ့်မည်။ မတိုက်ဆိုင်လျှင် အသိအမှတ်မပြုပဲ နေကြလိမ့်မည်။ ထိုအရာသည် လောကဓံတစ်ခု မျှသာဖြစ်သည်။ ကျွန်မ၏ စာဖတ်သူသည် မည်သူမည်ဝါပင် ဖြစ်ပါစေ ကူညီသူ၊ အားပေးသူဖြစ်ပါက ကျွန်မ တန်ဖိုးထားပါသည်။

စာဖတ်သူ လက်ခံမည့် စာကိုသာ ရေးသားရမည် ဆိုသည့် ခံယူချက်မျိုး ကျွန်မ ခံယူမထားသည့်အတွက် တစ်စုံတစ်ယောက် လက်မခံနိုင်သည့် စာမျိုးရှိခဲ့လျှင်လည်း ငြိမ်းချမ်းစွာ၊ လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့်ရှိပါသည်။ သို့သော်... မကူညီချင်နေပါ၊ မနှောက်ယှက်ပါနှင့် ဆိုသည့် စကားအတိုင်း ကျွန်မ၏ စာများနှင့်ပတ်သက်ပြီး တစ်စုံတစ်ခု သဘောထားကွဲလွဲခြင်း၊ မနှစ်မြို့ခြင်း ရှိခဲ့ပါက ကျွန်မ၏ ဘလော့ခ် စာမျက်နှာအား တိတ်ဆိတ်စွာပိတ်၍ ထွက်ခွာ သွားနိုင်ပါသည်။ ကျွန်မကိုယ်တိုင်လည်း အခြားသော စာရေးသူများနှင့် သဘောထား မတိုက်ဆိုင်ပါက ထိုသို့သာ ပြုမူပါသည်။ မည်သူကိုမျှမနှောက်ယှက် ခဲ့ဖူးပါ။ ကျွန်မအားဖြစ်စေ၊ အခြားစာဖတ်သူ တစ်စုံတစ်ယောက်အား ဖြစ်စေ စိတ်အနှောက်အယှက် ဖြစ်စေမည့်ကွန့်မန့်များ၊ စီဘောက်စ်မက်ဆေ့ခ်ျများ ထားခဲ့ခြင်းသည် မိမိ၏ စိတ်ဓါတ်၊ အဆင့်အတန်းအား ပြသခြင်းပင် ဖြစ်ပါသည်။ ကျွန်မအနေဖြင့် မည်သူ့ကိုမျှလည်း ငြင်းခုံတုန့်ပြန်နေမည်မဟုတ်ပါ။ ကျွန်မ လုပ်ရမည့်အလုပ်ကိုသာ ဆက်လက် လုပ်ဆောင်နေမည် ဖြစ်ပါသည်။ အချိန်ကုန်ခံကာ ငြင်းခုံ ရန်ဆောင်ရခြင်းအား ကျွန်မ မုန်းပါသည်။

လွမ်းသုရင်

Thursday, March 15, 2012

ချစ်သူရဲ့ ပုံပြင်

"နှင်းဆီပွင့်ဖတ် နီနီရဲရဲလေးတွေ ကျဲပက်ဖြန့်ခင်းထားတဲ့ ဖြူလွလွအိပ်ရာလေးပေါ်မှာ ထိရက်စရာမရှိအောင် နူးညံ့လှပတဲ့ မင်းသမီးလေးတစ်ပါး အိပ်ပျော်နေသတဲ့...။ အဲ့ဒီမင်းသမီးလေးကို ဘယ်လိုမှ နှိုးလို့မရလို့ လူပုလေးတွေက စိတ်မကောင်းခြင်းကြီးစွာ ခံစားနေရတုန်း တိုင်းခန်းလှည့်လည်လာတဲ့ အိမ်ရှေ့မင်းသားလေးက အိပ်ပျော်နေတဲ့ မင်းသမီးလေးကိုတွေ့ပြီး ချစ်ခင်သွားပါရော။ ချစ်တဲ့စိတ်ကြောင့် မင်းသားလေးဟာ မင်းသမီးလေးရဲ့ နှင်းဆီငုံနှုတ်ခမ်းဖူးဖူးလေးကို နမ်းလိုက်မိသတဲ့။ အဲ့ဒီလိုလည်း နမ်းလိုက်ရော မင်းသမီးလေးရဲ့ ခံတွင်းထဲက အဆိပ်ရှိတဲ့ ပန်းသီးစိပ်လေးထွက်လာပြီး မင်းသမီးလေးလည်း အိပ်ရာကနိုးလာ၊ နောက်တော့ မင်းသားလေးရဲ့ ကြင်ယာတော်အဖြစ် တစ်ပါတည်း ခေါ်ဆောင်သွားခြင်းကို ခံရပါသတဲ့..."
..............................
ဒဏ္ဍာရီလိုလို၊ ပုံပြင်လိုလို... စွဲအားကောင်းတဲ့ ချစ်သူရဲ့ လေယူလေသိမ်းမှာ မျောပါလို့ ကြည့်နူးဖွယ်ရာ ကျွန်မရဲ့ညဦးအချိန်လေးတွေ...
လူပုလေး ခုနစ်ယောက်နဲ့ မနှင်းဖြူ၊ ရွှေဖိနပ်ပိုင်ရှင်လေး စင်ဒရဲလား ဆိုတဲ့ ကလေးဘ၀ကတည်းက အသည်းစွဲခဲ့တဲ့ ပုံပြင်လေးတွေက ချစ်သူရဲ့ သာယာတဲ့အသံနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ကျွန်မအတွက်တော့ ဘယ်အခါမှ ရိုးမသွားနိုင်တဲ့ နားထောင်ချင်စဖွယ် ပုံပြင်လေးတွေပါပဲ။ တစ်ခါတစ်ခါ ကျွန်မတွေးမိတယ်။ ချစ်သူက သိပ်ပြီးပုံပြောကောင်းတယ်လို့။ ဒီလိုပြောလို့လည်း မဖြစ်သေးပါဘူး။ တော်ကြာကျွန်မကိုလည်း ပုံပြင်လှလှလေးတွေ ယုံအောင်ပြောသွားမှဖြင့်...။
ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ ချစ်သူပြောနေကျ ပုံပြင်လေးတွေ နားထောင်ရတာကို နှစ်သက်နေမိသလို၊ "ကလေးလေးလိုပဲ" လို့ ကျွန်မအပေါ် ချစ်သူရဲ့မှတ်ချက်ကိုလည်း ကျေနပ်မိနေပါရော။ "ကလေးဆိုရင်လည်း ဘာလို့များ လက်ထပ်ဖို့ စိတ်ကူးသေးတုန်း" ဆိုတဲ့ အမေးကိုမေးမိတဲ့ ကျွန်မကရော လွန်များနေသလား။ ဒါပေမယ့်လည်း "ပုံပြင်ကြိုက်တဲ့ ကလေးမကို တစ်သက်လုံး ပုံတွေပြောပြနိုင်ဖို့ လက်ထပ်မှဖြစ်မှာကိုး" ဆိုတဲ့ သူ့ရဲ့လှလှပပ စကားလုံးလေးတွေအောက်မှာ ကျွန်မ ရင်တွေတလှပ်လှပ်ခုန်လို့၊ ကြင်နာယုယတဲ့ မျက်လုံးရွဲကြီးတွေအောက်မှာ ကျွန်မရဲ့ ခန္ဓာကိုယ်လေး သေးငယ်ကျုံ့ဝင်လို့၊ သူ့အပေါ် တုံ့ပြန်ချစ်တွေနဲ့ လိုက်ပါစီးမြောလို့ပေါ့...။
ပုံပြင်လေးတွေကို နားထောင်နေကျ ကျွန်မက ပုံပြင်ထဲက မင်းသမီးလေးတွေကို တိတ်တိတ်လေးစွဲလမ်းနေမိတတ်တာ၊ စိတ်ကူးယဉ်နေမိတတ်တာလည်း မလွန်လောက်ပါဘူးနော်... ချစ်သူ။ မနှင်းဖြူလေးကို မြင်ယောင်မိတဲ့အခါ ကျွန်မက ဂါဝန်ဖြူဖြူလေးနဲ့ အပြစ်ကင်းတဲ့ ချစ်စရာမင်းသမီးလေးပေါ့။ ဒါဆို စင်ဒရဲလားကရော... ပြိုးပြိုးပြက်ပြက်နဲ့ ရွှေရောင်ဂါဝန်ရှည်ကြီးကိုဝတ်ဆင်၊ ရွှေရောင်ဒေါက်ဖိနပ်လေးကို စီးလို့၊ ရွှေရောင် မှော်တံလေးကို ကိုင်ထားတဲ့ သိပ်လှတဲ့ရွှေမင်းသမီးလေး ဖြစ်နေပြန်ရော။ တကယ်လို့များကျွန်မက အဲ့ဒီလို မင်းသမီးလေးဆိုရင် ချစ်သူက ရွှေမင်းသားလေး ဖြစ်နေမှာပေါ့နော်။ ရွှေဖိနပ်ပိုင်ရှင် ကျွန်မကို မတွေ့မချင်း လိုက်ရှာနေမယ့် ရွှေမင်းသားလေးပဲ ဖြစ်မှာပါပဲ။
......................................
တစ်ခါတစ်လေမှာ စိတ်ကူးယဉ်တာတွေဟာ တကယ်ဖြစ်လာတတ်တယ်။ ဒါကိုချစ်သူ ယုံရဲ့လားမသိပေမယ့် ကျွန်မကတော့ ယုံချင်နေမိတယ်...။
တကယ်ပါ...။ ကျွန်မတကယ်ပဲ ပတ္တမြားရောင်ရဲရဲ နှင်းဆီပန်းတွေကျဲထားတဲ့ ကြက်သွေးရောင် ကော်ဇောနီကြီးပေါ်မှာ ဖွဖွလေး လျှောက်လှမ်းနေမိတယ်။ ဖွေးဥပြီးသန့်စင်လွန်းတဲ့ အဖြူရောင်ဂါဝန်ရှည်ကို ဆင်မြန်းပြီး ငွေရောင်ဖိနပ်လေးကိုစီးလို့ ကော်ဇောပေါ်မှာ ကြွကြွလေး တလှမ်းချင်း လျှောက်နေတဲ့ ကျွန်မ။ နီစွေးစွေး နှင်းဆီပန်းစည်းလေးကို ညာလက်မှာ လှလှပပကိုင်လို့ ဘယ်လက်က ချစ်သူရဲ့ လက်မောင်းကို တင်းတင်းလေး ချိတ်တွဲလို့ ဟန်အပြည့်နဲ့လျှောက်လှမ်းနေတဲ့ ကျွန်မက တကယ်ပဲ မင်းသမီးလေးတစ်ပါးလို လှပကျော့ရှင်းလို့။ ဆံထုံးအောက်မှာ တွဲခိုနေတဲ့ ပုဝါဖြူဖြူလေးက တစ်ချက်တစ်ချက် ပုံခုံးကို ခလုတ်တိုက်ပြီး ကျွန်မရဲ့ ကျောပြင်ပေါ်မှာ ဝေ့၀ဲကျနေသေးရဲ့။
ဟိုး မနီးမဝေးမှာ ပျံ့လွင့်နေတဲ့ သီချင်းသံလေးက နားထဲမှာ ကြားတစ်ချက်၊ မကြားတစ်ချက်။ လက်ဖ၀ါး လေးတွေက ရေခဲတမျှအေးစက်၊ အသက်ကိုပင် ရှူမိသလား၊ မရှူမိသလား သတိမထားမိတော့ပါဘူး။ ကြက်သွေးရောင် ကော်ဇောပေါ်က ချစ်သူရဲ့ တလှမ်းချင်းလှမ်းနေတဲ့ ခြေလှမ်းလေးတွေနောက်ကိုပဲ ကျွန်မကြိုးစားပြီး လိုက်လှမ်းနေရတယ်။ ခန်းမထဲကို မ၀ံ့မရဲ့ဝေ့ကြည့်လိုက်တော့ မျက်လုံးပေါင်းများစွာရဲ့ ဦးတည်ချက်က ချစ်သူနဲ့ကျွန်မဆီမှာ။ အဲ့ဒီမျက်လုံးတွေထဲမှာ နှစ်လိုအားကျတဲ့အရိပ်အရောင်တွေ၊ နှစ်သက်ကြည်နူးခြင်းတွေ၊ ဂုဏ်ပြုချီးမြှင့်ခြင်းတွေ၊ မျှဝေခံရတဲ့ပျော်ရွှင်ခြင်းတွေ... စုံလို့ပဲပေါ့။ အို...ကျွန်မရှက်လိုက်တာ။ ရှက်ရွံ့ခြင်းလား၊ ကြည်နူးခြင်းလား၊ ဂုဏ်ယူခြင်းလား အမျိုးအမည်သေချာ မဖော်ပြနိုင်တဲ့ ခံစားချက်တစ်ခုက ကင်မရာ ဖလက်ခ်ျဂန်း တဖျက်ဖျက်မီးရောင်တွေနဲ့အတူ ကျွန်မမျက်နှာကို ပန်းသွေးရောင်ဆိုးပေးသွားတယ်။
ဟော... ဒိတ်... ဒိတ်... ဒိတ်... တဲ့။ အဲ့ဒါ ကျွန်မရဲ့ ရင်ခုန်သံ။ ကိုယ့်ရင်ခုန်သံကို ကိုယ်တိုင်ပြန်ကြားနေရတဲ့အထိ ကျွန်မစိတ်တွေ လှုပ်ရှားနေပါလား။ အားကိုးတကြီးနဲ့ ချစ်သူမျက်နှာကို စွေစွေလေးလှမ်းကြည့်မိတော့ ယုံကြည်ချက်အပြည့်နဲ့ စူးလက်တဲ့မျက်ဝန်းတွေ၊ ကြည်လင်ဝင်းပတဲ့ အပြုံးတွေတပွေ့တပိုက်နဲ့ ကျွန်မရဲ့ချစ်သူ။ အဲ့ဒီမျက်ဝန်းတွေ၊ အပြုံးတွေဟာ ပျော်ရွှင်ခြင်း၊ ဂုဏ်ယူခြင်းတွေနဲ့ ပေါင်းစပ်လို့ ကျွန်မအတွက် အရာရာပြီးပြည့်စုံစေမယ်ဆိုတဲ့ စိတ်ခွန်အားတွေကို ကျွန်မရဲ့နှလုံးသားထဲအထိ ဖြန့်ကျက်ခဲ့တာပေါ့။ ကျွန်မရဲ့ ပန်းနုရောင်နှုတ်ခမ်းပါးလေး မသိမသာ ကွေးညွှတ်သွားသလိုလို။ ဟောဒီခမ်းနားလှပတဲ့ခန်းမကြီး မဆုံးမချင်း၊ ကြက်သွေးရောင်ရင့်ရင့် ကော်ဇောမဆုံးမချင်း ချစ်သူရဲ့ ကြင်နာဖေးမခြင်းနဲ့ ပရိသတ်အလည်မှာ တင့်တင့်တယ်တယ် လျှောက်လှမ်းသွားမယ်လို့ ကျွန်မဆုံးဖြတ်လိုက်မိတယ်။
.............................................
အဲ့ဒီတဒင်္ဂလေး၊ ခဏတာနာရီပိုင်းလေးမှာ ကျွန်မဟာတကယ်ပဲ ဒဏ္ဍာရီထဲကလို၊ ပုံပြင်ထဲကလို တလောကလုံးမှာ အလှဆုံး၊ အချောဆုံး၊ ရွှေမင်းသားလေးက သိပ်မြတ်နိုးတဲ့ မင်းသမီးလေးလို့ ကိုယ့်ကိုယ်ကို ကျေနပ်နေခဲ့တယ်၊ စိတ်လှုပ်ရှားခြင်းတွေနဲ့အတူ ကြည်နူးနေခဲ့တယ် ဆိုတာကိုတော့ မညာချင်ပါဘူး ချစ်သူ။ တကယ်တော့ ပုံပြင်ကြိုက်တဲ့ ကျွန်မအတွက် မဆုံးနိုင်တဲ့ ပုံပြင်ရှည်ကြီးကိုပြောဖို့ ချစ်သူရဲ့ ယုယခြင်း၊ ချစ်ခြင်းတွေနဲ့ နိဒါန်းပျိုးလို့ ကြင်နာခြင်းတွေနဲ့ ဖေးမခေါ်ငင်ခဲ့ပြီလေ။
ကျွန်မပြောခဲ့ပါရော... ချစ်သူက ပုံပြောကောင်းပါတယ် လို့။
သူပြောတဲ့ ပုံပြင်ရှည်ထဲမှာတော့ ချစ်သူက ကျွန်မချစ်တဲ့ ရွှေမင်းသားလေးပေါ့။ ကျွန်မကရော... တစ်ခါတစ်ခါ မနှင်းဖြူလေး ဖြစ်ရသလို၊ တစ်ခါတစ်ခါလည်း ရွှေဖိနပ်ပိုင်ရှင် စင်ဒရဲလားလေး ဖြစ်လို့ပေါ့...။
လွမ်းသုရင်
၁၄ မတ် ၂၀၁၂

Sunday, October 18, 2009

သို့... တစ်ရံတစ်ခါဆီ...

( ၁ )

"ချစ်သူနဲ့ လက်ချင်းချိတ်ပြီး သွားတဲ့အခါ ဘယ်လောက်ဝေးဝေး ပင်ပန်းတယ်လို့ မထင်ရဘူးတဲ့။ အဲ့ဒီစကားကို ဘယ်သူပြောသလဲ။ ခုတော့လည်း မောတာပါပဲနော်..."

လူကူးတံတားတစ်ခုကို ဖြတ်ကျော်ရင်း သူ့မျက်နှာကိုတွေတွေလေးကြည့်ကာ သူမညည်းမိခြင်း ဖြစ်၏။

မိုးရွာပြီးခါစ ပတ်ဝန်းကျင်က အနည်းငယ် စိမ့်နေသော်လည်း သူမ၏နဖူးလေးမှာတော့ ချွေးပေါက်လေးများ သီလို့နေသည်။ လက်ဖ၀ါးနုနုကို အားမရစွာ ဖျစ်လိုက်သည့် သူ့အပြုံးက သူမ၏ ညည်းညူခြင်းကို သဘောကျသော အပြုံးမျိုး...။

"ကံဆိုးမိုးမှောင်ကျတဲ့အခါ ချစ်သူလက်ကိုဆွဲကိုင်ထား... အကျင့်ပါသွားခဲ့တာ ချစ်သူမရှိတော့ လက်မှိုင်ချ.."

စိုင်းစိုင်းခမ်းလှိုင်ရဲ့ "အချစ်သီချင်း"ကို စိတ်ထဲမှ သတိရမိသည်။ တကယ်တော့ ဒီလမ်းဒီခရီးတွေကို သူမတစ်ယောက်တည်း သွားမြဲသွားနေကြဖြစ်ခဲ့သည်။ တခါတလေမဟုတ်ခဲ့၊ တစ်နေ့တလေ မဟုတ်ခဲ့။ နှစ်နှင့်လနှင့်ချီပြီး လှုပ်ရှားရုန်းကန်ခဲ့ရာ ဒီလမ်းလေးတွေမှာ သူမ၏ခြေရာပေါင်း မြောက်များစွာ ထင်ကျန်ရစ်ဖူးမည်။

တစ်နေ့တစ်နေ့ လူကူးတံတား လက်ရမ်းကို အားပြုပြီး အတက်အဆင်းပြုခဲ့ရသည့် နေ့တွေကို သူမသတိရသွားမိ၏။

"အဲ့ဒီတုန်းကအဖြစ်တွေ ပြန်စဉ်းစားရင် မျက်စိသူငယ်နားသူငယ်နဲ့ ကိုယ့်အဖြစ်ကိုကိုယ် သနားနေမိတယ် သိလား... "

Bus ကားတွေအများကြီး စုဝေးနေသည့် ကားဂိတ်တစ်နေရာကိုကြည့်ပြီး သူမရေရွတ်မိပြန်သည်။

"စိတ်မကောင်းစရာ အတိတ်တွေကို ဆက်မယူလာနဲ့တော့လေ။ လက်ရှိအချိန်မှာ ပျော်အောင်နေမှပေါ့..."

သတိရတိုင်း အတိတ်ကို ပြန်လည်တူးဆွတတ်သည့် သူမကို သူက သတိပေးသည်။ တကယ်တော့လည်း အတိတ်ဆိုတာ ပြန်လည်တူးဆွတိုင်း ကောင်းတတ်သည့် အရာမှမဟုတ်ဘဲ။ သို့သော်လည်း သူမအတွက်တော့ ဘ၀မှတ်တမ်းတစ်ခု...။

"ပြန်တူးဆွနေတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မမေ့သွားအောင် ကိုယ့်ကိုယ်ကို ပြန်သတိပေးနေတာပါ။ ဒီနေ့ ဒီလိုအခြေအနေရောက်လာတာဟာ အဲ့ဒီအတိတ်တွေကို ဖြတ်ကျော်ခဲ့လို့ပဲပေါ့။ အဲ့ဒီလောက်ထိ ဆိုးရွားတဲ့ အခြေအနေထိတောင် ငါတစ်ယောက်တည်း ရုန်းကန်ခဲ့ရဖူးတယ် ဆိုတာကို သတိရတိုင်း ခုလက်ရှိ ဖြစ်ပျက်နေတာဟာ မပြောပလောက်တဲ့အရာတွေပါလို့ တွေးမိပြီး ကိုယ့်စိတ်ကိုယ်ကို အားပြန်မွေးနေရတာ..."

ဒီတစ်ခါတော့ သူနှုတ်ဆိတ်သွား၏။

ဝမ်းနည်းစရာတွေကို ပြန်မစဉ်းစားစေချင်သည့် ချစ်သူ၏စေတနာကို သူမ နားလည်သည်။ သို့သော်လည်း...

~ ~ ~ ~

မနက်စောစောစီးစီး မျက်နှာသစ်ပြီး အသေပိတ်ထားသည့် ဇီးရောင် မှန်တံခါးမှ အပြင်သို့ မျှော်ကြည့်မိသည်။ ကြည့်မိတော့မှ သူမနားနေရာ အခန်းကျဉ်းကလေးသည် လမ်းမကြီးကို မျက်နှာမူထားသည် မဟုတ်ဘဲ တိုက်နောက်ဘက် Car Parking တစ်ခုကို မျက်နှာမူထားမှန်း သူမသတိထားမိ၏။ ညက မောမောနှင့် အိပ်ပျော်သွားသောကြောင့် သူမသတိမထားမိခြင်း ဖြစ်လိမ့်မည်ထင်သည်။ အခန်းဖော်နှစ်ယောက်ကတော့ အခုထိ အိပ်မောကျဆဲ...။

"ဒီလိုအခန်းလေးကိုပဲ ငါ့အိမ်လို့ သတ်မှတ်ရတောမယ်နဲ့ တူပါရဲ့..."

ဆယ့်နှစ်ပေ ပတ်လည်လောက်ရှိမည့် လေးထောင့်အခန်းကျဉ်းကလေး...။ အိပ်စက်စရာ လူလေးယောက်အိပ်စာ နှစ်ထပ်ခုတင်တစ်လုံး ရှိသည်။ အပျင်းပြေ ကြည့်စရာ ရုပ်မြင်သံကြားစက်တစ်ခုရှိသည်။ ရေချိုးခန်း၊ အိမ်သာတွဲလျက်ရှိသောကြောင့် အိမ်မကြီးသို့ အကြောင်းမရှိလျင် ခဏခဏထွက်ရန်မလို။ သူမနှင့်ပါဆိုလျှင် စုစုပေါင်းမိန်းကလေး သုံးယောက်နေထိုင်ရမည့် အခန်းကလေးထဲတွင် အ၀တ်အစားအိတ်များ၊ စာအုပ်စာတမ်းများဖြင့် ပြည့်ကျပ်နေ၏။ ညအိပ်ခါနီး အဖော်ရအောင် ဘေးနားမှာထားထားသည့် အရုပ်ကလေးက ခုတင်ပေါ်မှာ ငြိမ်သက်လို့...။

အိပ်ရာထထခြင်း Car Parking မှာထိုးထားသည့် ကားတွေကိုမြင်တော့ အဖေ့ကားလေးကို သတိရသည်။ ဒီအချိန်ဆိုလျှင် အဖေ့ကားစက်နှိုးသံကို ကြားရတတ်သည်။ သားသမီးတွေကို အိပ်ရာထဖို့ ဗျစ်တောက်ဗျစ်တောက် နှိုးနေသည့် အမေ့ရဲ့ နံနက်ချိန်ခါတေးသံသာကို ကြားယောင်နေမိသည်။ နှစ်ယောက်အိပ်ခုတင်မှာ တစ်ယောက်တည်း အိပ်စက်နေမည့် ညီမငယ်ကိုမြင်ယောင်မိသည်။ ခုတော့လည်း ဒီအခန်းကျဉ်းလေးထဲမှာ သူစိမ်းတစ်ရံဆံတွေနဲ့ သူမတစ်ယောက်တည်းရယ်...။ အားငယ်စိတ်ကြောင့် မျက်ရည်ဝဲတက်လာမိသည်။

"ဒီမြေဒီရေမှာ ငါ့ကိုယ်ငါပဲ အားကိုးရမယ်။ ငါ့မှာ ဘယ်သူမှ အားကိုးစရာ မရှိဘူးပဲ...။"

ကိုယ့်စိတ်ကိုကိုယ် အားတင်းလိုက်ရင်း ရေချိုးဖို့ပြင်လိုက်တော့မှ ဗိုက်ထဲမှ "ဂွီ"ကနဲ အသံကိုကြားလိုက်ရ၏။ သည်အချိန်ထိ သူမနံနက်စာမစားရသေး။ ရေချိုးထားတုန်း ခေါက်ဆွဲပြုတ်ထားမှဖြစ်မည်။ စားစရာသပ်သပ်ထည့်လာသည့် အိတ်ထဲမှ ခေါက်ဆွဲခြောက်တစ်ထုပ်ကို နှိုက်ယူပြီး မီးဖိုထဲရှိ ဆူပြီးဟန်ရှိသော ရေနွေးပူပူနှင့် ပန်းကန်လုံးထဲထည့်ရောကာ အဖုံးအုပ်ထားလိုက်သည်။ ဒီနေ့အဖို့ သူမအတွက် အမေ့ရိက္ခာခြောက်တွေနှင့်သာ အသက်ဆက်စရာရှိသည်။ ဒီပတ်ဝန်းကျင်မှာ သူမ မကျင်လည်သေး။ ထမင်းဆိုင် ဘယ်နားမှာရှိသလဲ သူမမသိသေး။ ဈေးဘယ်နားမှာ ၀ယ်ရမည်လဲ၊ ဘယ်လိုဝယ်ရမည်လဲ သူမ မသိသေး။ မီးရထား၊ ကားဘယ်လိုစီးရမည်လဲ သူမ မတတ်သေး။

သက်ပြင်းတစ်ချက်ကို ခပ်ပြင်းပြင်းမှုတ်ထုတ်ရင်း လေးလံသောခြေလှမ်းဖြင့် ရေချိုးခန်းသို့ ၀င်ခဲ့သည်။ ရေချိုးပြီးလျှင် အလုပ်နှင့်နီးသည့် ရပ်ကွက်တစ်ခုမှာ ပြောင်းနေဖို့ သူမကို လိုက်ပို့သည့် မိတ်ဆွေဦးလေး လာခေါ်သည်ကို စောင့်ရဦးမည်။ တကယ်တော့ သူမ နေရမည့်အခန်းက လက်ရှိအခန်း။ အလုပ်နှင့်အိမ် လေးဆယ့်ငါးမိနစ်ခန့် ရထားစီးရမည် ဆိုသည့်ခရီးကြောင့် ဒီအိမ်ကနေ ရွှေ့ဖို့သူမဆုံးဖြတ်ခဲ့သည်။ အသွားအပြန် တစ်နာရီခွဲခန့်ကြာမည့် အချိန်နှင့် ခရီးစရိတ်ကို တွက်ဆမိတော့ ဆက်နေလို့မဖြစ်နိုင်မှန်း သေချာသွားသည်။ သူမအတွက် အခုအချိန်မှာ ငွေကိုချွေတာနိုင်မှ တန်ကာကျမည် မဟုတ်လား။

ပထမဆုံးအကြိမ်တစ်ယောက်တည်း စားရသည့် ထိုနေ့ကနေ့လည်စာအတွက် သူမ မျက်ရည်ကျမိသည်။ သူမလိုပဲ အမေလည်း ငိုနေမည်လားမသိ။ ကိုယ်တိုင်ရွေးခဲ့သည့် လမ်းက ရာနှုန်းပြည့်မချောမွေ့နိုင်မှန်းတော့ အစကတည်းက သိခဲ့သော်လည်း လက်တွေ့မှာ ရင်ဆိုင်နိုင်ပါ့မလားဆိုသည့် အတွေးတို့က ရောက်ရောက်လာသည်။ ကိုယ့်ကိုယ်ကို မှားသလား၊ မှန်သလား ဝေခွဲလို့မရ ဖြစ်လာရသည်။

"မှန်ရင်လည်း ငါစံရမှာပဲ၊ မှားရင်လည်း ငါတစ်ယောက်တည်း ခါးစည်းခံရမှာပဲ။ ခုချိန်မှာ နောက်ပြန်ဆုတ်လို့မှ မရနိုင်တော့ပဲ။ ဒီခရီးကို ငါကိုယ်တိုင် အစပျိုးမိခဲ့ပြီလေ..."

သူမ၏ဆန္ဒတစ်ခုအတွက် အရင်းအနှီးဘယ်လောက် ကြီးသလဲဆိုတာ သူမအသိဆုံးဖြစ်သည်။ မိသားစုတစ်ခုလုံး၏အခြေအနေသည် သူမ၏အဆုံးအဖြတ်တစ်ခုပေါ် မူတည်နေပြီ။ နောက်ဆုတ်ဖို့ မဖြစ်နိုင်။ ဘယ်နည်းနှင့် ဖြစ်ဖြစ် ရှေ့ဆက်ဖို့သာရှိသည်။

နေ့လည်ရောက်တော့ မိတ်ဆွေဦးလေးက အိမ်ရွှေ့ဖို့လာခေါ်၏။ ဒီအခန်းလေးထဲမှာ မနေရတော့သည်ကတော့ သေချာသွားပြီ။ ပါလာသမျှ အထုပ်အပိုးတွေကို ဆွဲပြီး ဦးလေးခေါ်ရာကို သူမလိုက်ခဲ့သည်။ တက္ကစီစီးလာရာ လမ်းတစ်လျှောက် လမ်းဘေးဝဲယာရှုခင်းတွေက အမြင်ဆန်းသလို ရှိသော်လည်း အေးစက်စက်နိုင်သလို ထင်မိသေး၏။ မိခင်မြေနှင့်တော့ ဆီနှင့်ရေလို ကွာခြားနေသည်။

ဒီမြေသည် မိခင်မြေထက် မွမ်းမံပြင်ဆင်မှုတွေ များကောင်းများမည်။ Artificial အလှအပတွေနှင့် ပိုမိုသပ်ရပ်လှပသယောင် ရှိချင်လည်းရှိမည်။ ပိုမိုတိုးတက်သည်ဟုလည်း ထင်ကောင်းထင်စရာရှိလိမ့်ဦးမည်။

မည်သို့ပင်ဖြစ်စေကာမူ သူမအတွက်တော့ မိခင်မြေကိုသာ တမ်းတနေမိတော့သည်။ စွဲစွဲလမ်းလမ်း ဖတ်ခဲ့ဖူးသည့် ဆရာတက္ကသိုလ်ဘုန်းနိုင်၏ "စိမ်းနေဦးမည့် ကျွန်တော့မြေ"မှ နိဒါန်းစာပိုဒ်လေးတစ်ပိုဒ်ကိုလည်း ပြန်လည်သတိရနေမိသည်။

"မြင်မြင်ရာရာ စိမ်းစိုလှပနေသည့် မိခင်မြေ..."

တစ်နေ့နေ့ပြန်ရမည် ဆိုသည်ကို သိသော်လည်း အဲ့ဒီတစ်နေ့နေ့သည် မည်မျှကြာသွားနိုင်သည်ကို သူမ မခန့်မှန်းတတ်။

"မပျော် သုံးနှစ် ပျော်သုံးနှစ်ပေါ့ အမေရယ်... သမီး ပြန်လာမှာတော့ သေချာပါတယ်..."

တက္ကစီလေးကတော့ အဝေးပြေးလမ်းမလို လမ်းမကျယ်ကြီးတစ်လျှောက် တရွေ့ရွေ့ပြေးကာနေတော့သည်။

~ ~ ~ ~

( ဆက်ပါဦးမည်။ )

လွမ်းသုရင်
၁၈ အောက်တိုဘာ ၂၀၀၉

Monday, May 25, 2009

လွမ်းသုရင် ဟုလည်းခေါ်ပါသည်

လွမ်းသုရင်... လွမ်းနေတတ်သူ တစ်ယောက်ရဲ့ ရင်ထဲက ခံစားချက်တွေကို သိစေချင်တဲ့ ဆန္ဒတစ်ခုတည်းနဲ့ အသုံးပြုဖြစ်ခဲ့တဲ့ ကလောင်နာမည်လေး...

ငယ်ငယ်တုန်းကတော့ အတန်းထဲမှာ စာစီစာကုံး အရေးကောင်းတယ်လို့ ဆရာ၊ဆရာမတွေက ပြောကြတယ်။ ကျွန်မက စကားပြောတဲ့နေရာမှာတော့ မကျွမ်းကျင်ခဲ့ဘူး။ ဒါပေမယ့် ဘာအကြောင်းအရာကိုမဆို စာပိုဒ်တစ်ခုအနေနဲ့ ရေးခိုင်းရင်တော့ စိတ်တိုင်းကျ စီကာပတ်ကုံး ရေးလေ့ရှိတယ်။ တဖြည်းဖြည်းနဲ့ အထက်တန်းကျောင်းသူဘ၀ကို ရောက်လာတော့ ကျွန်မရဲ့ အားသာချက်တစ်ခုက ကျက်စာထက် ကိုယ်တိုင်စာစီပြီးရေးလို့ရတဲ့ ဘာသာရပ်မျိုးမှာ ပိုပြီး စိတ်ဝင်စားခဲ့တယ်။ ဘောဂဗေဒလို ၏သည်မလွဲ ကျက်ရတဲ့ ဘာသာရပ်ထက် နားလည်အောင်ဖတ်ပြီး ကိုယ့်စာကြောင်းနဲ့ကိုယ် ပြန်ပြီးတင်ပြရေးသားလို့ရတဲ့ မြန်မာစာ စကားပြေ၊ ကဗျာ၊ ဘာသာရပ်တွေမှာ ပိုပြီး အာရုံစူးစိုက်မှု ပြင်းထန်ခဲ့တယ်။ စာစီစာကုံး ရေးအားလည်း ကောင်းခဲ့တယ်။

ကျွန်မရဲ့ စရိုက်ကိုက ဘောပင်တစ်ချောင်း၊ စာတစ်အုပ်နဲ့ အလုပ်လုပ်နေတာကိုပဲ နှစ်သက်တယ်ထင်ပါရဲ့။ မြန်မာစာမှာ စာစီစာကုံး ရေးနေရတာကို နှစ်သက်သလို အမြဲတွက်နေရတဲ့
သင်္ချာဘာသာကိုလည်း မွေ့လျော်ပြန်တယ်။ ပုံလေးတွေ ဆွဲနေရတဲ့ ဇီဝဗေဒဘာသာရပ်မျိုးကို စိတ်ဝင်စားနေတတ်တယ်။ ဒါကြောင့်ပဲလားတော့ မပြောတတ်ပါဘူး။ တက္ကသိုလ်ဝင်တန်း အောင်တော့ မြန်မာစာနဲ့ သိပ္ပံဘာသာရပ် ဂုဏ်ထူးနဲ့ အောင်ခဲ့တယ်။ အားအခဲထားခဲ့ဆုံး သင်္ချာဘာသာကတော့ ဂုဏ်ထူးမပါခဲ့ဘူး။

ဒီလိုနဲ့ တဇွတ်ထိုးသမား ကျွန်မရွေးချယ်ခဲ့တဲ့ လမ်းက အစိုးရနည်းပညာကောလိပ်၊ မြို့ပြအင်ဂျင်နီယာ ဘာသာရပ်...။ T-Square တစ်ခု၊ ခဲတံတစ်ချောင်း၊ စာရွက်တစ်ရွက်နဲ့ အိမ်ပုံစံလေးတွေကို စိတ်ဝင်တစ်စား ရေးဆွဲခဲ့တယ်။ ဂဏာန်းပေါင်းစက်တစ်ခု၊ အိမ်ပုံစံတစ်ခုနဲ့ အိမ်တစ်လုံးရဲ့ ခန့ှ်မှန်းချေ ကုန်ကျစရိတ်တွေကို တိတိကျကျ တွက်ချက်ခဲ့တယ်။ သစ်တွေ၊ သံမဏိတွေရဲ့ သဘာဝတွေ၊ သတ္တိတွေ၊ ခံနိုင်အားတွေကို တွက်ချက်ခဲ့တယ်။ ဘာပဲဖြစ်ဖြစ် အင်ဂျင်နီယာတစ်ယောက်ဆိုတဲ့ ဘ၀ကို မြတ်မြတ်နိုးနိုး ခံယူချင်ခဲ့တယ်။ အုတ်တွေ၊ သဲတွေနဲ့ လက်တွေ့လုပ်ရခြင်းကို ပျော်ပိုက်ခဲ့တယ်။ နေပူမိုးရွာမရှောင် ကျောင်းဝင်းထဲမှာ မြေတိုင်းဆင်းရတဲ့ အချိန်တွေကို ဂုဏ်ယူခဲ့တယ်။

အဲ့ဒီအချိန်မှာ ကျွန်မရဲ့ အပြင်းထန်ဆုံး ဆန္ဒက နည်းပညာဘွဲ့ကိုရယူဖို့။ မြို့ပြဘာသာရပ်ကို ရေဆုံး မြေဆုံးလေ့လာဖို့။ တစ်နေ့မှာ နည်းပညာတက္ကသိုလ်က မွေးထုတ်လိုက်တဲ့ အင်ဂျင်နီယာကျောင်းသားတွေကို ဘွဲ့အပ်နှင်းရတဲ့ ပါမောက္ခချုပ်...။

ဂျီတီအိုင် ကျောင်းသူဘ၀မှာ ကျွန်မရဲ့ စိတ်ကူးတွေ၊ ရင်ခုန်သံတွေ ကနေဖြစ်တည်လာတာက ကဗျာလေးတွေ။ စိတ်ကူးပေါက်ရာလေးတွေကို ဘောပင်လေးနဲ့ ချရေးလိုက်တော့ ကာရံလေးတွေ စီစီရီရီကျလို့ ကဗျာလေးတွေ စာရွက်ပေါ်မှာ ဖြစ်လာခဲ့တယ်။ ကျွန်မ အဲ့ဒီလို လျှောက်ရေးတတ်တာကို သိတဲ့ ၀ါသနာတူ သူငယ်ချင်းသက်ပိုင်သူ၊ မြရေလျဉ်တို့ စုပြီး ကဗျာစာအုပ်လေးလုပ်ကြတဲ့အခါ အတင်းခေါ်ပြီး ကဗျာရေးခိုင်းတာနဲ့ ကလောင်နံမယ်လေးတစ်ခု ရွေးဖြစ်ခဲ့တယ်။ ကျွန်မရဲ့ ကဗျာလေးတွေက အလွမ်းကဗျာလေးတွေ များခဲ့တော့ လွမ်းနေတတ်သူ တစ်ယောက်ရဲ့ ရင်ထဲက ခံစားချက်တွေကို သိစေချင်တဲ့ ဆန္ဒတစ်ခုတည်းနဲ့ 'လွမ်းသုရင်' ရယ်လို့ဖြစ်လာခဲ့တယ်။

ကံကြမ္မာက အကြောင်းမပါလေတော့ အခုအချိန်မှာ ကျွန်မတစ်ယောက် ပါမောက္ခချုပ် ဖြစ်ခွင့်မရတော့ဘဲ စင်ကာပူဆိုတဲ့ နေရာကိုရောက်ခဲ့တယ်။ ကျွန်မမြတ်နိုးတဲ့ မြို့ပြအင်ဂျင်နီယာတစ်ယောက်အဖြစ် ရပ်တည်ခဲ့တယ်။ ပညာလောဘကြီးရာကနေ၊ အခြေအနေအရ စီးပွားရေး သောင်းကျန်းရတော့တယ်။ အင်တာနက်တွေ လိုသလိုအသုံးပြုလို့ ရနေလေတော့ ဘလော့ခ်တွေ ခေတ်စားလာတဲ့အခါ ကျွန်မအကြောင်းကိုသိတဲ့ သူငယ်ချင်းတွေက စာရေးဖို့ တိုက်တွန်းခဲ့တယ်။

ဘလော့ခ်ရေးဖို့ စဉ်းစားတုန်းကတော့ "လွမ်းသုရင်" လို့ပေးမလို့ပါ။ ဒါပေမယ့် အဲ့ဒီအချိန်မှာ အစ်ကို စိုးမိုးက "အစိမ်းရောင် မိန်းကလေး" ကိုဖန်ဆင်းပေးခဲ့ပြီးပြီ ဖြစ်နေတော့ ရစ်တွယ်မိသော မောင်နှမသံယောဇဉ်ကြောင့် အစိမ်းရောင် မိန်းကလေးဖြစ်လာအောင် ကြိုးစားခဲ့မိပါတယ်။ အစိမ်းရောင် မိန်းကလေးအဖြစ် သိလာခဲ့ပြီးမှ တစ်ချိန်က ထားခဲ့ဖူးတဲ့ ဆန္ဒလေးတစ်ခုကို အကောင်အထည်ဖော်ဖို့ လွမ်းသုရင်ကိုပြန်လည် အသက်သွင်းခဲ့ပါတယ်။ အဲ့ဒီဆန္ဒလေးက ဘာလဲဆိုတော့ တစ်နေ့နေ့မှာ စာပေလောကနဲ့များ ဆက်စပ်မိခဲ့ရင် ဒီနာမည်လေးပဲ ဆက်ယူသွားဖို့ပါပဲ။ တကယ်တော့ "အစိမ်းရောင်မိန်းကလေး"ဆိုတာ ဘလော့ခ်စာမျက်နှာပေါ်ကို အရင်ရောက်ခဲ့ပေမယ့် ကျွန်မရဲ့ကလောင်ဦးဟာ "လွမ်းသုရင်" ပါ။

အစိမ်းရောင်မိန်းကလေး အဖြစ် ရင်းနှီးတဲ့သူတွေကတော့ "စိမ်း" ဆိုတဲ့စာလုံးပါတဲ့ နာမည်အမျိုးမျိုးကို ခေါ်တတ်ကြပါတယ်။

မောင်လေး၊ ညီမလေးတွေကတော့ မမစိမ်း လို့ခေါ်တာများတယ်။ီကတော့ မမဂွင်းဂဲလ် တဲ့။ တီချယ်ကတော့ စိမ်း လို့ခေါ်တယ်။ ကိုရင်နော်နဲ့ မမခင်လေးကခေါ်တော့ စိမ်းစိမ်းကိုမိုးမောင်ကတော့ မစိမ်းမေ ဆိုပဲ။ သက်ပိုင်သူက စိမ်းတိမ်းတိမ်းလို့ ခေါ်ပြန်တယ်။ ကိုနေလင်းကတော့ မဂရင်း တဲ့။ မြရေလျဉ်တို့၊ ဖိုးသင်္ကြန်တို့ကတော့ ခေါ်နေကြအတိုင်း မလဲ့ ပေါ့လေ။ အစ်ကို ကိုမိုးမြင့်တိမ်ကတော့ လွန်ခဲ့တဲ့ ခြောက်နှစ်ကတည်းကအတိုင်း ညီမလေး လို့ပဲခေါ်တယ်။ ကိုရှင်ရဲထွတ် နဲ့ ကိုရင်နော်က တစ်ခါတစ်ခါ သုသု လို့ခေါ်ပါတယ်ရှင်။

ဘယ်လိုပဲခေါ်ခေါ်ပါ။ နာမည်နှစ်ခုလုံးဟာ ကျွန်မနှစ်သက်မြတ်နိုးတာပဲမို့လို့ ကျေနပ်ပါတယ်။ ဒီပို့စ်လေးအတွက် မမ မနော်ဟရီကိုလည်း ကျေးဇူးပါနော်။

စာကြွင်း။ ။ ဘလော့ခ်စလုပ်ကာစက အစိမ်းရောင်မိန်းကလေး ဆိုတာကို မေးတဲ့သူတွေ ရှိတာကြောင့် အဲ့ဒီနာမည်အတွက် ပို့စ်တစ်ခု ရေးခဲ့ဖူးပါတယ်။ ဒါကြောင့်လည်း ဒီတက်ဂ်ဂိမ်း ဖြစ်လာတဲ့အခါ ကျွန်မကိုများ တက်ဂ်ခဲ့ရင် အသစ်ရေးစရာမလိုတော့ဘူးလို့ ထင်ထားခဲ့တာ။ ဒါပေမယ့် မမ မနော်ဟရီက လွမ်းသုရင် ဆိုတဲ့နာမည်နဲ့ သတိတရ တက်ဂ်လာတဲ့အတွက် လွမ်းသုရင်ဘလော့ခ်အစမှာ ရေးထားဖူးတာကို အနည်းငယ်ပြုပြင်ဖြည့်စွက်ပြီး ပြန်ရေးလိုက်တာပါ။

Sunday, February 15, 2009

ပန်းသီးပေါ် နားတဲ့လိပ်ပြာ

အခန်း ( ၁ )

ဘယ်တော့မှ မနက်စောစော အိပ်ရာကမနိုးတတ်တဲ့သူမ... ဒီနေ့တော့ စောစောစီးစီး မျက်လုံးတစ်စုံက ပြန်မှိတ်လို့မရအောင်ကို လန်းဆန်းနေသည်။ တွေ့ရခဲ့သော နံနက်ခင်း၏ အလှကို မြင်လိုစိတ်နဲ့ အိပ်ရာမှာထဲမှာ ကြိုးစားပြီး အိပ်မနေတော့ဘဲ မျက်နှာထသစ်ပြီး အိမ်ရှေ့ဝရန်တာသို့ ထွက်ကြည့်မိ၏။

သစ်လွင်နေသော နံနက်ခင်းလေပြေက သူမမျက်နှာနုနုလေးကို ကျီစယ်သွားသည်။ ပိတ်ရက်မို့ထင်သည်။ လမ်းသွားလမ်းလာက အနည်းငယ်ရှင်းလင်းနေ၏။ ဒီလိုနံနက်ခင်းမျိုး သူမ မရခဲ့တာ ကြာလှပြီပေါ့။ တော်တော်ကို ကြာခဲ့ပါပြီ။ သူမ ဘ၀ထဲမှာ လိပ်ပြာလေးတစ်ကောင် မရှိတော့ကတည်းကလို့ပဲ ဆိုပါတော့လေ...။

........................

အခန်း ( ၂ )

"ဟိတ်... အိပ်ရာက မနိုးသေးဘူးလား။ ထတော့နော်"

စောစောစီးစီး ထမြည်တတ်တဲ့ ဖုန်းမက်ဆေ့ခ်ျသံကြောင့် အခန်းဖော်ကို အားနာမိပေမယ့် ဒီအသံမှ မကြားရရင် သူမ အိပ်ရာကနိုးမည်မထင်။ ကြာလာတော့လည်း အခန်းဖော်က အသားကျလို့ နေပြီထင်သည်။

"အင်း...နိုးပြီနော်။ အခုလာခဲ့မယ်"

အိပ်ချင်မူးတူးနဲ့ မက်ဆေ့ခ်ျလေးတစ်စောင် ပြန်ပို့ပြီး မပွင့်တစ်ပွင့် မျက်လုံးတစ်စုံကို လက်ဖမိုးဖြင့် ပွတ်လိုက်ကာ အိပ်ရာမှ ထထိုင်လိုက်၏။ မျက်လုံးမပွင့်သော်လည်း အကျင့်ရနေသော လက်ချောင်းတို့က ကွန်ပျူတာ ပါဝါခလုတ်ကို နေရာအတိအကျ မှတ်မိနေကြပြီ။ သူမအတွက် အခန်းမီးအလင်းရောင်လည်း မလိုအပ်။ နေရောင်ခြည်လည်း မလိုအပ်။ လက်ချောင်းများက ပါဝါနေရာကို မှတ်မိနေရန်သာ လိုအပ်သည်။ ခဏကြာတော့ ၀င်းဒိုးတက်လာပြီး Screen တစ်ခုလုံး သဲသဲကွဲကွဲ မြင်လာရသည်။

" ဘာလုပ်နေတာလဲကွာ။ ကြာတယ်"

နောက်ထပ် ဖုန်းမက်ဆေ့ခ်ျလေးတစ်ခု ရောက်လို့လာပြန်ပြီ။ သူမ မျက်လုံးလေးတွေ ပြုံးရောင်သန်းသွား၏။

"ကွန်ပျူတာ ဖွင့်နေတယ်လေ။ ခဏလေးနော်။"

မက်ဆေ့ခ်ျပို့အပြီးမှာပဲ သူမရဲ့ လက်ချောင်းလေးတွေက ပွိုင့်တာကို ဂျီတော့ အိုင်ကွန်လေးပေါ်သို့ ရွေ့လျားသွားပြီး နှစ်ချက်ဆက်တိုင် ကလစ်လုပ်လိုက်သည်။ ဒီလိုမနက်စောစောအချိန်တွေမှာ ဘယ်သူကများ သူမကို စကားပြောဖို့ ရှိနေမှာတဲ့လဲ။ ထိပ်ဆုံးက မီးစိမ်းလေးကို ပွိုင့်တာထောက်လိုက်တော့ ပန်းသီးပေါ်မှာ လိပ်ပြာလေးတစ်ကောင်... သူမ နှုတ်ခမ်းပါးလေးတွေက ကွေးညွှတ်လို့...။

Butterflyး ဟိုင်း... ဂွတ်မောနင်းပါ ချစ်သူ

ချက်ဘောက်စ်လေးကနေ စာတန်းလေးတစ်ကြောင်း တက်လာသည်။

Appleး ဂွတ်နိုက်ပါ... မောင်

ကမ္ဘာတစ်ခြမ်းစီမှာ ရှိနေပေမယ့် ရင်ခုန်သံခြင်းထပ်တူကျနေတာကို ဘယ်သူကလာပြီး တားမြစ်လို့ ရနိုင်မှာတဲ့လဲ။ ကမ္ဘာဦးကတည်းက အချစ်မှာ မျက်စိမရှိခဲ့ဖူးလေ။

Butterflyး ပျော်ရွှင်ဖွယ်ရာ နေ့လေးတစ်နေ့ ဖြစ်ပါစေနော်။ ရူးအောင် ချစ်တယ်...

နောက်ထပ် စာကြောင်းလေးတစ်ခု ထပ်ရောက်လာပြန်ပြီ။ အသက်မရှိပေမယ့် အသက်ရှိနေတဲ့ သူတစ်ယောက် ရိုက်လိုက်တဲ့ ဒီစာလုံးလေးတွေကို သူမစွဲလန်းမိသည်။ ပိတ်ရက်တွေမှာ တစ်ယောက်တစ်လှည့် အိပ်ပျက်ခံလို့ ပြောဖြစ်ခဲ့ကြတဲ့ စကားသံလေးတွေကို သူမမြတ်နိုးသည်။ Webcam ထဲမှ လှုပ်ရှားပြုမူပုံတွေကို သူမ ရိုးမသွားအောင် ချစ်သည်။ မနက်ခင်းတိုင်း မှန်မှန်နှိုးတတ်တဲ့ မက်ဆေ့ခ်ျလေးတွေကို သူမမက်မောမိနေသည်။ ကမ္ဘာတစ်ခြမ်းမှာနေ့ ကမ္ဘာတစ်ခြမ်းမှာည...ဒါပေမယ့် သူမအတွက်တော့ သူကနေ့ဆိုလျှင်နေ့၊ သူကညဆိုလျှင်လည်း ညပဲပေါ့။

Appleး ကောင်းကောင်းအိပ်ပျော်ပါစေ။ ကျောင်းချိန်မတိုင်ခင် နာရီဝက်နေရင် နှိုးလိုက်မယ်နော်

မနက်တိုင်း အချိန်မှန်မှန် နှိုးတတ်တဲ့ သူမရဲ့ နှိုးစက်အတွက် နေ့လည် ဆယ့်နှစ်နာရီခွဲတိုင်း သူမကိုယ်တိုင် နှိုးစက်ပြန်ဖြစ်ရသည်။ သို့သော်လည်း နှိုးစက်တာဝန်အတွက် သူမပျော်ပါသည်။ သူလည်း ပျော်နေလိမ့်မည် ထင်သည်။

Butterflyး ကေကေ... ဒါဆိုအိပ်ပြီနော်။ ပြီးရင် မျက်နှာသစ်။ မနက်စာစား။ ရုံးသွားရင် မက်ဆေ့ခ်ျပို့ခဲ့ဦး

အနားမှာ မရှိပေမယ့် အနားမှာရှိသလို ထောင့်စေ့အောင် ဂရုစိုက်တတ်တဲ့ သူ...။ စာလုံးတိုင်းမှာသာ အချစ်တွေပါရင် သူမရဲ့ တစ်ကိုယ်လုံး သူ့ကိုချစ်တဲ့အချစ်တွေချည်းပဲပေါ့...။

Appleး ဟုတ်... ဒါဆို အိပ်တော့နော်။ အောက်တော့။

Butterflyး အိုကေ

အော့်ဖ်လိုင်း ဖြစ်သွားတဲ့ ပန်းသီးပေါ်က လိပ်ပြာလေးကို ကြည့်ရင်း သူမတစ်ယောက် လှပသော နေ့ရက်တစ်ခုအတွက် အားယူလိုက်သည်။ သူမအနားမှာ ပန်းသီးပေါ်က လိပ်ပြာလေး ရှိနေမှဖြစ်မည်။ သည်လိပ်ပြာလေးက သူမအတွက် ပြည့်စုံခြင်းတွေကို ဆောင်ကျဉ်းခဲ့ပြီလေ။

"လိပ်ပြာလေးရယ်... မင်းပျံသန်းသွားမယ့်နေ့ကို ကိုယ်ရင်မဆိုင်ရဲပါဘူး..."

လိပ်ပြာဆိုတာ ပန်းပွင့်လေးတွေပေါ်မှာပဲ နားတတ်တာ သဘာဝလေ။ ဒါပေမယ့် သူမရဲ့ လိပ်ပြာလေးကတော့ ပန်းသီးလေးပေါ်မှာ နားတယ်တဲ့။ ဘာလို့လဲဆိုတော့ ပန်းသီးနီနီ ဆိုတဲ့ ဂျီတော့ပိုင်ရှင် ကောင်မလေးကို ချစ်ခဲ့မိလို့တဲ့လေ။ သူ့ရဲ့ စိတ်ကူးယဉ်လိုလို ကဗျာဆန်ဆန် အတွေးတွေထဲမှ သူမကတော့ မျက်လုံးလေး အ၀ိုင်းသားနဲ့ နားထောင်ခဲ့ရသည်။ သူမကရော... ပန်းသီးပေါ်မှာ နားတဲ့ လိပ်ပြာလေးတစ်ကောင်ကို နှစ်သက်မြတ်နိုးခဲ့သည်ပဲ မဟုတ်လား။ တစ်နေ့တစ်နေ့ ဂျီတော့ဖွင်တဲ့အချိန်မှာ သူမအမြင်ချင်ဆုံးအရာဟာ ပန်းသီးပေါ်က လိပ်ပြာလေး တစ်ကောင်ဟု ပြောရင် သူမငြင်းမိမည် မထင်ပါ။

.....................

အခန်း ( ၃ )

ငှက်တို့ရဲ့သဘောက အတောင်စုံရင် ပျံတယ်တဲ့။ ဒါဆိုရင် လိပ်ပြာလေးတွေကရော... ၀တ်မှုံဝရင် ပျံကြမှာပေါ့။ ၀တ်မှုံလေးတွေကြိုက်တဲ့ လိပ်ပြာလေးတွေက ပန်းသီးတစ်လုံးပေါ်မှာ ဘယ်လောက်ကြာကြာ နားနေနှိုင်မှာတဲ့လဲ။ ပန်းပွင့်လှလှလေးတွေ တွေ့တဲ့အခါ ကူးကာသန်းကာ ၀ဲပျံသွားကြတယ်ဆိုတာ လိပ်ပြာလေးတွေရဲ့ အမှားတော့လည်း မဟုတ်ပါဘူးနော်။

ရောင်စုံပန်းလှလှလေးတွေ ကြားထဲမှာ ပျော်ရွင်နေပါစေလို့ ဆုတောင်းပေးနေပါတယ် လိပ်ပြာလေးရယ်...

သူမရဲ့ နံနက်စောစော နှိုးစက်ကလေး ရပ်ဆိုင်းသွားခဲ့တာ တစ်နှစ်နီးပါးကြာခဲ့ပြီ။ သူမလည်း မေးလ်အသုံးပြုဖို့ကလွဲရင် ဂျီတော့ဆိုတာကို အထိအတွေ့မရှိတော့တာ ကြာခဲ့ပြီပေါ့။ မသိစိတ်ရဲ့ လှုံ့ဆော်မှုတစ်ခုက လက်ချောင်းလေးတွေကို ပါဝါခလုတ်ဆီကို တွန်းပို့သွားပြန်ပြီလေ။ အခုမှ မနက် ၁၀း၀၀။ ဒီအချိန် ဘယ်သူတွေ ဂျီတော့မှာ ရှိနိုင်မှာ မိုလို့လဲ။ သူမမသိခဲ့တာ တကယ်ကို ကြာခဲ့ပါပြီလေ။

အလေ့အကျင့်မရှိတော့သော လက်ချောင်းတို့က အယောင်ယောင်အမှားမှားဖြင့် ဘယ်အရာကိုဖွင့်လို့ ဖွင့်ရမှန်းမသိတော့အောင် သူစိမ်းဆန်နေကြသည်။ Desktop ပေါ်က ဂျီတော့ဆိုသည့် အိုင်ကွန်လေးကို မရဲတရဲဖွင့်ကာ Scroll Bar လေးကို ပေါ်အောက်အသာလိမ့်ကြည့်မိ၏။

ပန်းသီးပေါ်ကနေ အဝေးကိုပျံသန်းခဲ့တဲ့ လိပ်ပြာလေးတစ်ကောင်... သူမ ဆွံ့အစွာ ငေးငိုင်နေမိသည်။ တမ်းတစိတ်ဖြင့် မျှော်လင့်မိသော်လည်း ပြန်လည်တွေ့ရလိမ့်မည်ဟုတော့ ဘယ်တုန်းကမှ သူမ မထင်မှတ်ခဲ့။

Butterflyး ဟိုင်း.... နေကောင်းလား။ မတွေ့တာတောင် ကြာပြီနော်

တုန် တုန် ဆိုတဲ့ အသံကလေးနဲ့ သူမမျက်စိရှေ့ကို တက်လာကြတဲ့ စာလုံးလေးတွေက ဟိုးအရင်ကလို နွေးထွေးမှုတွေမရှိတော့။ သူမ ဘာပြန်ပြောရမည်လဲဟု တွေဝေနေမိသည်။ ပြန်နှုတ်ဆက်ရမည်လား။ မသိသလိုနေသည်က ကောင်းမည်လား။ ချီတုံချတုံဖြင့်... နောက်ဆုံးတော့လည်း သံယောဇဉ်က သူမ၏စိတ်ကို အနိုင်ယူသွားကြသည်။

Appleး ဟုတ်ကဲ့ နေကောင်းပါတယ်။

စာရိုက်သံလေးတွေ တင်္ဒဂ တိတ်ဆိတ်လို့သွားရပြန်သည်။

Butterflyး အလုပ်များနေတာလား

Appleး မဟုတ်ပါဘူး... နင်ရော အခုဘာမှာလဲ။

သိချင်လွန်းသည် မဟုတ်သော်လည်း စကားရှာကာ မေးမိသည်။

Butterflyး ဟား ဟား... ငါက မြန်မာပြည်ပြန်ရောက်နေပြီလေ။ တစ်ခါတစ်ခါတော့လည်း အရင်တုန်းက နေရာလေးတွေကို လွမ်းမိသား။ နင်ရော ပြန်မလာတော့ဘူးလား။ ဘယ်တော့ ပြန်လာမှာလဲ။

Appleး သြော်... မပြောတတ်သေးပါဘူး...

အရင်တုန်းက နေရာလေးကို လွမ်းသတဲ့လား။ လွမ်းဖော်ရတဲ့အတွက် ကျေးဇူးတင်ရပါတယ် လိပ်ပြာလေးရယ်။ ငိုချင်သလိုလို၊ ပျော်သလိုလို သူမရဲ့စိတ်တို့က မငြိမ်သက်။ သူမဘာလို့ ဒီနေ့မှ ဂျီတော့ဆိုတဲ့ အရာကို သတိရမိပါသလဲ။ အိပ်ပျော်နေသော နှလုံးသားတစ်ခုကို ဘာကြောင့် ပုတ်ခတ်လှုပ်နှိုးမိပါသလဲ။ သူမ မခံစားချင်တော့။ တစ်ခါတစ်လေမှာ ဘာမှမသိတာက သိတာထက် ပိုကောင်းသည်တဲ့။ ရာနှုန်းပြည့် မှန်ကန်ကြောင်း သူမနားလည်လိုက်သည်။

Appleး အောက်တော့မယ်နော်။ နောက်ကြုံရင်တော့ တွေ့မှာပေါ့။ တာ့တာ

Butterflyး အောက်တော့မလို့လား။ ကေကေ..ဘိုင်...

ပန်းသီးပေါ်က လိပ်ပြာလေးတစ်ကောင်ကို သေသေချာချာ ကြည့်လိုက်ပြီး Right Click ထောက်ကာ Save as my picture ဆိုသော စာတန်းလေးကို ရွေးလိုက်မိသည်။ စိတ်တိုင်းကျ ပြုမူပြီးသည်နှင့် ဂျီတော့ကို တစ်ခါတည်း အောက်လိုက်မိသလို ကွန်ပျူတာကိုပါ ပိတ်လိုက်မိသည်။ ရင်ဘတ်ထဲမှာတော့ ဟင်းလင်းပြင်တစ်ခုသာ ကျန်ရစ်ခဲ့သည်။

သူမ၏အသိမှာတော့ လိပ်ပြာလေးတစ်ကောင် ပန်းသီးပေါ်တွင် ထာဝရနားနေတော့မည်လေ။


.....................................

လွမ်းသုရင်
၁၅ ဖေဖော်ဝါရီ ၂၀၀၉

ပုံကို Forward Mail မှရယူပါသည်။

Tuesday, January 27, 2009

လှတဲ့နေ့များ၏ အဆုံးသတ်

( ၁ )

စောစောစီးစီး အိပ်ရာကထ၊ မျက်နှာသစ်ပြီးသည့်နောက် မှန်တင်ခုံပေါ်တင်ထားသည့် မိုးပြာရောင် ဖိတ်စာလေးကို ပြန်ကြည့်နေမိသည်။ သည်လိုနေ့ဆိုလျှင် အသစ်စက်စက် မင်္ဂလာမောင်နှံ ဖြစ်တော့မည့် သတို့သားနှင့် သတို့သမီးခမျာ ပင်ပန်းသည့်ကြားကပင် ပျော်ရွှင်နေကြ မည်ပေါ့...။မင်္ဂလာပွဲသွားဖို့အတွက် ကြိုတင်အချိန်ယူကာ ပြင်ဆင်ရဦးမည်။ ဖြူ့အတွက်တော့ အပေါ်ယံအလှအပတွေ အများကြီး မလိုအပ်တော့ပါဘူး။ စိတ်ရဲ့ အေးချမ်းမှုကိုပဲ မက်မောတတ်နေပါပြီ။

မြန်မာဆန်ဆန် မင်္ဂလာပွဲမို့ အဖြူရောင်ဖျော့ဖျော့ မြန်မာအင်္ကျီ ခါးတင်ရင်စေ့လက်ဆကနှင့် ချိတ်လုံချည် အဖြူရောင်ကို ရွေးချယ် ၀တ်ဆင်ပြီးနောက် ကျောလယ်ထိအိကျနေသော ဆံစတို့ကို ဘီးနှင့်သိမ်းယူကာ တစ်ဝက်ကို ခပ်ပါးပါး ပြန်ဖြန့်ချပြီး တစ်ဝက်ကို ကလစ်နှင့် ညှပ်သိမ်းလိုက်သည်။ အားလုံးပြီးပြီဟု ယူဆရသောအချိန်တွင် ကိုယ်လုံးပေါ်မှန်ရှေ့ ရပ်ကာ ဘာများလိုနေသေးလဲဟု ရှေ့နောက်ပြန်လှည့် ကြည့်နေမိသည်။ မျက်နှာကိုလည်း သေချာကြည့်ရသည်။ မိတ်ကပ်က ပါးပါးလေးမို့ သူများမင်္ဂလာပွဲမှာ လူမမာပုံစံ ဖြစ်နေမှာလည်း စိုးရသေးသည်လေ။

ကိုယ့်ကိုယ်ကို ကျေနပ်လောက်ပြီဟူသော အနေအထားတစ်ခု ရှိသောအခါ ဖိတ်စာလေးကို သေသေချာချာ တစ်ချက်ပြန်ကြည့်မိ၏။

ဒေါက်တာတည်မြဲခိုင် နှင့် မနန်းစန္ဒီ တို့၏ မင်္ဂလာဧည့်ခံပွဲ

ဒီမင်္ဂလာပွဲအတွက် ဖြူ့မှာ လုံလောက်သော ခံနိုင်ရည် ရှိပါ့မလား။ ကြိုတင်ပြင်ဆင်ထားပြီးသား ဆိုပေမယ့်လည်း စာတွေ့ဟာ လက်တွေ့ကို အထောက်အပံ့သာ ဖြစ်စေမှာပါ။ တစ်ခါမှ မမြင်ဖူးတဲ့ မေးခွန်းတစ်ခုအတွက် လျှပ်တပြက်ဖြေရှင်းနိုင်တဲ့ ဖြတ်ထိုးဥာဏ်တွေ ဖြူ့မှာ ရှိပါ့မလား။ တစ်ကိုယ်တည်း မေးခွန်းတွေ ပြန်ထုတ်နေမိသည်။ သို့သော်လည်း ဆုံးဖြတ်ချက်တစ်ခုအတွက် ဘယ်သောအခါမှ နောက်မဆုတ်ခဲ့သည့် ယုယဖြူ၏ ခြေလှမ်းများသည် မဆုတ်မတွန့် ရှေ့သို့သာ...

"ဒီနေ့ဟာ မောင်၊ ဖြူ နဲ့ နန်းစန္ဒီတို့အတွက် လှတဲ့နေ့လေးတစ်နေ့ပေါ့"

........................................

( ၂ )

မင်္ဂလာခန်းမ အပြင်ဘက်ကို ရောက်ကတည်းက မင်္ဂလာဆောင်သို့လာသော ကိုယ်ပိုင်ကား အမျိုးအစားပေါင်းစုံကို တန်းစီလျက် တွေ့မြင်ရသည်။ ခန်းမ အ၀င်ဝမှာတော့ စားပွဲရှည်ကြီးတစ်ခုပေါ်မှာ အရွယ်အစားစုံသည့် မင်္ဂလာလက်ဖွဲ့ပစ္စည်းများ...။ ခပ်ချောချော မိန်းမပျိုလေးနှစ်ယောက်က လက်ဖွဲ့များကို သေသေချာချာလက်ခံယူပြီး ကျေးဇူးတင်ပါသည်ဟု ရေးထားသော အမှတ်တရ ကဒ်လေးများကို ပြန်ပေးနေ၏။ ဖြူလည်း သူများနည်းတူ လက်ဖွဲ့ပစ္စည်းကို စားပွဲပေါ်တင်လိုက်ရင်း ကဒ်လေးတစ်ခု ယူလိုက်သည်။

ခန်းမရဲ့ ထိပ်ဆုံး စင်မြင့်ပေါ်မှာ အနီရောင်အောက်ခံ၌ အဖြူရောင် ပန်းစာလုံးကြီးများဖြင့် ရေးထားသော သတို့သား၊ သတို့သမီးနာမည်များက ခန့်ညားလှပနေ၏။ ဧည့်ပရိတ်သတ်အတွက် ပြင်ဆင်ထားသည့် အဖြူရောင်သန့်သန့် စားပွဲခင်းများနှင့် စားပွဲဝိုင်းကြီးများ၊ ကောဇောအနီရောင် ခင်းထားသည့် အလယ်လူသွားလမ်းတစ်လျှောက် အလှမွမ်းမံထားသည့် ပန်းရောင်စုံလေးများ၊ နှစ်ဖက်မိတ်ဆွေများ၊ လူကြီးမိဘများနှင့် ကျယ်ဝန်းသော ခန်းမကြီးကတော့ ကျက်သရေအပေါင်းနှင့် ပြည့်စုံလျက်။

ကိုယ်နဲ့လည်း ဘယ်သူမှ မရင်းနှီးသည်မို့ ဖြူတစ်ယောက် သတို့သား၊ သတို့သမီးထွက်လာမည့် လမ်းဘေးကျကျ စားပွဲဝိုင်းတစ်ခုမှာ ၀င်ထိုင်လိုက်သည်။ လူဆယ်ယောက်စာ စားပွဲဝိုင်းကြီးမှာ ဖြူနှင့်ပါဆိုလျှင် ငါးယောက်မျှသာ ရှိဦးမည်။ အခမ်းအနားစရန်အချိန်ကလည်း မလိုတော့ပြီမို့ ဧည့်သည်များလည်း တစ်ဖွဲဖွဲရောက်ရှိလာကြသည်။ ဧည့်သည်များ စုံသလောက်ရှိတော့မှ တစ်ခါမှ မပြင်ဆင်မိခဲ့သော အခြေအနေတစ်ခုကို ဖြူသတိထားမိလိုက်ရတော့သည်။ တစ်ချက်တစ်ချက် ဖြူ့ဆီလာရောက် နှုတ်ဆက်တတ်သော ကျောင်းတုန်းက မောင့်သူငယ်ချင်းတွေ...

ဖြူ့ကိုတော့ အားနာ၍ပဲလားမသိ ဘာမှမမေးမြန်းသော်လည်း သူတို့မျက်လုံးတွေက အဓိပ္ပါယ်ပေါင်း များစွာ...။ သူတို့ဘာတွေ တွေးနေသည်ကို ဖြူမသိ။ ဘယ်လိုဖြစ်ရတာလဲဆိုသည့် အံ့သြသည့် အကြည့်လည်း ဖြစ်နိုင်သည်။ ကိုယ့်ကိုစွန့်ခွာသွားသည့် ချစ်သူဟောင်း၏ မင်္ဂလာပွဲကို တစ်ယောက်တည်း လာခဲ့သော မိန်းမတစ်ယောက်ကို သည်မိန်းမ မျက်နှာပြောင်တိုက်ချည်လားဟု တွေးချင်လည်း တွေးနိုင်သည်။ မယုယဖြူ..တစ်ယောက်တည်းလားဟူသည့် နှုတ်ဆက်မေးခွန်းတွေကို ဖြူပြုံးလို့သာ နေခဲ့မိသည်။ တစ်ယောက်တည်းပဲပေါ့ဟု ပြန်ဖြေရမည်လား။ တကယ်လည်းတစ်ယောက်တည်း မှန်နေပေမယ့် တစ်ချိန်က တည်မြဲခိုင်နှင့် ယုယဖြူကို နှစ်ကိုယ့်တစ်စိတ်လို့ သိခဲ့ကြသည့် သည်အသိုင်းအ၀ိုင်းထဲမှာ ဖြူ့အတွက် အဖြေရခက်လှသည်။

ငယ်သူငယ်ချင်းတစ်ဖြစ်လဲ ချစ်သူဟောင်း၏ မင်္ဂလာပွဲကို လာခဲ့သည်ဖြူက မှားသလား။ မှားသည်၊ မှန်သည် ဖြူခွဲခြားမနေချင်တော့ပါ။ စခဲ့မိပြီမို့ အခြေအနေအရပ်ရပ်ကို ပြုံးပြီးရင်ဆိုင်နိုင်ရမည်။ ယုယဖြူအတွက် ဒီနေ့ဟာ အလှဆုံးအပြုံးကို ပြုံးနိုင်သည့် နေ့ဖြစ်ရမည်။ ဒီနေ့တွင်မှ မပြုံးနိုင်ခဲ့လျှင် ယုယဖြူ၏အပြုံးသည် ဘယ်တော့မှ လှတော့မည်မထင်။

မောင့်မင်္ဂလာပွဲမှာ တစ်ချိန်က သိပ်ချစ်ခဲ့တဲ့ ချစ်သူဟာ ပြုံးနေနိုင်တဲ့သူ ဖြစ်ရပါစေမယ် မောင်...

.............................

( ၃ )

အခမ်းအနားမှုးက မင်္ဂလာအချိန်ကျရောက်ပြီဖြစ်ကြောင်း ကြေငြာပြီးနောက် အလယ်လမ်းအတိုင်း သတို့သား၊ သတို့သမီးနှင့် နှစ်ဖက်မိဘများက တစ်လှမ်းခြင်း ခန်းမထဲသို့ လျှောက်လှမ်းလာကြသည်။

မောင့်လက်ကိုချိတ်ထားသည့် ပန်းနုရောင် မြန်မာသတို့သမီး ၀တ်စုံနှင့် နန်းစန္ဒီက တစ်မျိုးတစ်ဖုံ လှနေပြန်သည်။ ရှေ့တည့်တည့်ကိုသာ ဦးတည်လျှောက်လှမ်းနေတဲ့ မင်္ဂလာမောင်နှံရဲ့ ခြေလှမ်းတွေက ဘယ်ညာညီညီ။ ဖြူ့အနားရောက်တော့ မောင်ရော နန်းစန္ဒီပါ တစ်ပြိုင်တည်းလိုလို ပြုံးပြနှုတ်ဆက်သည်။ သူတို့အပြုံးလေးတွေက အနာဂတ်ကိုသာ ရှေးရှုသွားပြီဖြစ်သော လတ်ဆတ်သည့် အပြုံးများ။ ယုယဖြူဆိုသည့် မိန်းကလေးသည် ဒေါက်တာတည်မြဲခိုင်နှင့် နန်းစန္ဒီတို့၏ အရင်းနှီးဆုံး မိတ်ဆွေဆိုသည်ထက် ဘာတစ်ခုမှ ပိုမည်မဟုတ်သလို ယုယဖြူအတွက်လည်း ငယ်သူငယ်ချင်း ဇနီးမောင်နှံဆိုသည့် အသိနှင့်ပင် လုံလောက်ခဲ့ပါပြီ။ တည်ငြိမ်သော အပြုံးလှလှတစ်ခုဖြင့် တုန့်ပြန်ခဲ့ပါပြီ။

တစ်ချိန်တစ်ခါကတော့ အချစ်ဆုံးချစ်သူနှင့် မင်္ဂလာပွဲတစ်ခုကို ပုံဖော်ကြည့်မိခဲ့ဖူးသည်။ စိတ်ကူးထဲမှာတော့ ဖြူလွလွမင်္ဂလာ ၀တ်စုံနှင့် မောင့်သတို့သမီးသည် ယုယဖြူဆိုသည့် မိန်းကလေးပေါ့။ ဧည့်ပရိတ်သတ်အလယ်မှာ မောင့်လက်ကို အားကိုးတစ်ကြီးချိတ်တွဲလို့ တစ်သက်တာလုံးအတွက် ပုံအပ်ပြီး လျှောက်လှမ်းပစ်လိုက်ချင်ခဲ့သည်။ ချစ်သူနှင့်လက်တွဲနိုင်သော မင်္ဂလာသတို့သမီးတစ်ယောက်၏ အပြုံးသည်လည်း ဖြူ့တစ်သက်တာတွင် အလှဆုံးအပြုံးဖြစ်လိမ့်မည်ဟု ထင်မှတ်ခဲ့ဖူးသည်။

လက်တွေ့မှာတော့ တစ်ချိန်က ဖြူ့ရဲ့ စိတ်ကူးတွေဟာ လှပတဲ့ အိပ်မက်လေးတစ်ခုပေါ့ မောင်ရယ်...။ အိပ်မက်ဆိုတာ နိုးတစ်ဝက် အိပ်တစ်ဝက် စိတ်ဂယောက်ဂယက် အချိန်မှာ ကိုယ့်စိတ်က စွဲလမ်းရာကို ပြန်ပြီးမြင်ယောင်တတ်တဲ့ တစ်ခန်းရပ် ပြဇာတ်ဆန်ဆန် ဇာတ်လမ်းလေးတစ်ခုတဲ့။ ဖြူ အိပ်မက်တစ်ခုကို မက်ခဲ့တယ်။ အိပ်မက်ရှည်ကြီးပေါ့။ ဒီလိုအိပ်မက်မျိုး မက်လိမ့်မယ်လို့ ကြိုမသိခဲ့ဖူးလေ။ မောင့်ရဲ့ ကြင်နာခြင်း၊ ယုယခြင်း၊ ချစ်ခြင်းတွေက ဖြူ့ဆီကို အိပ်မက်တစ်ခုလို ရောက်ရှိခဲ့သလိုပဲ အိပ်မက်တစ်ခုလို ပျောက်ကွယ်ခဲ့ပါပြီ။

အိပ်မက်ကလေးကို နှမြောမိနေပေမယ့် အိပ်မက်ထဲက မောင့်ရဲ့ ချစ်ခင်ယုယမှုတွေ၊ ဖေးမမှုတွေအတွက် အမြဲတမ်းအမှတ်တရ ကျေးဇူးတင်နေမှာပါ။ ဖြူ့ နှလုံးသားထဲမှာ ထာဝရ သိမ်းဆည်းထားမှာပါ။ ဖြူ့ ဘ၀အတွက် အလှပဆုံး အိပ်မက်ကလေးတစ်ခုကို ဖန်ဆင်းပေးခဲ့ဖူးတဲ့ တစ်ဦးတည်းသော ဖန်ဆင်းသူ၊ စိတ်အစဉ်အားလုံးကို ချစ်ခြင်းမေတ္တာတွေနဲ့ ငြိမ်းချမ်းစေသူ၊ အသက်ထက်ပိုပြီး မြတ်နိုးတန်ဖိုးထားရတဲ့ ချစ်သူ၊ အစားထို့ဖို့ မလွယ်ကူတဲ့ ချစ်သူဟာ "မောင်" တစ်ယောက်တည်းပါပဲ။

...............................

( ၄ )

မင်္ဂလာအခမ်းအနားပြီးဆုံးတဲ့အခါ ဓါတ်ပုံဆရာရဲ့ တဖျတ်ဖျတ် ဖလက်ခ်ျဂန်း မီးရောင်အောင်မှာ သတို့သား၊ သတို့သမီးနဲ့ မိဘဆွေမျိုးတွေ၊ သူငယ်ချင်း မိတ်ဆွေတွေကတော့ ကြည့်နူးပီတိ အပြုံးတွေနဲ့ပေါ့။

ပြန်သင့်နေပြီမို့ ဖလက်ခ်ျဂန်း မီးရောင်တွေကြားမှာပဲ မောင်နဲ့ နန်းစန္ဒီကို သွားရောက် နှုတ်ဆက်လိုက်မိသည်။

" မြဲခိုင်..ငါပြန်တော့မယ်နော်။ မင်္ဂလာဇနီးမောင်နှံ ရာသက်ပန် ပေါင်းရပါစေ..."

ဖြူ့ရင်ထဲက လှိုက်လှဲသော ဆုတောင်းစကားတစ်ခုပါ။

နန်းစန္ဒီကတော့ ခေါင်းငြိမ့်လို့သာ အသိအမှတ်ပြုလိုက်ပေမယ့် မောင်ကတော့ ပြုံးရင်းလက်ဆွဲ နှုတ်ဆက်၏။

"ကျေးဇူးတင်ပါတယ် ဖြူ"

မောင့်လက်တွေက ရင်ထဲမှ ပြောချင်သည့် စကားတွေကို ဖြူ့လက်ဖ၀ါးမှတစ်ဆင့် ပြောခဲ့ကြပါပြီ။

"ရပါတယ်... နင်နဲ့ငါ ထာဝရသူငယ်ချင်းတွေပဲ။ ကျေးဇူးဆိုတာ မလိုပါဖူး။ နန်းစန္ဒီကိုသာ ကောင်းကောင်းချစ်ပါ"

အရည်လဲ့နေသော မျက်ဝန်းနှစ်စုံမှ တောက်ပသော အပြုံးလေးတွေ လွင့်ပျံထွက်လာသည်။

ကိုယ်ချစ်တဲ့ လူတစ်ယောက်ကို မပိုင်ဆိုင်လိုက်ရရင်တောင် မုန်းသူအဖြစ်နဲ့ မစွန့်လွှတ်လိုက်ရတဲ့အတွက် ဖြူကျေနပ်ပါပြီ။ ခမ်းနားလှပသော မင်္ဂလာပွဲတစ်ခု အောင်မြင်စွာ ပြီးဆုံးခဲ့သလို ယုယဖြူရဲ့ တစ်ချိန်က လှပခဲ့သောနေ့စွဲမျာလည်း အပြီးတိုင်အဆုံးသတ်သွားခဲ့ပါပြီ။ တစ်သက်မှာ တစ်ခါသာ မက်ခဲ့ဖူးသော အလှပဆုံး အိပ်မက်လေးတစ်ခုလည်း အမှတ်တရအဖြစ်သာ ရင်မှာကျန်ရစ်ခဲ့ပါပြီ...။

~~ ပြီးပါပြီ ~~

လွမ်းသုရင်
၂၇ ဇန်န၀ါရီ ၂၀၀၉


မှတ်ချက်။ ။ အစအဆုံး ဖတ်လိုလျှင်-

ဆန္ဒတစ်ခုနှင့် ရပ်တည်ခဲ့သော နေ့စွဲများ (အခန်းဆက်ဝတ္ထုရှည်)
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
ဇာတ်သိမ်းပိုင်း

Saturday, December 13, 2008

ချစ်သူနမ်းသော နှုတ်ခမ်းတစ်စုံ

Justify Full( ၁ )

သီတင်းကျွတ်ပြီ
မိုးလေကင်းလွတ်တော့မည်
မီးပုံးပျံလွှတ်ကြရအောင်
မီးစာကိုရေနံဆွတ်ထားပါ
မှိုင်းဝမှလွှတ်ပါ...

ခေါင်းရင်းအိမ်မှ ကလေးတစ်ယောက် စာကျက်နေသည်ကို အိမ်ရှေ့ဒါန်းပေါ်ထိုင်ရင်း စာအုပ်ဖတ်နေသည့် ဖြူတစ်ယောက် အတိုင်းသားကြားနေရသည်။

သီတင်းကျွတ်ပြီ... မိုးလေကင်းလွတ်တော့မည်... တဲ့

ကလေးငယ်ကျက်နေတဲ့ စာပိုဒ်လိုပါပဲ။ တကယ်လည်း သီတင်းကျွတ်ခဲ့ပါပြီ။ ကလေးတွေကတော့ သီတင်းကျွတ် ကျောင်းပိတ်ရက်မို့ ပျော်ကြသည်။

လွတ်လွတ်လပ်လပ် စာမကျက်ပဲ ဆော့ကစားကြသည့် ကလေးတွေရှိသလို ကျောင်းပိတ်ရက်ရှည်မှာ မိဘတွေနဲ့ ခရီးသွားတတ်ကြသည့် ကလေးတွေလည်းရှိသည်။ ကျောင်းသားအရွယ်မှာ စာကြမ်းပိုးဟု အခေါ်ခံရတတ်သည့် ကလေးများကတော့ ကျောင်းပိတ်ရက်ရှည်ကို အကျိုးရှိရှိအသုံးချလို့ ကျောင်းသင်ခန်းစာ ပြန်လှန်လေ့ကျင့်ခန်းတွေ လုပ်နေလိမ့်မည်။ မည်သို့ပင်ဆိုစေ ကျောင်းသားဘ၀သည် အင်မတန်မှ လွတ်လပ်သည်။ ဖြူစင်သည်။ အေးချမ်းသည်။ စာမေးပွဲဆိုသည့် အာရုံတစ်ခုမှလွဲပြီး မည်သည့်အရာကိုမှ ကြောင့်ကြနေစရာမလို။ ပေါ့ပါးလွန်း၏။

စိတ်ရှိတိုင်းသာ တွေးတောပြီး နောက်ပြန်ဆွဲငင် ယူနိုင်ပါလျှင် အားလုံးကို နောက်ပြန်ဆွဲချင်ပါသေးသည်။ အရာရာကို ပြောင်းပြန်ပြန်ပစ်ချင်မိသေးသည်။ ကျောင်းသားဘ၀ကို ပြန်လိုချင်သည်။ တစ်ချိန်ချိန်တွင် ချစ်သူဖြစ်လာနိုင်သော သူငယ်ချင်းနှင့်လည်း မဆုံဆည်းစေဖို့ ရည်ရွယ်သည်။ ဆုံဆည်းစေခဲ့ဦးတော့ သံယောဇဉ်ကြိုးကို အခင်ဆုံးသူငယ်ချင်း အဖြစ်သာ ရပ်တန့်စေမည်။ ချစ်သူအဖြစ်လည်း လက်မခံမိစေဖို့ ကြိုးစားမိမည်။ သို့သော်လည်း ဖြစ်ခဲ့ပြီးသမျှသည် နောက်ပြန်ဆွဲကာ ပြောင်းလဲပစ်ရန် မဖြစ်နိုင်သလို မဖြစ်ခဲ့ဖူးဟုလည်း သတ်မှတ်၍ မဖြစ်နိုင်ပါ။ စိတ်ထဲတွင် မေ့သင့်မေ့အပ်ပြီဆိုသည့် အသိနှင့်သာ ပြည်ဖုံးကားချထား၍ ရမည်။ မှုန်ဝါးဝါးတော့ စွဲထင်ကျန်ရစ်မည်သာ။

xxxxx

"မမဖြူရေ...မမဖြူ"

ခြံတံခါးဝဆီမှ ခေါ်သံကြားရ၍ သတိပြုမိသောအခါ တစ်လမ်းကျော်မှ နွေးနွေး...။ လက်ထဲတွင်လည်း စာအိတ်လိုလို အရာတစ်ခုကို ကိုင်ထားသေးသည်။

"ဟော..ဒေါ်နွေးနွေး၊ မတွေ့တာတောင်ကြာပေါ့။ ဘယ်တွေပျောက်နေတုန်း။ လာ လာ အိမ်ထဲဝင်ပါဦး"

ခြံတံခါးလည်းဖွင့်ရင်း နွေးနွေးကို အိမ်ထဲခေါ်ရသည်။ နွေးနွေးတို့ မိသားစုနှင့် ဖြူတို့မိသားစုမှာ တစ်ရပ်ကွက်တည်း အနေကြာသည်နှင့်အမျှ လွန်စွာရင်းနှီး ကျွမ်းဝင်ကြသည်။ ဖြူနှင့်ဆိုလျှင်လည်း အထက်တန်းကျောင်းတစ်ကျောင်းတည်း တက်ခဲ့သူ။ သို့သော် ဖြူကနွေးနွေးထက် အသက်နှစ်နှစ်ခန့် ပိုကြီးသည်။ ညီအစ်မလိုလည်း ခင်ရသလို၊ သူငယ်ချင်းဆိုလည်း မမှားပါ။

"ကဲ..ပြော မရွှေချော...ဘာလို့အခုမှ ပေါ်လာတာလဲ"

"အဟဲ...မမဖြူကလည်း မသိတာကျလို့။ သီတင်းကျွတ်ပြီလေ"

"ဟောတော့...သီတင်းကျွတ်တာပဲ ဘာဖြစ်တုန်း"

မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့် ရှက်စနိုးပြုံးနေသော နွေးနွေး၏ ပါးပြင်နှစ်ဖက်က ပန်းသွေးရောင် သန်းနေ၏။ သူဘာအတွက် လာသည်ကို ဖြူသိပါသည်။ စလိုသောကြာင့်သာ တမင်မသိသလို လုပ်နေခြင်းဖြစ်သည်။

"ဟင်..မမဖြူကတော့ လုပ်ပြီ။ ဒါကြောင့်လည်း အပျိုကြီး ဖြစ်နေတာ။ အဲ့ဒီလို မသိချင်ယောင် ကြပ်ကြပ်ဆောင်။ အပျိုကြီးဖြစ်မယ် သိလား"

"အမယ် အပျိုကြီးဖြစ်တာပဲ ဖြစ်ပစေပေါ့။ ဘာဖြစ်သေးလဲ"

အသက် နှစ်ဆယ့်ရှစ်နှစ်စွန်းရုံမျှနှင့် အပျိုကြီးအခေါ်ခံရသည့်အတွက် အောင့်သက်သက်ရှိသော်လည်း ဟုတ်တော့လည်း ဟုတ်နေပြန်သည်မို့ နွေးနွေးအား မျက်စောင်းတစ်ချက်ထိုးကာ ပြန်ပြောမိသည်။

"မမဖြူကလည်း ချစ်လို့စတာကို။ ဒီမှာ လာတဲ့အကြောင်းက ပျောက်တော့မယ်။ ဒီအပျိုကြီးနဲ့တော့ ခက်ပါတယ်"

"ဒါဆိုလည်း ပြော.."

"ဒီမှာလည်း ကြည့်ပါဦး"

နွေးနွေးကပြောရင်း သူ့လက်ထဲမှ ဖိတ်စာ စာအိတ်လေးကို ထိုးပေးတော့သည်။ ဖိတ်စာလေးကတော့ ရေးမွှေးနံ့ အသင်းသား...။ အထဲမှ ဖိတ်စာကဒ်ကို ထုတ်ကြည့်မိတော့ သတို့သား၊ သတို့သမီးနာမည်နှင့် မင်္ဂလာဧည့်ခံပွဲဆိုသည့် ငွေရောင်ဖောင်းကြွ စာလုံးလေးများက သပ်ရပ်လှပလျက်...။

"လာဖြစ်အောင် လာပါနော် မမဖြူ၊ အန်တီတို့ကိုတော့ နီးမှ ထပ်လာပြောတော့မယ်"

"သြော်.. အေးပါ။ လာမှာပေါ့။ ကိုယ့်ညီမ မင်္ဂလာဆောင်ပဲဟာ"

ဖိတ်စာလေးကို ကြည့်ကာ မှင်သက်နေရင်းမှ နွေးနွေးကို ပြန်ပြောမိသည်။

"ဒါဆိုလည်း ပြန်တော့မယ်နော် အပျိုကြီး။ သွားစရာလေးရှိလို့... ဟဲ ဟဲ"

"ဟယ်...ဒီကောင်မလေးတော့"

စရင်းနောက်ရင်းက ပြေးထွက်သွားသည့် နွေးနွေးကတော့ ပျော်နေပုံရသည်။ အင်းပေါ့လေ...ချစ်တဲ့သူနဲ့ အတူနေရမည့်အရေးကို ဘယ်သူက မပျော်ပဲ ရှိပါ့မလဲနော်။ ဖိတ်စာလေးကို သေချာပြန်ကြည့်ရင်း ဖြူတစ်ယောက် မုဒိတာပွားနေမိသည်။ နှစ်ကိုယ်တူ ချစ်သောသူချင်း ပေါင်းဖက်မိကြတော့လည်း အရာရာဟာ ပျော်စရာတွေပဲ ဖြစ်နေမှာပါ။

သီတင်းကျွတ်ပြီတဲ့.. မင်္ဂလာဖိတ်စာလေးတွေ ပလူပျံအောင် ရောက်လာတော့မှာပေါ့။ အဲ့ဒီလို ရောက်လာမယ့် ဖိတ်စာတွေထဲမှာ အချစ်ဆုံး သူငယ်ချင်းလို့ ပြောင်းလဲ သတ်မှတ်ထားသော မောင့်မင်္ဂလာဖိတ်စာရော ပါလာနိုင်သလား။ မောင့်ချစ်သူ နန်းစန္ဒီနှင့်ရော လက်ထပ်ဖြစ်ရဲ့လား။ ဖိတ်စာတောင် မရောက်လိုက်ဘဲ လက်ထပ်သွားပြီလား။ မောင်နှင့်မဆုံဖြစ်သည်မှာ ကြာခဲ့ပြီ။ လက်မထပ်ရလောက်သေးဟုတော့ ထင်မိသည်။ လက်ထပ်ခဲ့ဖြစ်လျှင် သူငယ်ချင်း တစ်ယောက်ယောက်ဆီက သတင်းပြန်ကြားနိုင်သည်။ မင်္ဂလာဖိတ်စာ တစ်စောင်သည် မေ့ချင်ဟန်ဆောင်ထားသော မောင့်အကြောင်းကို ပြန်လည်သတိရစေပြီ။

မောင့်သတို့သမီး ဖြစ်ခွင့်မရှိတော့ရင်တောင် အချစ်ဆုံးသူငယ်ချင်း တစ်ယောက်အဖြစ် မောင့်မင်္ဂလာပွဲကိုတော့ တက်ရောက်ခွင့်ရှိချင်သေးသည့် ဖြူကပဲ မိုက်မဲနေပြီလား...ကိုယ်ချစ်တဲ့ ဘ၀လက်တွဲဖော် တစ်ယောက်ကို အပြီးသတ် ဆုံးဖြတ်ရွေးချယ် ပိုင်ဆိုင်သွားနိုင်လို့ ပျော်ရွှင်နေတဲ့ သတို့သားတစ်ယောက်ရဲ့ မျက်နှာပေါ်က အပြုံးကို မျက်ကြည်လွှာ ဓါတ်ပုံအဖြစ် ဖြူ့နှလုံးသားထဲမှာ သိမ်းထားချင်လို့ပါ မောင်ရယ်...

.............................

( ၂ )

ကျောင်းပိတ်ရက် မနက်ခင်းတွေ ဖြစ်တာကြောင့် မနက်စောစော ဈေးသွားသည့် လမ်းတလျှောက် မိခင်နှင့်အတူ ဈေးကိုလိုက်ပါလာကြသည့် ကလေးတွေကိုပါ တွေ့နိုင်သည်။ ဖြူငယ်ငယ်ကလည်း မေမေနှင့်အတူ ဈေးလိုက်ရသည်ကို ပျော်ခဲ့သည်။ ဈေးထဲရောက်လျှင် လက်ညှိုးထိုး၍ စားလိုရာစားနိုင်သည်လေ။ တခါတလေ အခုမုန့်ဟင်းခါး၊ အခုအသုပ်စုံဆိုပြီး စားတတ်သောကြောင့် ဒီကလေး ဗိုက်နာကုန်တော့မှာပဲဟုပင် မေမေလိုက်တားရတတ်သည်ကို သတိရသည်။ အခုတော့ မေမေ့လက်ကိုဆွဲကာ ဈေးလိုက်ရသည့် အရွယ်လည်း မဟုတ်တော့။ ကိုယ်တိုင် ဈေးခြင်းဆွဲကာ ဈေးဝယ်နေရပြီ။ ကလေးဘ၀ကတော့ စိတ်မပါလျှင် မလိုက်ဘဲ ပေကပ်ကျန်ခဲ့၍ ရသေးသည်။ အခုတော့ မိုးလင်းလျှင် ဈေးဝယ်ရမည်မှာ ဖြူ့အတွက် တာဝန်တစ်ခုပမာ။ ကလေးမှလည်း မဟုတ်တော့ပြီကိုးကွယ်...။

"အန်တီကြီး...ဒီမှာ သေသေချာချာ လုပ်ပေးလိုက်တယ်နော်။ အိမ်ရောက်ရင် ရေဆေးပြီး ချက်ရုံပဲ။ ကျေးဇူးနော်...ဟိုဘက်က အစ်မရော...ဘာယူဦးမလဲ။ ငါးခူ၊ ငါးကြင်း၊ ငါးမြစ်ချင်းတွေ လတ်လတ် ဆတ်ဆတ်တွေနော်..."

ငါးတန်းထဲ တိုးဝင်ခဲ့ရင်း ဆိုင်တစ်ဆိုင်ရှေ့အရောက် ဘာဝယ်ရကောင်းမလဲ ကြည့်နေတုန်း ဆိုင်ပေါ်မှာထိုင်လျက် အော်ကာဟစ်ကာ ဈေးရောင်းနေသော မိန်းကလေးက ဈေးခေါ်ခြင်းဖြစ်သည်။ ဈေးသည်မိန်းကလေး၏ အသက်သည် ဖြူနှင့် မတိမ်းမယိမ်းမျှသာ ရှိမည်ထင်သည်။ လူခြင်းတူသော်လည်း အသက်ရှူခြင်း မတူနိုင်ဟု ဆိုကြသည်မှာ မှန်လှပေသည်။

မိန်းကလေး ဈေးအခေါ်ကောင်း၍ပဲလား မပြောတတ်။ ဖြူကိုယ်တိုင်လည်း ငါးခူကြော်ပဲ စားရကောင်းနိုးဟု တွေးနေတုန်း ရုတ်တရက် တစ်စုံတစ်ယောက်မှာ လက်လှမ်းဆွဲလိုက်သည်ကို ခံစားလိုက်ရသည်။

"ဟယ်..သမီးလေး..ဈေးလာဝယ်တာလား။ မတွေ့တာတောင် ကြာပြီနော်။ မေမေတို့ ဖေဖေတို့ရော နေကောင်းကြရဲ့လား"

သည်အသံကို ဖြူကောင်းကောင်း ရင်းနှီးမိပါသည်။ ဖြူ့အပေါ်ကို သမီးအရင်းကလေးလို ချစ်ရင်းစွဲရှိနေသော မောင့်မေမေပဲပေါ့...။

"သြော် ဟုတ်ကဲ့ အန်တီ၊ နေကောင်းပါတယ်"

ဖြူနှင့် မောင့်အကြားတွင် မည်သို့သော အကြောင်းအရာများ ရှိခဲ့စေကာမူ မောင့်မေမေသည် ဖြူ့အားချစ်ခင်မှု မပျက်ခဲ့သလို ဖြူကလည်း ပုံမှန်အတိုင်းသာ ဆက်လက်ဆက်ဆံခဲ့သည်။

"အသက်က ကြီးလာတော့လည်း ဒူးနာ၊ ခါးနာလောက်တော့ ရှိတာပေါ့ သမီးရယ်။ အခုတော့ သားပြန်ရောက်နေပြီဆိုတော့ အဆင်ပြေပါတယ်။ တစ်ခုခုဆိုလည်း သူပဲ ကုပေါ့ကွယ်။ သမီးနဲ့ရော တွေ့သေးလား။ နောက်လ မင်္ဂလာဆောင်နော်။ လာဖြစ်အောင် လာခဲ့။ ညကတောင် ဖိတ်စာရေးတုန်း သမီးနာမည် တွေ့လိုက်သေးတယ်။"

"ဟင့်အင်း မတွေ့သေးဘူး အန်တီ"

"ဟုတ်လား..ဖိတ်စာတော့ လာဖိတ်လိမ့်မယ်။ ကဲ သမီးရေ အန်တီပြန်လိုက်ဦးမယ်။ သားရောက်တုန်း သူကြိုက်တဲ့ ငါးခေါင်းဟင်းချိုချက်ဖို့ လာဝယ်တာ။ သွားပြီနော် သမီးလေး။ နောက်မှ တွေ့ဦးမယ်"

မောင့်မေမေကတော့ မိခင်တို့၏ ထုံးစံအတိုင်း သားအကြောင်းတွေကို ရေပက်မ၀င်ပြောရင်း ကျေနပ်နေရှာသည် ထင်၏။ ကျောခိုင်းထွက်ခွာသွားသော မောင့်မေမေကို ငေးကြည့်ရင်း ဒါဆိုရင်တော့ မောင်ကအခုမှ လက်ထပ်မှာပေါ့ဟု တွေးနေမိသေးသည်။ ထို့နောက် ဖြူလည်း ၀ယ်စရာရှိတာ ၀ယ်ပြီး အိမ်ပြန်လာခဲ့တော့၏။ အပြန်လမ်းမှာတော့ မောင်နှင့် နန်းစန္ဒီအကြောင်းသာ စဉ်းစားခန်း ဖွင့်နေမိတော့သည်။

မောင် ပြန်ရောက်နေသည်တဲ့လား။ မောင်လက်ထပ်မည့် မိန်းကလေးကရော နန်းစန္ဒီပဲလား။ နန်းစန္ဒီမဟုတ်သော အခြားတစ်ယောက်လား။ ဖြူသိချင်ပါသည်။ ဘာရည်ရွယ်ချက်မှတော့ မရှိခဲ့ပါ။ ရိုးသားစွာ သိချင်စိတ် သက်သက်ပါ မောင်...။ဖြူနှင့်လည်း မတွေ့ဖြစ်သေးသည်မို့ စိတ်ထဲတွင်တော့ ဒွိဟဖြစ်နေမိသည်။ ဘာကြောင့်များပါလိမ့်။ တမင်များ ရှောင်နေလေရော့သလား။ နန်းစန္ဒီကပဲ မတွေ့စေသလား။ စိတ်ထဲတွင် လားပေါင်းများစွာပေါ့။ မိန်းကလေးတို့သဘာဝ ကိုယ့်ချစ်သူရဲ့ ရည်းစားဟောင်းနဲ့ အူတိုတတ်တာတော့ အပြစ်မဟုတ်ပါဘူးလေ။ သဘာဝကျပါသည်။ ထို့အတွက် နန်းစန္ဒီကို ဖြူနားလည် ခွင့်လွှတ်ပေးနိုင်ပါ၏။

အရင်တစ်ခါ မောင်နှင့်တွေ့စဉ်ကတော့ နန်းစန္ဒီကို လက်ထပ်ရန် မသေချာတော့ဟု ပြောခဲ့ဖူးသည်။ ဘာကြောင့်များ ထိုသို့ပြောရပါသလဲ။ အကယ်၍များ နန်းစန္ဒီသည် အပြစ်မဲ့စွာ မောင့်ရဲ့ ထားခဲ့ခြင်းကို ခံရပါလျှင် နန်းစန္ဒီနေရာမှနေပြီး ဖြူစိတ်မကောင်း ဖြစ်နေမိသည်။ ဖြူ့ကို မောင်ထားရစ်ခဲ့ခြင်းသည် နန်းစန္ဒီအပေါ်တွင် သစ္စာရှိဖို့သာ ဖြစ်စေချင်သည်။ ယောက်ျားတစ်ယောက်ကို ချစ်မိသည့် မိန်းကလေးတိုင်းကို အသည်းမကွဲစေချင်သည့် ဆန္ဒသက်သက်ပါ မောင်ရယ်...။ ဖြူခံစားရသလို နန်းစန္ဒီမှ မဟုတ်၊ ဘယ်သူကိုမှ မခံစားစေချင်တာတော့ တကယ့်စိတ်ရင်းပါ။ ဖြူ့အနေနဲ့ကတော့ အခုအချိန်မှာ လူတစ်ယောက်ကို မပိုင်ဆိုင်ရလည်း ချစ်တတ်နေပါပြီ။

.........................

( ၃ )

မောင့်မေမေနှင့် ဈေးမှာတွေ့ပြီး သုံးရက်မြောက်သော တစ်ညနေတွင် ဖြူ့ဆီကို မောင်နှင့် နန်းစန္ဒီ ရောက်လာခဲ့သည်။ ဒီတစ်ကြိမ်တွင်တော့ မောင့်မျက်ဝန်းများသည် လင်းလက်တောက်ပလျက်၊ မောင့်အမူအရာသည် ပေါ့ပါးသွက်လက်လျက်။ မင်္ဂလာဆောင်ကာနီး သတို့သားတစ်ယောက်၏ တက်ကြွမှုအပြည့် မောင့်ထံတွင် တွေ့ရသည်။ နန်းစန္ဒီကတော့ အနည်းငယ် အမ်းတမ်းတမ်း ဖြစ်နေသေးတာကြောင့် ဖြူကပဲ မစိမ်းစေဖို့ စကားလမ်းကြောင်းပေးရသည်။

အခုလောလောဆယ်မှာ မင်္ဂလာပွဲအတွက် ပြင်ဆင်နေရသောကြောင့် ဖြူ့ဆီကို မလာဖြစ်သေးခြင်း ဖြစ်ကြောင်း၊ မောင်တို့မိဘဖက်မှလည်း ရန်ကုန်တွင် အသိုင်းအ၀ိုင်းများကြခြင်း၊ မိန်းကလေးဖက်မှလည်း ရှမ်းပြည်တွင် မိတ်သင်္ဂဟများခြင်းတို့ကြောင့် မင်္ဂလာဆောင်ကို နှစ်နေရာခွဲလုပ်မည် ဖြစ်ကြောင်း၊ ငယ်သူငယ်ချင်း တစ်ယောက်အနေဖြင့် မပျက်မကွက် လာစေချင်ကြောင်း စသည်ဖြင့်ပေါ့လေ။ မောင်ကပြောလိုက်၊ နန်းစန္ဒီကပြောလိုက်နှင့် ခဏအကြာမှာ စကားဝိုင်းလေးကတော့ စိုပြေလာခဲ့သည်။ ဖြူ့အတွက်ကတော့ ထွေထွေထူးထူး ပြောစရာမှ မရှိခဲ့တာလေ...။

ဘာပဲဖြစ်ဖြစ် မောင်ပျော်နေလျှင် ဖြူကျေနပ်ပါသည်။ နန်းစန္ဒီကိုလည်း ပျော်စေချင်ပါသည်။ လူတစ်ယောက်ကို ချစ်ခဲ့ခြင်းသည် မုန်းဖို့မှ မဟုတ်ပဲကွယ်။ ချစ်လက်စသည် ဆက်လက်တည်တံ့စေရမည်။ မောင့်ကိုချစ်လျှင် မောင်ချစ်သော မောင့်ချစ်သူကိုလည်း မချစ်နိုင်လျှင်တောင်မှ မုန်းသူမဖြစ်အောင် ကြိုးစားရမည်ပေါ့။ နန်းစန္ဒီလည်း တော်ပါပေသည်။ မောင်နှင့်ဖြူတို့၏ တစ်ချိန်က အကြောင်းအရာများကို မေ့ထားကာ တစ်ခါမှ မတွေ့မမြင်ဖူးသည့် မိတ်ဆွေအသစ် တစ်ယောက်လို ပုံစံမျိုးဖြင့် စိတ်ထားပြီး ဖော်ရွေနိုင်သည့်အတွက် သည်မိန်းကလေးကို ဖြူလေးစားမိသည်။ နောက်တစ်ခုက သူမ၏ ဖြူစင်မှု။ ဖြူ့အပေါ်တွင် အနိုင်ယူလိုခြင်းမျိုး မရှိသည်ကို သူမ၏ မျက်ဝန်းများတွင် တွေ့နိုင်သည်။ မောင်နှင့် ဖြူ၏ စကားဝိုင်းကိုလည်း မနှစ်သက်ဟန်မရှိသလို တစ်စုံတစ်ယောက် အနေရခက်စေမည့် အပြုအမူမျိုးလည်း မပြုခဲ့သည့် အတွက်လည်း ကျေးဇူးတင်ပါတယ် နန်းစန္ဒီ...။

ထိုညနေက ဖြူ့စိတ်တွေ လွတ်လပ်ပေါ့ပါးနေသည်။ မောင်နှင့်ပြတ်စဲပြီးနောက် မောင့်ချစ်သူသည် ဖြူ့အား သူငယ်ချင်းလိုတစ်ဖုံ၊ ညီအစ်မလိုတစ်သွယ် ရန်မဆောင်ဘဲ ဆက်လက် ရင်းနှီးကျွမ်းဝင်ခဲ့သည်ကို မောင်သိပါလျှင် မောင့်အပေါ်တွင် ဖြူမည်မျှချစ်၍ သဘောထားကြီးကာ သည်းခံခဲ့ကြောင်း မောင်နားလည်နိုင်မည် ထင်ပါသည်။ ထို့အတူ နန်းစန္ဒ္ဒီကိုယ်တိုင်လည်း မောင့်ကိုချစ်သောစိတ်နှင့်သာ ခွင့်လွှတ်နားလည် ထားသည်ဆိုသည်ကို ဖြူနားလည်ပါသည်။ မိန်းမတစ်ယောက်ဟာ ယောကျာ်းတစ်ယောက်ကို ချစ်မိတဲ့အခါ သည်းခံစိတ်တွေပါ အလိုလိုမွေးဖွား လာတတ်သလား...ဖြူ သိချင်ပါသည်။

သည်လောက၊ သည်ဘ၀မှာ ဘယ်သူနဲ့မှ ရန်သူမဖြစ်လိုသလို ဘယ်သူနဲ့မှလည်း အတိုက်အခံ မရှိလိုပါ။ ကိုယ်ချစ်တဲ့ လူတစ်ယောက်ကို မပိုင်ဆိုင်လိုက်ရရင်တောင် မုန်းသူအဖြစ်နဲ့တော့ မစွန့်လွှတ်လိုက်ပါရစေနဲ့။ ချစ်ခြင်းမှာ ပိုင်ဆိုင်ရခြင်း၊ မပိုင်ဆိုင်ရခြင်းက အဓိက မကျပါဘူး။ ချစ်သူရဲ့ ကံကောင်းခြင်းတွေကို မုဒိတာပွားနေနိုင်တဲ့ စိတ်တစ်ခုတည်းနဲ့ ဘယ်နေရာရောက်ရောက် ချစ်နေတတ်ရင် လုံလောက်ပါပြီ။ တကယ်တော့ တစ်ယောက်နဲ့တစ်ယောက် ပေါင်းဖက်ကျတဲ့ နေရာမှာ ချစ်ခြင်းအပြင် နားလည်မှုတွေလည်း ပေါင်းစပ်ပါဝင်နေသည်။ မောင်နှင့် နန်းစန္ဒီတို့ရဲ့ အိမ်ထောင်ရေးမှာ နားလည်မှုမျှတလို့ သာယာပါစေကြောင်းသာ ဆန္ဒပြုမိသည်။ ဖြူ့နှလုံးသားဟာ မောင့်ကိုချစ်တဲ့ စိတ်နဲ့တင် အရာရာကို အကောင်းမြင်တတ်အောင် လေ့ကျင့်ပြီးသား ဖြစ်နေခဲ့ပါပြီ မောင်...။

..................

( ၄ )

စောစောစီးစီး အိပ်ရာကထ၊ မျက်နှာသစ်ပြီးသည့်နောက် မှန်တင်ခုံပေါ်တင်ထားသည့် မိုးပြာရောင် ဖိတ်စာလေးကို ပြန်ကြည့်နေမိသည်။ သည်လိုနေ့ဆိုလျှင် အသစ်စက်စက် မင်္ဂလာမောင်နှံ ဖြစ်တော့မည့် သတို့သားနှင့် သတို့သမီးခမျာ ပင်ပန်းသည့်ကြားကပင် ပျော်ရွှင်နေကြမည်ပေါ့...။မင်္ဂလာပွဲသွားဖို့အတွက် ကြိုတင်အချိန်ယူကာ ပြင်ဆင်ရဦးမည်။ ဖြူ့အတွက်တော့ အပေါ်ယံအလှအပတွေ အများကြီး မလိုအပ်တော့ပါဘူး။ စိတ်ရဲ့ အေးချမ်းမှုကိုပဲ မက်မောတတ်နေပါပြီ။

မြန်မာဆန်ဆန် မင်္ဂလာပွဲမို့ အဖြူရောင်ဖျော့ဖျော့ မြန်မာအင်္ကျီ ခါးတင်ရင်စေ့လက်ဆကနှင့် ချိတ်လုံချည် အဖြူရောင်ကို ရွေးချယ် ၀တ်ဆင်ပြီးနောက် ကျောလယ်ထိအိကျနေသော ဆံစတို့ကို ဘီးနှင့်သိမ်းယူကာ တစ်ဝက်ကို ခပ်ပါးပါး ပြန်ဖြန့်ချပြီး တစ်ဝက်ကို ကလစ်နှင့် ညှပ်သိမ်းလိုက်သည်။ အားလုံးပြီးပြီဟု ယူဆရသောအချိန်တွင် ကိုယ်လုံးပေါ်မှန်ရှေ့ ရပ်ကာ ဘာများလိုနေသေးလဲဟု ရှေ့နောက်ပြန်လှည့် ကြည့်နေမိသည်။ မျက်နှာကိုလည်း သေချာကြည့်ရသည်။ မိတ်ကပ်က ပါးပါးလေးမို့ သူများမင်္ဂလာပွဲမှာ လူမမာပုံစံ ဖြစ်နေမှာလည်း စိုးရသေးသည်လေ။

အားလုံးအပိုအလို မရှိသည့်အခါ အသားရောင် နှုတ်ခမ်းနီ တစ်တောင့်ကိုယူပြီး နှုတ်ခမ်းကို အရောင်တင်လိုက်မိချိန်မှာ "ချစ်တယ်လို့ ပြောတတ်တဲ့ ဖြူ့နှုတ်ခမ်းပါးလေးတွေကို နမ်းချင်တယ်"ဟု ပြောတတ်သော တစ်ချိန်က မောင့်စကားလုံးလေးတွေကို ပြန်လည်အမှတ်ရပြီး မျက်ရည်ဝဲမိတော့သည်။

နှုတ်ခမ်းပါးလေးတွေကို နမ်းချင်တယ်တဲ့လား... အခုတော့ မောင်နမ်းချင်တဲ့ နှုတ်ခမ်းပါးဟာ ဖြူနှုတ်ခမ်းလေးတွေ မဟုတ်တော့ပါလား မောင်ရယ်...။ နန်းစန္ဒီရဲ့ ပန်းနုရောင် နုနုထွေးထွေး နှုတ်ခမ်းပါးလေးတွေကိုသာ မောင်စွဲမက်နေမှာပါ။

ဝဲနေသည့်မျက်ရည် ပါးပြင်ပေါ် မကျအောင် မျက်တောင်နှစ်ဖက်လုံးကို ပုတ်ခတ်ပစ်လိုက်ပြီး ဖြူ့လက်ချောင်းလေးများသည် မှန်တင်ခုံအံဆွဲထဲမှ Chanel နှုတ်ခမ်းနီတောင့်လေးရှိရာကို ရောက်ရှိသွားကာ ညင်သာစွာဖြင့် ထုတ်ယူလိုက်မိသည်။ ထိုနှုတ်ခမ်းနီတောင့်လေးမှာ နိုင်ငံခြားတွင် ကျောင်းသွားတက်နေသော သူငယ်ချင်းတစ်ယောက်က လက်ဆောင်ပေးထားခြင်းဖြစ်ပြီး အသစ်စက်စက် တစ်ခါမှ ထုတ်မသုံးဖူးသေး။ အပြင်ခွံက အနက်ရောင် မှောင်နေ၏။ ရနံ့က ခပ်သင်းသင်း...။ အရောင်က ပန်းဆီရောင်ဖျော့ဖျော့...။

လက်ထဲမှ နှုတ်ခမ်းနီတောင့်လေးကို နောက်ဆုံးအကြိမ် သေသေချာချာ ကြည့်မိရင်း ပန်းနုရောင် နုနုထွေးထွေး နှုတ်ခမ်းပါးလေး တစ်ခုပေါ်တွင် စိတ်ကူးဖြင့် အရောင်ဆိုးပေးမိတော့သည်။

ဖြူတစ်ချိန်က မြတ်နိုးတန်ဖိုးထားစွာ ချစ်ခဲ့ရပါသော မောင်စုပ်ယူနမ်းရှိုက်မည့် မောင့်ချစ်သူ၏ နှုတ်ခမ်းတစ်စုံသည် အစဉ်ထာဝရ ချိုအီမွှေးပျံ့ နေပါစေသား...။

......................


လွမ်းသုရင်
၁၃ ဒီဇင်ဘာ ၂၀၀၈