ဆန္ဒ

လူတိုင်းလူတိုင်းရဲ့ရင်ထဲမှာ

သိတတ်စအရွယ်ကတည်းက

တစ်နေ့နေ့ငါအရွယ်ရောက်လာရင်ဆိုတဲ့

ဆန္ဒလေးတွေ ရှိနေတတ်ကြပါတယ်။

သူမမှာလည်း ရှိခဲ့တာပေါ့။

အခုထိလည်းဆက်လက်ပြီးရှိနေဆဲပါပဲ။

အဲ့ဒီဆန္ဒလေးတွေကဘာလည်းဆိုတော့....

Thursday, April 19, 2012

လျှို့ဝှက်ပန်း


"နင်တကယ်ပဲ ဆုံးဖြတ်လိုက်ပြီလား မေဇော်"

"ဘယ်တတ်နိုင်မလဲ ဇွန်... ငါ့ရဲ့ ကံကိုက ဒီလိုပဲ ဖြစ်ဖို့ရှိတယ်လို့ သတ်မှတ်ရတော့မှာပေါ့ "

မလှုပ်မယှက် ငြိမ်သက်စွာ ကြမ်းပြင်ကို စိုက်ကြည့်နေရင်း လေသံလေးထွက်ရုံ ပြောလိုက်တဲ့ စကားမှာစွန့်စားခြင်းတစ်ဝက်၊ နာကျင်ခြင်းတစ်ဝက် ရောယှက်ရှုပ်ထွေးနေ၏။

"မေဇော် နင်ကမိန်းကလေးနော်။ တစ်ခုခုဆိုရင် နင်ပဲနစ်နာမှာ... နာမည်ပျက်မှာ"

အနှစ်နှစ်ဆယ်လောက် သွားအတူ၊ စားအတူ သူငယ်ချင်းထက်ပိုလို့ ညီအစ်မအရင်းတမျှ ချစ်ခဲ့ရသည့် သူငယ်ချင်းကို နှမြောတဲ့စိတ်၊ ပူပင်သည့်စိတ်တို့ဖြင့် ဇွန် တားနေမိသေးသည်။

"ငါလည်း ဒီလိုတော့ ဘယ်ဖြစ်ချင်ပါ့မလဲ သူငယ်ချင်းရယ်။ ဒါပေမယ့် တို့ နှစ်ယောက်လည်း ဒီထက်ပိုပြီးခွဲမနေချင်တော့ဘူး။ ဒီအတိုင်းပဲ သွားနေရင်လည်း သေတဲ့အထိ ပေါင်းရမှာ မဟုတ်တော့ဘူး"

မျက်ဝန်းမှ လျှံတက်လာသော မျက်ရည်၊ တဆတ်ဆတ်တုန်နေသည့် ဖြူဖျော့ဖျော့နှုတ်ခမ်းပါးတို့က ထိန်းချုပ်ခံနာကျင်မှု အတိုင်းအဆကို လှစ်ပြလို့နေသည်။

"နင်လည်း ငယ်တော့တဲ့ အရွယ်မှ မဟုတ်တာ။ နင့်အိမ်က နားလည်လောက်မှာပါ။ နောက်ဆုံးအနေနဲ့ ကြိုးစားကြည့်ပါလား မေဇော်ရယ်... "

အချစ်ရဆုံး သူငယ်ချင်းတစ်ယောက်အနေနဲ့ ဒါဟာနောက်ဆုံးအကြိမ် နားချခြင်းပဲ ဖြစ်မှာပါ။

"ငါ့ အသက်က ၃၅နှစ်ပဲ ရှိပါသေးတယ် သူငယ်ချင်းရယ်။ ငါ့မိဘက အသက် ၇၀နား ကပ်နေကြပြီ။ဒီအကြောင်း တစ်ခါထပ်ပြောတိုင်း သူတို့ပဲတစ်ခါထပ်ပြီး စိတ်ဆင်းရဲရတယ်။ ငါကအဆူခံ အပင်ပန်းခံနိုင်ပေမယ့် စိတ်ဆင်းရဲတဲ့ဒါဏ်ကို သူတို့မခံနိုင်မှာစိုးတယ်။ ငါလည်း သာမာန် မိန်းကလေးတစ်ယောက်ပါ ဇွန်ရယ်... သိပ်ပြီးပျော်စရာကောင်းတဲ့၊ မိဘအသိုင်းတွေနဲ့ မင်္ဂလာရှိရှိကျင်းပတဲ့ မင်္ဂလာပွဲတစ်ခုကိုတော့ မလိုချင်ပဲ နေပါ့မလား၊ သိပ်လှတဲ့ သတို့သမီးတစ်ယောက် မဖြစ်ချင်ပဲ နေပါ့မလား။ ဒါပေမယ့် ငါ့မိဘ စိတ်ဆင်းရဲရမှာနဲ့စာရင် အဲ့ဒီပကာသနတွေကို ငါစွန့်လွှတ်လိုက်မယ် ဇွန်... ငါ စွန့်လွှတ်လိုက်မယ်... "

ရှိုက်သံတွေ၊ ငိုသံတွေနဲ့ ရောထွေးနေတဲ့ မေဇော်ရဲ့ ရင်တွင်းပေါက်ကွဲသံဟာ အခန်းအပြင်ဘက်က မိုးခြမ်းသံအောက်မှာ တိမ်ဝင်ပျောက်ကွယ်လို့ သွားပါတော့သည်။

"ဘယ်သူကိုမှ တရားခံ မဖြစ်စေချင်တော့လည်း ကံကိုသာ ရိုးမယ်ဖွဲ့ရတော့မယ်။ မိန်းကလေး တစ်ယောက်ကိုမှ စေစားရက်တဲ့ ကံတရားကိုက ရက်စက်လွန်းပါတယ် မေဇော်ရယ်... "

-------------------

ပထမနှစ်ကျောင်းသူဘ၀ကတည်းက စားအတူ သွားအတူ၊ စာကျက်တော့လည်း အတူတူ တတွဲတွဲမခွဲတမ်း နေလာကြတဲ့ သူငယ်ချင်း၊ ကျောင်းတွေပြီးလို့ လုပ်ငန်းခွင်ဝင်ကြတော့လည်း အတူတူ၊ တိုးတက်ရာ တိုးတက်ကြောင်း မျှော်တွေးလို့ ရေခြားမြေခြားမှာ ပညာလာရှာကြပြန်တော့လည်း မခွဲမခွာ၊ တစ်ဆင့်မြင် ဘွဲ့တွေရလို့ စီးပွားရှာကြပြန်တော့လည်း စိတ်တူကိုယ်တူမို့ ကိုယ့်အလုပ်နဲ့နီးရာနီးရာမှာ မနေဘဲ နှစ်ယောက်တတွဲတွဲ မခွဲဘဲနေခဲ့သူ၊ အခန်းဖော်လည်းဖြစ်ပြန်၊ သူငယ်ချင်းလည်းဖြစ်ပြန်သည့် မေဇော်...

အလုပ်ကပြန်လာလို့ ပစ္စည်းတွေ တအိအိ သိမ်းဆည်းနေတာကို မြင်ရတိုင်း ဇွန့် ရင်ထဲမှာ တနင့်နင့်။ပညာလည်းတော်၊ ရုပ်ရည်လည်းရှိ၊ လိမ္မာရေးခြားလည်းရှိ၊ သမီးအကြီးဆုံး ပီပီသသ မိဘမောင်နှမ အပေါ်လည်း သိတတ်တဲ့ သူငယ်ချင်းတစ်ယောက်ကို နှမြောမိသည်ကလွဲလို့ ဇွန်တစ်ယောက် ဘာများတတ်နိုင်ပါမည်နည်း။ ချစ်သောသူငယ်ချင်းတစ်ယောက် သူရွေးချယ်သည့် ခရီးလမ်း ဘေးကင်းပါစေရယ်လို့သာ...။

" နင်ပြောင်းတဲ့နေ့ကျရင် ငါလိုက်ကူမယ်လေ။ ဘယ်နေ့ ပြောင်းမှာလဲ "

ကွန်ပျူတာ စားပွဲပေါ်ရှိ လောလောဆယ် မလိုသေးသည့် စာအုပ်များကို အိတ်ကြီးကြီးတစ်လုံးထဲ စီစီရီရီထည့်နေသည့် မေဇော့်အနားမှာ ရပ်ရင်း မေးလိုက်မိသည်။ 

" လကုန်ရက် စနေညနေဖြစ်ဖြစ်၊ တနင်္ဂနွေနေ့ မနက်ပိုင်း ဖြစ်ဖြစ်ပေါ့ ဇွန်ရယ်။ ရပါတယ်ဟာ နင်ပင်ပန်းနေပါ့မယ်။ ငါ ကိုမြတ် ကိုပဲလာခေါ်ခိုင်းလိုက်မယ်။ "

ပြန်ဖြေနေပေမယ့် စာအုပ်တွေကတော့ အထည့်မပျက်။  နောက်ဆိုရင်  တစ်ယောက်အိပ်ခုတင် နှစ်ခုကြားက စားပွဲလေးမှာ ရုံးကပြန်လာတိုင်း မြင်နေရတတ်တဲ့  HP လက်ပ်တော့ပ် အဖြူရောင်လေးနဲ့ ကီးဘုတ်ပေါ်က လက်ချောင်းဖြူဖြူသွယ်သွယ်လေးတွေကို မြင်တွေ့ခွင့်ရတော့မည်မဟုတ်။ တစ်နေ့တာ ဖြစ်ပျက်သမျှအကြောင်း၊ အလုပ်ထဲကအကြောင်း၊ ချစ်သူနှင့်စိတ်ကောက်သည့်အကြောင်းမှအစ ၀မ်းနည်စရာ၊ ၀မ်းသာစရာ၊ ကြည်နူးစရာ အစစအရာရာ တွတ်တီတွတ်တာ  ပြောနေတတ်သည့် မေဇော်စကားသံလေးတွေကို နောက်ဆို အမြဲကြားဖို့ အခွင့်သာတော့မည်မဟုတ်ဟု တွေးမိပြန်တော့ ဇွန့် မျက်ဝန်းမှာ မျက်ရည်စတို့ခိုတွဲလာကြပြန်သည်။ သဘာဝဆိုတာ လွန်ဆန်လို့ ရရိုးလား သူငယ်ချင်းရယ်။ 

------------------

မိန်းမရွယ်နှစ်ယောက် နှစ်ကာလကြာရှည်စွာ အတူတကွနေလာခဲ့သည့် အခန်းငယ်လေးက အခုတော့ တစ်ယောက်တည်းနဲ့ တိတ်ဆိတ်လို့ ကျန်ရစ်ခဲ့ပြီ။ 

ထိုနေ့က မေဇော့်မျက်နှာလေး ညှိုးနေသလိုထင်ရသည်။ ချစ်သူနှင့် အတူနေရတော့မှာမို့ "ပျော်နေတယ် မဟုတ်လား" လို့  တခြားသတို့သမီးတွေကို မေးသလို မေဇော့်ကို ဇွန်မမေးရက်ခဲ့ပါ။ မိဘချင်း ရင်းနှီးနေကြတာမို့ ဇွန့်ဖေဖေနှင့် မေမေကိုပါ မသိစေလိုကြောင်းသာ မေဇော့်နှုတ်ဖျားမှ တဖွဖွ မှာနေသည်။ 

"ကိုမြတ်ရေ ဇွန့်သူငယ်ချင်းကို စောင့်ရှောက်ပါနော်။ ဆယ့်ငါးနှစ်လောက် ခိုင်ခိုင်မာမာနဲ့ သစ္စာရှိလာတဲ့ သူမိုလို့သာ ဇွန်စိတ်ချလက်ချ ထည့်လိုက်တာပါ။ တခြားလူသာဆိုရင် ဒီလိုစိတ်ချမယ် မထင်ဘူး။ "

သူငယ်ချင်းကို စိုးရမ်သည့်စိတ်နှင့် မှာနေမိပြန်သည်။ 

" စိတ်ချပါ မဇွန်။ ကျွန်တော် မေဇော့်ကို ဘယ်လောက်မြတ်မြတ်နိုးနိုးနဲ့ ချစ်တယ်ဆိုတာကို မဇွန်အသိဆုံးပါ။  သူမပြောနိုင်ရင် ကျွန်တော် သွားတောင်းပါ့မယ်၊ ဆူဆူရိုက်ရိုက်ဗျာ ကိုယ်ချစ်တဲ့သူနဲ့ ပေါင်းရဖို့ပဲ။ ကျွန်တော် ယောက်ျားတစ်ယောက်အနေနဲ့ သူ့မိဘကို လိုက်ပြောမယ်လို့ ပြောပါသေးတယ်။ ဒါပေမယ့် သူက သူ့မိဘအကြောင်းကို သူအသိဆုံးဆိုတော့ ကျွန်တော် ဘာများတတ်နိုင်တော့မှာလဲ "

ဇွန် တစ်ယောက် သက်ပြင်းမောကြီးကိုသာ အကြိမ်ကြိမ်ချနေမိတော့သည်။ 

" ကျွန်တော်က မတရားပြောတာ မဟုတ်ပါဘူးဗျာ။ ကျွန်တော်လည်း ဒီမှာအခြေအနေတစ်ခုနဲ့ တင့်တင့်တယ်တယ် ရပ်တည်နေတဲ့သူပါ။ ကျွန်တော့်မိဘမျိုးရိုး စာရိတ္တ ဘာတစ်ခုခုကြောင့် သဘောမတူသလဲ ဆိုတော့လည်း ဘာကြောင့်မှ မဟုတ်ဖူး။ သမီးကိုနှမြောနေတာ ဆိုရင်လည်း လွန်လွန်းးပါတယ်လို့ပဲ ပြောရတော့မှာပဲ။ အခု မေဇော်က တိတ်တိတ်ဆိတ်ဆိတ် ဖြေရှင်းတော့ရော သူ့အတွက် ကောင်းပါ့မလားဗျာ... "

ကိုမြတ်ဘက်ကကျတော့လည်း ဇွန်နားလည်ပေးလို့ရသည်။  တစ်နေ့တော့ ကြည်ဖြူလိမ့်နိုးဆိုသည့် မျှော်လင့်ချက်ဖြင့် မိန်းကလေးတစ်ယောက်ကို သစ္စာရှိရှိစောင့်ခဲ့သည်မှာ သုံးနှစ်သုံးမိုးမက ဆယ့်ငါးနှစ်တိုင်တိုင်ရှိခဲ့ပြီလေ။ မိဘတွေကို အသိပေးနားဖောက်လို့  တစ်ဖက်မိဘက သဘောတူကြည်ဖြူပြီးကာမှ၊ အတိအလင်း တောင်းရမ်းဖို့ စီစဉ်ကာမှအိမ်စီးပွားရေး အဆင်မပြေသေးလို့ ဆိုသည့် အကြောင်းပြချက်ဖြင့် ယောက္ခမလောင်း၏ ချိုချိုသာသာ အချိန်ဆွဲခြင်းကို ခံရသည်။ ဒုတိယတစ်ခါ စီစဉ်ပြန်တော့ သတို့သမီးဖခင် ကျန်းမာရေးမကောင်းသေးဟုဆိုကာ ငြင်းခဲ့ပြန်သည်။ 

ဒီလိုနှင့်ပင် တဖြည်းဖြည်း အချိန်တွေလည်း ကြာလာ၊ အသက်တွေလည်း တစ်နှစ်ပြီးတစ်နှစ်ကြီးလို့ နှစ်ဆယ်ကျော် အစိတ်ပိုင်းကနေ ဆယ်စုနှစ်တစ်ခု စွန်းလို့လာခဲ့တော့လည်း "ဒီအရွယ်ကျမှ အိမ်ထောင်ပြုချင်သေးလို့လား" ဆိုသည့် မသိကျိုးကျွံမေးခွန်းနှင့်အတူ "အသက်တွေလည်း ကြီးလာကြပြီဆိုတော့ ကိုယ့်မိသားစုလေးနဲ့ ကျစ်ကျစ်လေးပဲ နေချင်တော့တယ်။ တစိမ်းတရံဆံ ၀င်လာရင်လည်း ကိုယ့်အရင်းအချာလောက် ကောင်းမှာမဟုတ်ဖူး" ဆိုသည့် ရေလာမြောင်းပေး စကားတွေနှင့်ချည်နှောင်စ ပြုလာပြန်သည်။ နောင်များတော့ အသိမိတ်ဆွေတွေ ဆုံကြရင်တောင် " ကလေးတွေက အကုန်အရွယ်ရောက်ကုန်ပြီ။ ဘွဲ့တွေလည်းရကြ၊ ကိုယ့်အလုပ်ကိုယ့်အကိုင်တွေနဲ့။ အိမ်ထောင်ပြုဖို့များ စိတ်တောင်မ၀င်စားကြဘူး" ရယ်လို့ သိသိသာသာမောင်းခတ်လိုက်တဲ့အခါ ရှေ့ရေးကို ဘယ်လိုမှ မျှော်လင့်လို့ မဖြစ်နိုင်တော့မှန်း မေဇော်ရော ကိုမြတ်ပါ နားလည်လာရသည်။

ချစ်သူနှင့် မိဘအကြား ဗျာများရသူကတော့ မေဇော်ရယ်ပေါ့။ ငါးရာနှစ်ဆယ့်ရှစ်နဲ့ တစ်ထောင့်ငါးရာရဲ့ လွန်ဆွဲပွဲမှာ မေဇော်တစ်ယောက် ဓါးစာခံဖြစ်ရရှာသည်။ လမ်းခွဲဖို့ကြိုးစားကာမှ တစ်စတစ်စပို ရစ်ပတ်လာတဲ့ ဆယ့်ငါးနှစ်တိုင်တဲ့ သံယောဇဉ်မေတ္တာ၊ "ကိုယ့်သဘောနဲ့ကိုယ် လက်ထပ်ခဲ့ရင်တော့ မိဘအိမ်ရိပ်တောင် မနင်းလေနဲ့" ဆိုတဲ့ တစ်သက်လုံး တစ်ခွန်းမကျန် နာခံခဲ့သည့် မိဘနှစ်ပါးရဲ့သြဇာ၊ ပြင်းထန်တဲ့ တွန်းကန်မှုကြားမှာ မေဇော်ဘယ်လောက် အလူးအလဲ ခံခဲ့ရသလဲဆိုတာ ကိုမြတ်ကလွဲလို့ ဇွန်တစ်ယောက်သာ နားလည်တော့မှာပေါ့လေ...။ 

တွန်းအားတွေရဲ့ကြားမှာ နောက်ဆုံးတော့ တစ်စုံတစ်ခုကို မေဇော်ရွေးချယ်ဆုံးဖြတ်ခဲ့သည်။ သိပ်ပြီး နူးညံ့သိမ်မွေ့တဲ့ မိန်းကလေးတစ်ယောက်၏ နောက်ဆုံးရွေးချယ်မှုသည် ကြမ်းတမ်းခြင်း၊ စွန့်စားခြင်းတွေနှင့် ပြည့်နှက်နေလိမ့်မည်ဖြစ်ကြောင်း ဇွန်တစ်ခါမှ မမျှော်လင့်ခဲ့ဖူးပါ။

"နင်လက်မှတ်ထိုးတဲ့အခါ ငါ သက်သေလုပ်ပေးမယ်လေ "

အမှတ်မထင် ပြောထွက်သွားတဲ့ စကားအတွက် ပြန်ကြားရသည့် အဖြေက မိန်းကလေးတစ်ယောက် အတွက် ရင်တုန်စရာကောင်းလွန်းလှသည်ဟုပဲ ဆိုရမလား။

" ဒါဆိုရင်တော့ နောင်ဘ၀မှပဲ လိုက်လုပ်ပေါ့ ဇွန်။ မိဘမျက်စိမပိတ်ခင်အထိတော့ ငါသူတို့ကို ပြုစုခွင့် ရနေချင်သေးတယ်။ "

" ဟင် ဒါဆို... "

" ဟုတ်တယ်လေ... လက်ထပ်သွားရင်တော့ အိမ်ရိပ်တောင် မနင်းနဲ့လို့ပဲ ငါ့ကိုပြောလိုက်တာ။ "

" အို... "

နားတစ်စုံကို လက်ဖ၀ါးနှစ်ဖက်ဖြင့် ယောင်ရမ်းပိတ်ထားလိုက်မိသည်။ 

ကိုမြတ်လက်ကိုတွဲရင်း နှုတ်ဆက်ထွက်ခွာသွားသည့် မေဇော့်ကို မျက်စိတစ်ဆုံးငေးရင်း... သက်ပြင်းရှည်ကြီးတစ်ခုကို ယူကြုံးမရခြင်း၊ ၀မ်းနည်းခြင်း၊ မောပန်းခြင်းများစွာဖြင့် ချလိုက်မိတော့သည်။

" ပန်းတစ်ပွင့်ရဲ့ အရည်အချင်း အင်္ဂါရပ်တွေ ပြည့်စုံပါလျက်၊ ပွင့်ချိန်တန်ပါလျက်၊ အတ္တဆိုတဲ့အဆိပ်တွေကြောင့် ကြွားဝင့်တင့်တယ်ခြင်း ကင်းစွာ၊ လျှို့ဝှက်တိတ်ဆိတ်စွာ ပွင့်ကြရရှာတဲ့ ပန်းကလေးတွေ ဟောဒီ လောကကြီးထဲမှာ ဘယ်လောက်များ ရှိနေလိမ့်မလဲနော်... " 

-----------------

လွမ်းသုရင်
၁၉ ဧပြီ ၂၀၁၂


3 comments:

Maribel Artaste said...

Hi!Great and interesting blog you have:) Come and visit my site too. http://ads.com.mm/?cid=4fd60e65e4b0fa6db841e338&utm_campaign=ads_mm_lb_blog_martaste&utm_source=ads_lb_blog&utm_medium=lb_blog

Anonymous said...

Greengirl blog ကို ၀င်မရဘူး ဖြစ်နေတယ် ။ www.artsof-greengirl.com မလား ။ လင့်မှားနေတာလား ။

လွမ်းသုရင် said...

The link is correct. But I temporarily close my blog.
Thank you.