ဆန္ဒ

လူတိုင်းလူတိုင်းရဲ့ရင်ထဲမှာ

သိတတ်စအရွယ်ကတည်းက

တစ်နေ့နေ့ငါအရွယ်ရောက်လာရင်ဆိုတဲ့

ဆန္ဒလေးတွေ ရှိနေတတ်ကြပါတယ်။

သူမမှာလည်း ရှိခဲ့တာပေါ့။

အခုထိလည်းဆက်လက်ပြီးရှိနေဆဲပါပဲ။

အဲ့ဒီဆန္ဒလေးတွေကဘာလည်းဆိုတော့....

Thursday, March 15, 2012

ချစ်သူရဲ့ ပုံပြင်

"နှင်းဆီပွင့်ဖတ် နီနီရဲရဲလေးတွေ ကျဲပက်ဖြန့်ခင်းထားတဲ့ ဖြူလွလွအိပ်ရာလေးပေါ်မှာ ထိရက်စရာမရှိအောင် နူးညံ့လှပတဲ့ မင်းသမီးလေးတစ်ပါး အိပ်ပျော်နေသတဲ့...။ အဲ့ဒီမင်းသမီးလေးကို ဘယ်လိုမှ နှိုးလို့မရလို့ လူပုလေးတွေက စိတ်မကောင်းခြင်းကြီးစွာ ခံစားနေရတုန်း တိုင်းခန်းလှည့်လည်လာတဲ့ အိမ်ရှေ့မင်းသားလေးက အိပ်ပျော်နေတဲ့ မင်းသမီးလေးကိုတွေ့ပြီး ချစ်ခင်သွားပါရော။ ချစ်တဲ့စိတ်ကြောင့် မင်းသားလေးဟာ မင်းသမီးလေးရဲ့ နှင်းဆီငုံနှုတ်ခမ်းဖူးဖူးလေးကို နမ်းလိုက်မိသတဲ့။ အဲ့ဒီလိုလည်း နမ်းလိုက်ရော မင်းသမီးလေးရဲ့ ခံတွင်းထဲက အဆိပ်ရှိတဲ့ ပန်းသီးစိပ်လေးထွက်လာပြီး မင်းသမီးလေးလည်း အိပ်ရာကနိုးလာ၊ နောက်တော့ မင်းသားလေးရဲ့ ကြင်ယာတော်အဖြစ် တစ်ပါတည်း ခေါ်ဆောင်သွားခြင်းကို ခံရပါသတဲ့..."
..............................
ဒဏ္ဍာရီလိုလို၊ ပုံပြင်လိုလို... စွဲအားကောင်းတဲ့ ချစ်သူရဲ့ လေယူလေသိမ်းမှာ မျောပါလို့ ကြည့်နူးဖွယ်ရာ ကျွန်မရဲ့ညဦးအချိန်လေးတွေ...
လူပုလေး ခုနစ်ယောက်နဲ့ မနှင်းဖြူ၊ ရွှေဖိနပ်ပိုင်ရှင်လေး စင်ဒရဲလား ဆိုတဲ့ ကလေးဘ၀ကတည်းက အသည်းစွဲခဲ့တဲ့ ပုံပြင်လေးတွေက ချစ်သူရဲ့ သာယာတဲ့အသံနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ကျွန်မအတွက်တော့ ဘယ်အခါမှ ရိုးမသွားနိုင်တဲ့ နားထောင်ချင်စဖွယ် ပုံပြင်လေးတွေပါပဲ။ တစ်ခါတစ်ခါ ကျွန်မတွေးမိတယ်။ ချစ်သူက သိပ်ပြီးပုံပြောကောင်းတယ်လို့။ ဒီလိုပြောလို့လည်း မဖြစ်သေးပါဘူး။ တော်ကြာကျွန်မကိုလည်း ပုံပြင်လှလှလေးတွေ ယုံအောင်ပြောသွားမှဖြင့်...။
ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ ချစ်သူပြောနေကျ ပုံပြင်လေးတွေ နားထောင်ရတာကို နှစ်သက်နေမိသလို၊ "ကလေးလေးလိုပဲ" လို့ ကျွန်မအပေါ် ချစ်သူရဲ့မှတ်ချက်ကိုလည်း ကျေနပ်မိနေပါရော။ "ကလေးဆိုရင်လည်း ဘာလို့များ လက်ထပ်ဖို့ စိတ်ကူးသေးတုန်း" ဆိုတဲ့ အမေးကိုမေးမိတဲ့ ကျွန်မကရော လွန်များနေသလား။ ဒါပေမယ့်လည်း "ပုံပြင်ကြိုက်တဲ့ ကလေးမကို တစ်သက်လုံး ပုံတွေပြောပြနိုင်ဖို့ လက်ထပ်မှဖြစ်မှာကိုး" ဆိုတဲ့ သူ့ရဲ့လှလှပပ စကားလုံးလေးတွေအောက်မှာ ကျွန်မ ရင်တွေတလှပ်လှပ်ခုန်လို့၊ ကြင်နာယုယတဲ့ မျက်လုံးရွဲကြီးတွေအောက်မှာ ကျွန်မရဲ့ ခန္ဓာကိုယ်လေး သေးငယ်ကျုံ့ဝင်လို့၊ သူ့အပေါ် တုံ့ပြန်ချစ်တွေနဲ့ လိုက်ပါစီးမြောလို့ပေါ့...။
ပုံပြင်လေးတွေကို နားထောင်နေကျ ကျွန်မက ပုံပြင်ထဲက မင်းသမီးလေးတွေကို တိတ်တိတ်လေးစွဲလမ်းနေမိတတ်တာ၊ စိတ်ကူးယဉ်နေမိတတ်တာလည်း မလွန်လောက်ပါဘူးနော်... ချစ်သူ။ မနှင်းဖြူလေးကို မြင်ယောင်မိတဲ့အခါ ကျွန်မက ဂါဝန်ဖြူဖြူလေးနဲ့ အပြစ်ကင်းတဲ့ ချစ်စရာမင်းသမီးလေးပေါ့။ ဒါဆို စင်ဒရဲလားကရော... ပြိုးပြိုးပြက်ပြက်နဲ့ ရွှေရောင်ဂါဝန်ရှည်ကြီးကိုဝတ်ဆင်၊ ရွှေရောင်ဒေါက်ဖိနပ်လေးကို စီးလို့၊ ရွှေရောင် မှော်တံလေးကို ကိုင်ထားတဲ့ သိပ်လှတဲ့ရွှေမင်းသမီးလေး ဖြစ်နေပြန်ရော။ တကယ်လို့များကျွန်မက အဲ့ဒီလို မင်းသမီးလေးဆိုရင် ချစ်သူက ရွှေမင်းသားလေး ဖြစ်နေမှာပေါ့နော်။ ရွှေဖိနပ်ပိုင်ရှင် ကျွန်မကို မတွေ့မချင်း လိုက်ရှာနေမယ့် ရွှေမင်းသားလေးပဲ ဖြစ်မှာပါပဲ။
......................................
တစ်ခါတစ်လေမှာ စိတ်ကူးယဉ်တာတွေဟာ တကယ်ဖြစ်လာတတ်တယ်။ ဒါကိုချစ်သူ ယုံရဲ့လားမသိပေမယ့် ကျွန်မကတော့ ယုံချင်နေမိတယ်...။
တကယ်ပါ...။ ကျွန်မတကယ်ပဲ ပတ္တမြားရောင်ရဲရဲ နှင်းဆီပန်းတွေကျဲထားတဲ့ ကြက်သွေးရောင် ကော်ဇောနီကြီးပေါ်မှာ ဖွဖွလေး လျှောက်လှမ်းနေမိတယ်။ ဖွေးဥပြီးသန့်စင်လွန်းတဲ့ အဖြူရောင်ဂါဝန်ရှည်ကို ဆင်မြန်းပြီး ငွေရောင်ဖိနပ်လေးကိုစီးလို့ ကော်ဇောပေါ်မှာ ကြွကြွလေး တလှမ်းချင်း လျှောက်နေတဲ့ ကျွန်မ။ နီစွေးစွေး နှင်းဆီပန်းစည်းလေးကို ညာလက်မှာ လှလှပပကိုင်လို့ ဘယ်လက်က ချစ်သူရဲ့ လက်မောင်းကို တင်းတင်းလေး ချိတ်တွဲလို့ ဟန်အပြည့်နဲ့လျှောက်လှမ်းနေတဲ့ ကျွန်မက တကယ်ပဲ မင်းသမီးလေးတစ်ပါးလို လှပကျော့ရှင်းလို့။ ဆံထုံးအောက်မှာ တွဲခိုနေတဲ့ ပုဝါဖြူဖြူလေးက တစ်ချက်တစ်ချက် ပုံခုံးကို ခလုတ်တိုက်ပြီး ကျွန်မရဲ့ ကျောပြင်ပေါ်မှာ ဝေ့၀ဲကျနေသေးရဲ့။
ဟိုး မနီးမဝေးမှာ ပျံ့လွင့်နေတဲ့ သီချင်းသံလေးက နားထဲမှာ ကြားတစ်ချက်၊ မကြားတစ်ချက်။ လက်ဖ၀ါး လေးတွေက ရေခဲတမျှအေးစက်၊ အသက်ကိုပင် ရှူမိသလား၊ မရှူမိသလား သတိမထားမိတော့ပါဘူး။ ကြက်သွေးရောင် ကော်ဇောပေါ်က ချစ်သူရဲ့ တလှမ်းချင်းလှမ်းနေတဲ့ ခြေလှမ်းလေးတွေနောက်ကိုပဲ ကျွန်မကြိုးစားပြီး လိုက်လှမ်းနေရတယ်။ ခန်းမထဲကို မ၀ံ့မရဲ့ဝေ့ကြည့်လိုက်တော့ မျက်လုံးပေါင်းများစွာရဲ့ ဦးတည်ချက်က ချစ်သူနဲ့ကျွန်မဆီမှာ။ အဲ့ဒီမျက်လုံးတွေထဲမှာ နှစ်လိုအားကျတဲ့အရိပ်အရောင်တွေ၊ နှစ်သက်ကြည်နူးခြင်းတွေ၊ ဂုဏ်ပြုချီးမြှင့်ခြင်းတွေ၊ မျှဝေခံရတဲ့ပျော်ရွှင်ခြင်းတွေ... စုံလို့ပဲပေါ့။ အို...ကျွန်မရှက်လိုက်တာ။ ရှက်ရွံ့ခြင်းလား၊ ကြည်နူးခြင်းလား၊ ဂုဏ်ယူခြင်းလား အမျိုးအမည်သေချာ မဖော်ပြနိုင်တဲ့ ခံစားချက်တစ်ခုက ကင်မရာ ဖလက်ခ်ျဂန်း တဖျက်ဖျက်မီးရောင်တွေနဲ့အတူ ကျွန်မမျက်နှာကို ပန်းသွေးရောင်ဆိုးပေးသွားတယ်။
ဟော... ဒိတ်... ဒိတ်... ဒိတ်... တဲ့။ အဲ့ဒါ ကျွန်မရဲ့ ရင်ခုန်သံ။ ကိုယ့်ရင်ခုန်သံကို ကိုယ်တိုင်ပြန်ကြားနေရတဲ့အထိ ကျွန်မစိတ်တွေ လှုပ်ရှားနေပါလား။ အားကိုးတကြီးနဲ့ ချစ်သူမျက်နှာကို စွေစွေလေးလှမ်းကြည့်မိတော့ ယုံကြည်ချက်အပြည့်နဲ့ စူးလက်တဲ့မျက်ဝန်းတွေ၊ ကြည်လင်ဝင်းပတဲ့ အပြုံးတွေတပွေ့တပိုက်နဲ့ ကျွန်မရဲ့ချစ်သူ။ အဲ့ဒီမျက်ဝန်းတွေ၊ အပြုံးတွေဟာ ပျော်ရွှင်ခြင်း၊ ဂုဏ်ယူခြင်းတွေနဲ့ ပေါင်းစပ်လို့ ကျွန်မအတွက် အရာရာပြီးပြည့်စုံစေမယ်ဆိုတဲ့ စိတ်ခွန်အားတွေကို ကျွန်မရဲ့နှလုံးသားထဲအထိ ဖြန့်ကျက်ခဲ့တာပေါ့။ ကျွန်မရဲ့ ပန်းနုရောင်နှုတ်ခမ်းပါးလေး မသိမသာ ကွေးညွှတ်သွားသလိုလို။ ဟောဒီခမ်းနားလှပတဲ့ခန်းမကြီး မဆုံးမချင်း၊ ကြက်သွေးရောင်ရင့်ရင့် ကော်ဇောမဆုံးမချင်း ချစ်သူရဲ့ ကြင်နာဖေးမခြင်းနဲ့ ပရိသတ်အလည်မှာ တင့်တင့်တယ်တယ် လျှောက်လှမ်းသွားမယ်လို့ ကျွန်မဆုံးဖြတ်လိုက်မိတယ်။
.............................................
အဲ့ဒီတဒင်္ဂလေး၊ ခဏတာနာရီပိုင်းလေးမှာ ကျွန်မဟာတကယ်ပဲ ဒဏ္ဍာရီထဲကလို၊ ပုံပြင်ထဲကလို တလောကလုံးမှာ အလှဆုံး၊ အချောဆုံး၊ ရွှေမင်းသားလေးက သိပ်မြတ်နိုးတဲ့ မင်းသမီးလေးလို့ ကိုယ့်ကိုယ်ကို ကျေနပ်နေခဲ့တယ်၊ စိတ်လှုပ်ရှားခြင်းတွေနဲ့အတူ ကြည်နူးနေခဲ့တယ် ဆိုတာကိုတော့ မညာချင်ပါဘူး ချစ်သူ။ တကယ်တော့ ပုံပြင်ကြိုက်တဲ့ ကျွန်မအတွက် မဆုံးနိုင်တဲ့ ပုံပြင်ရှည်ကြီးကိုပြောဖို့ ချစ်သူရဲ့ ယုယခြင်း၊ ချစ်ခြင်းတွေနဲ့ နိဒါန်းပျိုးလို့ ကြင်နာခြင်းတွေနဲ့ ဖေးမခေါ်ငင်ခဲ့ပြီလေ။
ကျွန်မပြောခဲ့ပါရော... ချစ်သူက ပုံပြောကောင်းပါတယ် လို့။
သူပြောတဲ့ ပုံပြင်ရှည်ထဲမှာတော့ ချစ်သူက ကျွန်မချစ်တဲ့ ရွှေမင်းသားလေးပေါ့။ ကျွန်မကရော... တစ်ခါတစ်ခါ မနှင်းဖြူလေး ဖြစ်ရသလို၊ တစ်ခါတစ်ခါလည်း ရွှေဖိနပ်ပိုင်ရှင် စင်ဒရဲလားလေး ဖြစ်လို့ပေါ့...။
လွမ်းသုရင်
၁၄ မတ် ၂၀၁၂

3 comments:

natthamee said...

တခါတလေစိတ်ကူးလေးတွေတကယ်ပဲဖြစ်ချင်နေသူပါ

စံပယ်ချို said...

ကျွန်မလဲ ကိုယ့်ရင်ခုန်သံ ကိုယ်ပြန်ကြားဖူးတဲ့
အချိန်ရှိတယ်

Anonymous said...

ခုတော့ ရွှေမင်းသားလေးက ရွှေဖိနပ်ပိုင်ရှင်စင်းရဲလားလေးကိုရှာတွေ့သွားပြီး ညအိပ်ရာဝင်တိုင်းပုံပြင်တွေပြောလို့ပေါ့း)