ဆန္ဒ

လူတိုင်းလူတိုင်းရဲ့ရင်ထဲမှာ

သိတတ်စအရွယ်ကတည်းက

တစ်နေ့နေ့ငါအရွယ်ရောက်လာရင်ဆိုတဲ့

ဆန္ဒလေးတွေ ရှိနေတတ်ကြပါတယ်။

သူမမှာလည်း ရှိခဲ့တာပေါ့။

အခုထိလည်းဆက်လက်ပြီးရှိနေဆဲပါပဲ။

အဲ့ဒီဆန္ဒလေးတွေကဘာလည်းဆိုတော့....

Tuesday, April 17, 2012

ကောင်းသောနှစ်



~~~ ခါနွေသင်္ကြန်မီ မှာသလိုလာပြီ ခွန်းချိုနွဲ့နွဲ့ ပေါင်းဖော်စုံညီ တေးသံကျူးရင့်သီ

ဘယ်ညာညီညီမြန်မာဆန်သည် လှယဉ်ဝင်းတဲ့ နွဲ့ကိုယ်ဟန်ညီ လှုပ်လီလှုပ်လဲ့တလီ

ဖူးစဆံချီနုကလေး စီရီတွဲလို့သီ ရွှဲရွှဲစိုရင် ပိုမိုလှသည် နံသာရေသင်းပျံ့ကြည်  ~~~

တေးသံရှင် ဟောမာနေဝင်းရဲ့ "ကောင်းသောနှစ်" ဆိုတဲ့ သီချင်းသံက မဏ္ဍပ်ရှေ့မှာ တန်းစီနေကြတဲ့ ရေပက်ခံကားတွေပေါ်က ပရိသတ်တွေကိုရော၊ ပွဲကြည့်စင်ပေါ်က ပရိသတ်တွေကိုပါ အေးအေးငြိမ့်ငြိမ့်လေး လွှမ်းခြုံလို့နေပါသည်။ သီချင်းရဲ့ စည်းဝါးသံနဲ့အညီ ဘယ်ညာယိမ်းနွဲ့လို့၊ ခြေချ လက်ချ ညီညာလှပစွာ ကပြဖျော်ဖြေနေကြတဲ့ ပိတောက်ရောင်ဝမ်းဆက်နဲ့ ဖြူဖြူညိုညို သင်္ကြန်ပျိုမယ်ကလေးတွေရဲ့ အလှကလည်း ရေမှုံရေစက်လေးတွေကြားမှာ ယဉ်ယဉ်ကျေးကျေး ရှုမြင်သူငေးရတဲ့ ပသာဒတစ်မျိုးဆိုလျှင် မှားလိမ့်မည်မထင်။ 


တစ်နှစ်မှာတစ်လ တစ်လမှာမှ ငါးရက်လောက်ပဲ ကျင်းပကြရ၊ ပျော်ရွှင်ကြရတဲ့ မြန်မာ့နှစ်သစ်ကို ကူးပြောင်းတဲ့ အတာသင်္ကြန်ပွဲတော်ကို ကျင်းပနေတာ ဒီနေ့ဆိုရင် အတက်နေ့ကိုတောင် ရောက်လာခဲ့ပါပြီ။ သင်္ကြန်နောက်ဆုံးနေ့ ဖြစ်တာနဲ့အညီ ပျော်တဲ့သူတွေကလည်း အစွမ်းကုန် ပျော်ကြ၊ ဖျော်ဖြေရေးအဖွဲ့တွေကလည်း မမောနိုင်မပန်းနိုင် ဖျော်ဖြေကြလို့ အရင်နေ့တွေကထက် ပိုပြီး စည်ကားသိုက်မြိုက်နေတယ်လို့ မြင်နေမိပါသည်။ မဏ္ဍပ်ဘေးက ပိတောက်ပင်အိုကြီးကလည်း တစ်နှစ်တာလုံး ပြန်ပြီး အားယူရဦးမှာမို့ ဒီနေ့ မဟာသင်္ကြန်နောက်ဆုံးနေ့မှာ ကျန်သမျှအားကုန်နဲ့ ရွှေရောင်အတောက်ဆုံး ပွင့်အာလို့ နေ၏။


ရေပက်ခံကားတွေပေါ်မှာ၊ ရေပက်မဏ္ဍပ်ပေါ်မှာ လုံလုံခြုံခြုံလေး ခေတ်နဲ့လျော်ညီစွာ ဆင်ယဉ်ပျော်ရွှင်ကြသူတွေ ရှိသလို မောင်နဲ့နှမ၊ သားနဲ့အမိ ကြည့်လို့မှ မတင့်တယ်တဲ့ အပျော်ကိုလွန်ပြီး အပျက်ဘက်ရောက်သွားတဲ့ သူတွေလည်း လူနည်းစုအနေနဲ့ ပါဝင်နေကြဟာ ခေတ်ရဲ့ အခြေအနေပြဂရပ်တစ်ခုပဲလား...။


ဟိုးငယ်ငယ်ကတည်းက သင်္ကြန်ရောက်တိုင်း သိပ်ပျော်တတ်တဲ့၊ သင်္ကြန်ကာလကိုလည်း သိပ်ချစ်တတ်တဲ့ နွေဦးတစ်ယောက် အချိန်ကာလတွေ ပြောင်းလဲလာတဲ့နဲ့အမျှ၊ အသက်အရွယ်တွေ ရင့်ကျက်လာတာနဲ့အမျှ ငယ်ငယ်တုန်းကလို မဏ္ဍပ်ထိုင်ပြီး ရေပက်ကစားတာမျိုး မလုပ်ဖြစ်တော့ပေမယ့်၊ မိသားစု၊ သူငယ်ချင်းတွေနဲ့စုပြီး ရေပက်ခံမထွက်ဖြစ်တော့ပေမယ့်၊ နှစ်စဉ်နှစ်တိုင်း မပျက်မကွက် ပွဲကြည့်ပရိတ်သတ်အနေနဲ့ ဖျော်ဖြေရေးစင်မြင့်ဘေးမှာ ထိုင်ကြည့်ခဲ့ရတာ သင်္ကြန်ဆိုတာကို သမီးလေးသိတတ်တဲ့အရွယ်ကတည်းကပေါ့။ 


အမေတူသမီးပီပီ သင်္ကြန်ရောက်ရင် သိပ်ပျော်နေတတ်တဲ့ သမီးလေးရဲ့ ဝါသနာကို မြေတောင်မြှောက်ပေးရင်း ကောင်းရာမွန်ရာဘက်ရောက်အောင် ပဲ့ပြင်ပေးရင်းနဲ့ ဖျော်ဖြေရေးစင်မြင့်နောက်မှာ နွေဦးရဲ့ သင်္ကြန်ရက်လေးတွေ ကုန်ဆုံးခဲ့တာ ဒီနှစ်နဲ့ဆိုရင် ဆယ့်သုံးနှစ်တောင်ရှိခဲ့ပြီပေါ့လေ။ ဖျော်ဖြေရေးစင်မြင့်ဘေး ပွဲကြည့်မဏ္ဍပ်ထဲမှာ ထိုင်ကြည့်နေတာကြောင့် နွေဦးအနေနဲ့ တစ်နေကုန်ရေစိုနေတာမျိုးတော့ မရှိပါဘူး။ ဒါပေမယ့် စင်မြင့်ပေါ်မှာ ယိမ်းကနေကြတဲ့ သင်္ကြန်မယ်လေးတွေနဲ့အတူ ကြွကြွလေးကနေ လှနေတဲ့ သမီးလေးရဲ့ အုပ်ထိန်းသူအဖြစ်နဲ့ပဲ ပီတိဖြစ်နေမိသည်။


"တီ...  တီ...  တီ... "


လက်ကိုင်အိတ်ထဲမှ မြည်လာတဲ့ ဖုန်းသံကြောင့် နွေဦးတစ်ယောက် အတွေးစပြတ်လို့သွားသည်။ 


"အဖေကြီးလား... လာမကြိုနဲ့ဦးလေ။ ဒီနေ့က နောက်ဆုံးနေ့ဆိုတော့ ဆုပေးတာတွေဘာတွေနဲ့ နောက်ကျမှာ။ အစီအစဉ်တွေ ပြီးခါနီးရင် ဖုံးပြန်ဆက်လိုက်မယ်နော်။ "


သင်္ကြန်ရက်တွေ အိမ်မှာတစ်ယောက်တည်း ကျန်ရစ်ရင်း တရားမှတ်၊ ပုတီးစိပ်နေတတ်သည့် ခင်ပွန်းဖြစ်သူကို အကျိုးအကြောင်းပြောပြီး ဖုန်းချလိုက်သည်။ သီချင်းသံတွေနဲ့ဆိုတော့ တော်တော်လေးအားစိုက်နားထောင်ရသည်လေ။ 


တစ်ခါတစ်ခါတော့ နွေဦးတွေးမိတာလည်းရှိသည်။ သင်္ကြန်လိုအခါကြီးရက်ကြီးတိုင်း သမီးကို ရင်အုပ်မကွာ စောင့်ရှောက်ရင်းနှင့်ပင် အဖေရောအမေပါ ကုသိုလ်ရေးတွေ လျော့ပါးနေရသည်။ ဒါပေမယ့်လည်း ကိုယ်ခွဲမရှိတဲ့ အခါဘယ်တတ်နိုင်မှာလဲ။ တစ်ဆယ့်ရှစ်နှစ်အရွယ် အလှသွေးကြွယ်နေတဲ့ သမီးလေးအတွက် မိဘရင်အုပ်ထက် ဘယ်အရာကများ လုံခြုံစိတ်ချရမှာလဲလို့ တွေးမိပြန်တော့ ကျန်တာတွေအားလုံး ခေါင်းထဲကပျောက်သွားကြသည်။ ဒီအရွယ်မှာ လမ်းကောင်းကိုဖြောင့်အောင် လျှောက်နိုင်ရေး ထိန်းကျောင်းပေးနိုင်ဖို့ကသာ အရေးအကြီးဆုံးမဟုတ်လား။ 


နှစ်ဆန်းတစ်ရက်နေ့တော့ တစ်မိသားစုလုံး ဘုရားသွားကျောင်းတက်၊ လှူရေးတန်းရေးတွေနဲ့ မအားနိုင်ပေမယ့် ကြည်နူးပီတိဖြစ်ရဦးမည်။ အဲ့ဒီအတွက်လည်း မျိုးစေ့ကောင်းချပေးခဲ့တဲ့ မိဘဘိုးဘွားတွေကို နွေဦးကျေးဇူးတင်မိပြန်ပါသေးသည်။ အစဉ်အဆက် လက်ဆင့်ကမ်းခဲ့တဲ့ ကောင်းသောအမွေအနှစ်တွေကို နွေဦးတို့လက်ထက်အထိ သယ်ဆောင်ခွင့်ရခဲ့သလို သမီးလေးလက်ထက်ကျရင်လည်း ဆက်လက်ထိန်းသိမ်းချင်စိတ်ရှိအောင် နားဝင်အောင် ပြုစုပျိုးထောင်ပေးဖို့ နွေဦးမှာလည်း တာဝန်ရှိနေသည်ဟု ခံယူထားမိသည်။


သင်္ကြန်ရဲ့ သဘာဝရာသီဥတုကြောင့်ပဲ ထင်ပါရဲ့။ ညနေစောင်းလာတော့ နည်းနည်းလေးချမ်းစိမ့်စိမ့် ဖြစ်လာသလိုခံစားရသည်။


"ရေကန်တော့ချင်လို့ပါ အန်တီ"


နောက်ကျောဘက်ကပ်လျက် ကြားလိုက်ရတဲ့အသံကြောင့် လှည့်ကြည့်မိတော့ သမီးနဲ့ရွယ်တူလောက်ရှိမယ့် လူငယ်လေးတစ်ဦး။ ဂျင်းဘောင်းဘီအရှည် အနေတော်ကြည့်ကောင်းရုံလောက်နဲ့ တီရှပ်ကိုပေါ်က သားရေဂျာကင်ထပ်ပြီး ဝတ်ဆင်ထားတဲ့ ခေတ်လူငယ်လေးတစ်ဦးဆီက "ရေကန်တော့ချင်လို့ " ဆိုတဲ့ အသုံးအနှုန်းမျိုး ကြားရသည့်အတွက် အံ့ဩမိသလို ဒီလိုလူငယ်တွေလည်း ရှိသေးသားပဲဟု တွေးမိသေးသည်။


"အော် အေးအေး ရတယ်သား... သာဓုပါကွယ်... "


ရေလောင်းခွင့်ပေးရင်း သမီးဖေဖေငယ်ငယ်ကလည်း  မိသားစုနဲ့အတူ မဏ္ဍပ်မှာ စတုဒီသာကူလုပ်ရင်း အလုပ်များနေတဲ့ နွေဦးဆီကိုလာရင်း အနားမှာရှိနေတဲ့ မေမေ့ကို ဒီလိုပဲ ရေကန်တော့ခွင့်တောင်းတာ သတိရသွားတော့ စင်ပေါ်မှာကနေတဲ့ သမီးလေးဆီဝေ့ကနဲ မျက်စိရောက်သွားရသည်။ သမီးလေးကတော့ သီချင်းသံနဲ့အတူ ဘာကိုမှသိရှာပုံမရသလို ကြွကြွလှလှ စည်းချက်ကျကျကနေဆဲ...။   


သောက်ရေသန့်ဘူး အသေးလေးနဲ့ ရေစွတ်ရုံလေးလောင်းခံလိုက်ရပေမယ့် စိတ်ထဲမှာတော့ အတာသင်္ကြန်ရဲ့ အနှစ်သာရတွေ ပြည့်ဝလို့ အေးမြမြကျန်ရစ်ခဲ့သည်။ သင်္ကြန်ဆိုတာ ပျော်ဖို့သက်သက် ရေကစားကြတာမဟုတ်ဘဲ နှစ်သစ်မှာအညစ်အကြေးတွေ ကင်းပါစေ၊ အေချမ်းပါစေဆိုတဲ့ စေတနာတွေ ပေါင်းစပ်ပါဝင်နေကြောင်း နောင်လာနောက်သားတွေ ဆက်လက်နားလည် ထိန်းသိမ်းနိုင်ဖို့ ရှေ့လူတွေကလည်း လက်လှမ်းမီရာ ဖြန့်ဝေကြရမည်။ ခေတ်တွေ စနစ်တွေ တိုးတက်ပြောင်းလဲလာလို့ ခေတ်လူငယ်တွေကလည်း ခေတ်နဲ့လျော်ညီစွာ ပျော်ကြတယ်ဆိုပေမယ့် ကောင်းမွန်တဲ့ ဓလေ့ထုံးတမ်းလေးတွေ၊ ချစ်စရာအလေ့အထလေးတွေကိုတော့ ခေတ်ဆိုတဲ့ စကားလုံးအောက်မှာ မပယ်ဖျက်မိကြစေဖို့တော့ ဂရုပြုကြရဦးမည်။


~~~ လောင်းလိုက်ကြစို့ ခါနွေသင်္ကြန်မီ သာယာစေမည် တို့မြန်ပြည်

      မျိုးဂုဏ်ဆောင်မည် မောင်တွေရယ် မယ်တွေပါဆုချီ

      ကောင်းသောနှစ် မင်္ဂလာခညောင်းမည်  ~~~ 


ဖျော်ဖြေရေးစင်မြင့်ပေါ်က သီချင်းသံက နောက်ဆုံးအကျော့အနေဖြင့် လွင့်ပျံ့လို့ နေပါပြီ။ အခမ်းအနားမှုးကလည်း သင်္ကြန်အတက်နေ့ညရဲ့ နောက်ဆုံးအစီအစဉ်အဖြစ် ဒီသီချင်းပြီးရင် ယိမ်းအဖွဲ့ ဆုရစာရင်းများကို ကြေငြာမှဖြစ်ကြောင်း ပြောကြားနေသလို မကြာခင်အချိန်အတွင်းမှာ နှစ်ဟောင်းကုန်ဆုံးလို့ နှစ်သစ်ကိုကူးပြောင်းတော့မယ့် မြန်မာနိုင်ငံနဲ့အတူ နိုင်ငံသားအပေါင်းအားလည်း နှစ်သစ်ဆုမွန်ကောင်းတောင်းသံတွေကို ကြားနေရပါပြီ။ 


မဟာသင်္ကြန် အတက်နေ့ည၊ နှစ်ဟောင်းရဲ့ နောက်ဆုံးည၊ သင်္ကြန်လှပျိုဖြူလေးများရဲ့ နောက်ဆုံးယိမ်းအကကို ရင်သပ်ရှုမောရင်း နွေဦးရဲ့ စိတ်ထဲမှာလည်း ခုနက သီချင်းလေးလိုပဲ နာရီပိုင်းအတွင်းမှာ ကျရောက်တော့မယ့် မြန်မာနှစ်သစ်ဟာ အစစအရာရာ ကောင်းမွန်သော မင်္ဂလာရှိသော နှစ်တစ်နှစ်ဖြစ်ပါစေကြောင်း ဆုတွေတောင်းနေမိလျက်ပေါ့...။

------

မှတ်ချက်။  ။ဒီစာနှင့်အတူ ၁၉၉၈၊ ၁၉၉၉ နှစ်ကာလများဆီက သင်္ကြန်ရောက်တိုင်း ပို့ဆောင်ရေးဝန်ကြီးဌာန ဖျော်ဖြေရေးမဏ္ဍပ်၊ ရေကစားမဏ္ဍပ်မှာ မိဘအုပ်ထိန်းမှုနဲ့အတူ နေ့တိုင်း ပျော်ခွင့်ပေးတဲ့ ဖေဖေနဲ့မေမေကို ကျေးဇူးတင်ပါတယ်။ စွယ်တော်ရိပ်သင်္ကြန်မှာ ကပြဖျော်ဖြေနေတဲ့ မင်းသမီးလေးရွှေရည်သန်းရဲ့ ဓါတ်ပုံလေးတွေကိုကြည့်ရင်း စဉ်းစားမိသွားတဲ့ ဇာတ်ကြောင်းလေးမို့လို့ ညီမလေးရွှေရည်သန်းကိုလည်း ကျေးဇူးတင်ပါတယ်။ 

လွမ်းသုရင်
၁၇ ဧပြီ ၂၀၁၂
၁၃၇၄ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့


No comments: